သင့်မှာ ဆီးချိုရောဂါ ရှိနေပြီဆိုရင်
√ ရေချိုးပြီးတိုင်း ခြေအစ ခေါင်းအဆုံးကို သေချာစစ်ဆေးပါ။ ရင်ဘတ်အောက်၊ ချိုင်းကြား၊ ပေါင်ကြား၊ ခြေချောင်းကြားတွေကို သေချာကြည့်ပါ။ ခြေထောက်ကို ဂရုစိုက်ပြီး ကြည့်ပါ။ မှန်ကို အသုံးပြုပြီး တစ်ကိုယ်လုံးကို စစ်ဆေးပါ။ ခြစ်ရာ၊ ဒဏ်ရာ၊ အနာတွေ့ရင် ချက်ချင်းကုသမှုခံပါ။ အသားအရေကို အစိုဓာတ်ထိန်းတဲ့ခရင်မျိုး လူးပေးပါ။
√ ဖိနပ်တွေကို တံခါးဘေးမှာထားပါ။ ဒါမှဖိနပ်စီးဖို့မေ့ပြီး အပြင်ထွက်မိတာမျိုး မဖြစ်မှာပါ။ ဖိနပ်ကို မစီးခင်မှာ ခြေထောက်ကို ထိခိုက်ဒဏ်ရာရစေမယ့် အရာမျိုးတွေ ရှိ၊ မရှိ သေချာစစ်ဆေးပါ။ ဥပမာ ချွန်ထက်နေတဲ့ ကျောက်စရစ်ခဲမျိုး၊ အိမ်ထဲမှာနေရင်လည်း ခြေထောက်တွေကို ကာကွယ်ဖို့ လိုပါတယ်။
√ ရုတ်တရက် သွေးထဲက သကြားဓာတ်ကျဆင်းတာမျိုးဖြစ်ခဲ့ရင် အရေးပေါ်သုံးဖို့ glucose ဆေးပြား၊ သကြားလုံးတွေကို အိတ်ထဲအမြဲဆောင်ထားပြီး သွားလေရာယူသွားပါ။ သွေးတွင်းသကြားဓာတ် ၇၀ mg/dl အောက်ကျဆင်းခဲ့ရင် မူးဝေတာ၊ ဗိုက်ဆာတာ၊ လက်တွေ၊ ခြေတွေ တုန်တာမျိုး ဖြစ်တတ်ပါတယ်။ အစားမစားမိတာ၊ ဆီးချိုကျဆေး အများကြီးသောက်မိတာ၊ လေ့ကျင့်ခန်းလုပ်တာ များသွားတဲ့အခါတွေမှာ ကျတတ်ပါတယ်။
√ ဆရာဝန်က သင့်ရဲ့ရောဂါအခြေအနေ၊ ကုသမှုပေါ်မူတည်ပြီး ဆီးချိုစစ်ဆေးရမယ့် ပုံစံအချိန်ကို သတ်မှတ်ပေးတဲ့အတိုင်း မှန်မှန်စစ်ဆေးဖို့ လိုအပ်ပါတယ်။ မနက်နိုးနိုးချင်းဆို ၈၀-၁၃၀ mg/dl ကြား ရှိရမှာဖြစ်ပြီး အစာစားပြီး ၂ နာရီကြာရင် ၁၈၀ mg/dl အောက် လျော့နေသင့်ပါတယ်။
√ လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လုပ်ပြီးတိုင်းမှာလည်း ဆီးချိုပမာဏကို စစ်ဆေးပေးသင့်ပါတယ်။ ဘယ်လောက် တက်တတ်တယ်၊ ကျတယ်ဆိုတာ သိထားရင် ရုတ်တရက် ဆီးချိုကျသွားတာမျိုးကို ကာကွယ်နိုင်ပါတယ်။
√ တကယ်လို့ သင်ဟာ အစာစားချိန် မမှန်တဲ့လူဆိုရင် ဆရာဝန်ကို ပြောပြပါ။ ဒါမှသာ ဆရာဝန်က ခန္ဓာကိုယ်ထဲထိုးပြီး ၅-၁၀ မိနစ်အတွင်း အလုပ်လုပ်တဲ့ insulin တစ်မျိုးကို ပေးပါလိမ့်မယ်။
√ ဆီးချိုမတက်စေတဲ့ အစားအစာတွေကို ရှာဖွေထုတ်ထားပြီး အလွယ်တကူ မြင်နိုင်မယ့်နေရာမှာ ထားပါ။
√ သွေးတွင်းသကြားဓာတ်က ခန္ဓာကိုယ်က ရေကို ဆုံးရှုံးစေတာကြောင့် ရေများများသောက်ပါ။
√ တစ်နေ့ကို မိနစ် ၃၀ လောက် လေ့ကျင့်ခန်းလုပ်ပါ။ မိနစ် ၃၀ စာ အချိန်မရှိဘူးဆို ၁၀ မိနစ်ဆီ ခွဲလုပ်ပေးပါ။ ဆီးချိုရောဂါအတွက်သာမက နှလုံးရောဂါကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
√ ဆီးချိုရောဂါရှိတဲ့လူတွေဟာ ထိခိုက်ဒဏ်ရာ သေးသေးလေးကနေ ရောဂါကြီးကြီးမားမား ဖြစ်သွားနိုင်ချေရှိတာကြောင့် ဒီပစ္စည်းတွေကို အမြဲဆောင်ထားပါ။
● ဒဏ်ရာကိုဆေးကြောဖို့ အရက်ပြန်
● လိမ်းဖို့အတွက် ပိုးသတ်ဆေး
● ဒဏ်ရာကိုအုပ်ဖို့ ပိုးသတ်ထားတဲ့ပတ်တီး
● ပိုဆိုးလာတာမျိုး၊ ထုံတာကျင်တာ၊ အနာတွေ ဖြစ်လာတာမျိုးဆို ဆရာဝန်ဆီ ချက်ချင်းသွားပါ။
Dr. Htar (www.drmyanmar.com)




























