သင့်ရဲ့လျှာမှာ ထင်ဟပ်နေတဲ့ သင့်ကျန်းမာရေး
ကိုယ့်ရဲ့လျှာလေးကနေ ကျန်းမာရေးအခြေအနေတွေ အများကြီးကို ပြောပြနိုင်တယ်နော်။ ဒေါက်တာမြန်မာ ဆေးခန်းလာရင်တော့ လိုအပ်ရင် လျှာလေးထုတ်ပြပါ ပြောရတတ်တယ်။
လျှာက ဖြူဖျော့ဖျော့ ဒါမှမဟုတ် မီးခိုးရောင် သန်းနေပြီး ဖျော့နေတယ်ဆိုရင် ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ခိုအောင်းနေတာကို ပြပါတယ်။ ဒီလျှာကတော့ ခံတွင်း အနံ့ဆိုးထွက်စေတဲ့ လျှာပါပဲ။ သွားမှန်မှန်တိုက်ပြီး ပလုတ်ကျင်းတဲ့ အလေ့အထ လုပ်ပေးရင် သွားတိုက်ရင်း လျှာကို သွားပွတ်တံ အနုစားလေးနဲ့ အသာအယာ ပွတ်တိုက်ပေးရင် သက်သာသွားပါတယ်။
အာနာလျှာနာလို့ခေါ်တဲ့ အပူကန်တယ်လို့ ပြောကြတဲ့ အနာလေးတွေ။ လျှာပေါ်မှာ အရည်ကြည်ဖုလေးတွေ ပေါက်တာပါ။ နာလည်း နာပါတယ်။ အအေးမိတာ ဗိုင်းရပ်စ်ပိုးဝင်တာ၊ စိတ်ဖိစီးမှု တက်လာတာ၊ ကိုယ်ခံအားစနစ် အားနည်းတဲ့အခါ ပေါက်တတ်တာပေါ့။
ဆရာဝန်ပြကြည့်ရင် လိမ်းစရာ ဂျယ်လ်လေးတွေ ပေးလိမ့်မယ်။ ဘာမှမလိမ်းလည်း အချိန်တန် သူ့ဟာသူ ပျောက်သွားမှာပဲ။ ကြီးလာမယ်၊ ပြည်တည်မယ်၊ သိပ်နာလာရင်တော့ ဆက်ပြပေးပေါ့။
လိမေ္မာ်ရည် သောက်ပြီးရင် လျှာမှာ အရောင်စွဲတာမျိုး ရှိတတ်ကြတယ် မဟုတ်လား။ ဆေးလိပ်သောက်တဲ့သူ၊ ဆေးရွက်ကြီး ငုံတဲ့သူကျတော့ ဝါကျင့်ကျင့်၊ ညိုတိုတိုအရောင် စွဲတတ်ပြန်ပါရော။
ဒီတော့ လျှာက ပုံမှန် ဘာအရောင်ရှိလဲပေါ့။ ပန်းရောင် သန်းနေရမယ်။ လျှာက သွေးကြောတွေ များတယ်။ ပန်းရောင်မသန်းဘဲ ဖျော့နေရင် သွေးအား သိပ်နည်းနေတာကို ပြတယ်။ လူကလည်း မောတတ်မယ်။ ညောင်းမယ်။ ရင်တုန်တယ်။ အားပျော့သလို ခံစားနေရတတ်မယ်။ သံဓာတ်ကောင်းတဲ့ အစားအစာ (အသည်း၊ အမဲသား၊ ဟင်းနုနွယ် စသည်) နဲ့ သံဓာတ်အားဆေး တစ်ခုခုသောက်ရင် အိုကေပါတယ်။
လျှာက ဖြူစွတ်စွတ် အရောင်အပြင် အပေါ်မှာ အနာလို ဖြူဖြူအဖတ်တွေ ရှိနေတတ်တာမျိုး ရှိတတ်တယ်။ မှိုစွဲတယ်လို့ ခေါ်တယ်။ ပိုးတစ်မျိုးပေါ့။ ဆရာဝန်နဲ့ပြပြီး သွေးစစ်တာအပြင် သေချာကုသင့်တယ်။ ကိုယ်ခံအားနည်းရင် ဖြစ်တတ်တယ်။
လျှာပေါ်မှာ အဖုအကျိတ်တွေ ပေါ်လာတာကျတော့ အန္တရာယ် နည်းနည်းများတယ်။ ကင်ဆာလို၊ မြစ်ပွားနာလို ဖြစ်နေတတ်ပါတယ်။ လျှာကွဲမယ်၊ အာခြောက်မယ်၊ သွေးထွက်မယ်၊ ဒါတွေပါ ဖြစ်လာရင် ဆရာဝန် အမြန်ဆုံး ပြသကြဖို့ အကြံပြုပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)





























