/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သင့်သင့်မြတ်မြတ်-နေထိုင်ကြတဲ့-မောင်နှမတွေ-ကျန်းမာရေး

သင့်သင့်မြတ်မြတ် နေထိုင်ကြတဲ့ မောင်နှမတွေ ကျန်းမာရေး ပိုကောင်းကြသတဲ့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ညီအစ်ကို၊ မောင်နှမရယ်လို့ ဖြစ်လာရင် အတူနေရ၊ အတူစားရ၊ မိဘအရိပ်က မလွတ်မချင်း တောက်လျှောက် တစ်မိုးအောက်မှာ နေရပါတယ်။ အဲဒီအခါ အဆင်ပြေပြေနဲ့ ပျော်ရွှင်တဲ့ မောင်နှမတွေ ရှိသလို မပြေလည် တကျက်ကျက် မောင်နှမတွေကလည်း ဒုနဲ့ဒေးပါပဲ။

          အမေရိကန်နိုင်ငံ မစ်ဆိုယူရီတက္ကသိုလ်က သုတေသနပညာရှင်တွေရဲ့ အဆိုအရ ကြီးကောင်ဝင်စအရွယ်မှာ သင့်မြတ်ပျော်ရွှင်တဲ့ မောင်နှမဆက်ဆံရေး ရှိကြသူတွေဟာ နောက်ပိုင်းမှာ စိတ်ကျရောဂါတွေ အဖြစ်နည်းသွားတာ တွေ့ရပါတယ်။

          ငယ်ရွယ်စဉ်မှာ အတူနေရတဲ့ မိသားစုတွေ၊ မောင်နှမတွေနဲ့ အလွန်သင့်မြတ်ပြီး ပျော်ရွှင်စွာ ဖြတ်သန်းလာသူ ကြီးပြင်းလာသူကလေးတွေဟာ ကိုယ်ရည်ကိုယ်သွေး ပိုကောင်းကြပါတယ်။

          ဒါပေမဲ့ တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း သင့်မြတ်ဖို့ ရန်မဖြစ်ဖို့ဆိုတာလည်း အမြဲတမ်းအတွက် မျှော်လင့်လို့မရပြန်ပါဘူး။ မိဘနှစ်ပါးက မွေးလာပေမယ့် စိတ်နေစိတ်ထား အခြေခံတွေ ခံယူချက်တွေ မတူညီတဲ့အခါ အတူနေရင်တောင် သင့်မြတ်ဖို့ သိပ်မဖြစ်နိုင်ပါဘူး။

          အနောက်တိုင်းမှာ ကြီးကောင်ဝင်လာပြီ လူငယ်ဘဝ ရောက်လာပြီဆိုရင် တစ်ကိုယ်တည်း လွတ်လပ်စွာ ရွှေ့ပြောင်းနေထိုင်ကြပါတယ်။ ဒီလိုနေထိုင်တာက အတူရှိနေပြီး တကျက်ကျက် ရန်ဖြစ်နေရတာ မပြေလည်တာတွေထက် ပိုကောင်းပါတယ်။

          နောက်ပြီး မောင်နှမအတူနေရင်း ပြဿနာ မကြာခဏတက်တဲ့အခါ နောက်ပိုင်းမှာ ကိုယ်ရည်ကိုယ်သွေး ကျဆင်းလာပြီး အန္တရာယ်ရှိအပြုအမူတွေ ပြုလုပ်တတ်လာတာ တွေ့ရမှာပါ။ ဒါဟာ လူ့စိတ်သဘာဝအရ စိတ်မကြည်လင်တာ ခဏခဏ ရန်ဖြစ်ရတာတွေကြောင့် သည်းခံနိုင်စွမ်း လျော့နည်းလာတာ ဖြစ်ပါတယ်။

          ညီအစ်ကို မောင်နှမချင်း သင့်မြတ်ပြီး သာသာယာယာ ညီညီညွတ်ညွတ်ဖြတ်သန်းနိုင်တဲ့ မိသားစုတွေဆိုတာ ရှိတော့ရှိတယ် ရှားတယ်လို့ပဲ ပြောရမှာပေါ့။ ဒါကြောင့် သင့်မြတ်ရင် ကောင်းတယ်။ မသင့်မြတ်ဘဲ တကျက်ကျက် ဖြစ်နေရင်လည်း အနောက်တိုင်းစတိုင် သီးခြားခွဲနေလိုက်တာက စိတ်ကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါတယ်လို့ စိတ်ပညာရှင်တွေက အကြံပေးထားပါတယ်။

          မောင်နှမချင်း ပျော်ရွှင် ညီညွတ်လေ ချစ်ခင်ကြလေ ဘဝဟာ သာယာလေပါပဲ။ ညီအစ်ကို မောင်နှမတွေ ညီညွတ်ကြတာ၊ ချစ်ကြတာကို မြင်ရတဲ့မိဘတွေအတွက်လည်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာလို့ အသက်ရှည်စေမှာ ဖြစ်ပါတယ်။

          မိသားစုကို တန်ဖိုးထားတာ ကြီးစဉ်ငယ်လိုက် လေးစားတာ သည်းခံတာ၊ စည်းလုံးတာ၊ အပြန်အလှန် ကူညီကြတာတွေဟာ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးကို အများကြီး တိုးတက်ကောင်းမွန်စေပြီး အောင်မြင်ပျော်ရွှင်တဲ့ လူငယ်တွေအဖြစ် ရပ်တည်နိုင်ကြမှာ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)