/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သည်းခြေအိတ်ခွဲစိတ်ဖယ်ရှားပြီးနောက်-လိုက်နာရမည့်အချက်များ

သည်းခြေအိတ်ခွဲစိတ်ဖယ်ရှားပြီးနောက် လိုက်နာရမည့်အချက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         အသည်းရဲ့အောက်ခြေမှာရှိတဲ့ သစ်တော်သီးပုံသည်းခြေအိတ်လေးက လူတွေအတွက် အသက်ရှင်ဖို့ မရှိမဖြစ်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ပေမယ့် သူက အဆီပါဝင်တဲ့အစားအစာတွေကို ချေဖျက်ဖို့ အထောက်အကူပြုပါတယ်။ အသည်းကထုတ်လုပ်လိုက်တဲ့ သည်းခြေရည်တွေကို သည်းခြေအိတ်က သိုလှောင်ပေးထားခြင်း၊ ပြင်းအားထိန်းပေးထားခြင်း၊ စစ်ထုတ်ပေးခြင်းတွေ ပြုလုပ်ပေးပါတယ်။

        သည်းခြေအိတ်ကို ခွဲစိတ်ဖယ်ရှားပြီးနောက်ပိုင်းမှာလည်း အသည်းကတော့ ပုံမှန်အတိုင်း သည်းခြေရည်တွေထုတ်ပေးနေဦးမှာပါပဲ။ ဒါပေမယ့် သည်းခြေရည်တွေကို သိမ်းထားပေးမယ့်အရာ မရှိတော့တဲ့အတွက် အဆီပါဝင်တဲ့အစားအစာတွေကို ချေဖျက်ရာမှာ အခက်အခဲတွေ့စေပါတယ်။ သည်းခြေအိတ်ခွဲထုတ်ထားတဲ့သူတွေရဲ့ တစ်ဝက်လောက်က အဆီတွေကိုချေဖျက်တဲ့နေရာမှာ ပြဿနာတွေ ကြုံတွေ့ရပါတယ်။

        ဒါကြောင့် သည်းခြေအိတ်ကို ခွဲစိတ်ဖယ်ရှားပြီးနောက် အဆင်ပြေစေဖို့ လိုက်နာရမယ့် အချက် 5 ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

1. အစားအစာတွေကို ဖြည်းဖြည်းချင်းပြန်စားပါ။

        ခွဲစိတ်ပြီး ရက်အနည်းငယ်ကြာအထိ အရည်၊ စွပ်ပြုတ်ကျဲကျဲ စတာတွေကိုပဲစားသုံးပါ။ ပြီးမှ အဖတ်တွေကို ဖြည်းဖြည်းချင်းပြန်စားပါ။

2. အဆီနည်းတဲ့အစားအစာတွေကိုစားပါ။ တစ်ခါစားရင် နည်းနည်းစီပဲစားပါ။

        ဆီကြော်စာတွေ၊ အဆီများတဲ့အစားအစာတွေ၊ အနံ့ပြင်းတဲ့အစားအစာတွေနဲ့ လေတက်စာတွေ ကို ရှောင်ပါ။ အစာကို နည်းနည်းနဲ့ ခဏခဏစားပေးပါ။ အတိအကျပြောရရင် နေ့စဉ်အစားအစာထဲမှာ အဆီပါဝင်မှု 30% ထက်ပိုပြီးမစားရပါဘူး။

3. အဆီများတဲ့အစားအစာတွေကို ရှောင်ကြဉ်ပါ။

        သည်းခြေအိတ်ဖယ်ထုတ်ပြီးနောက် အစားမှားရင် ဗိုက်အောင့်၊ လေတက်၊ ဗိုက်ကယ်၊ ဝမ်းပျက်ဝမ်းလျှော စတာတွေကို ခံစားရနိုင်ပါတယ်။ ဒါတွေမဖြစ်စေဖို့ဆိုရင် ရှောင်သင့်တဲ့အစားအစာတွေကတော့ -

- အာလူးကြော်

- ဝက်အူချောင်းကဲ့သို့သော အဆီများသောအစားအစာများ

- အဆီပါဝင်မှုများသော နို့နှင့်နို့ထွက်ပစ္စည်းများ (ဒိန်ခဲ၊ ရေခဲမုန့်၊ မလိုင်ပြည့်နို့)

- ပီဇာ

- ထောပတ်

- စွပ်ပြုတ်အပြစ်များ

- ချောကလက်

- အုန်းဆီ၊ စားအုန်းဆီကဲ့သို့သော ဆီများ

- ကြက်၊ ကြက်ဆင် အရေခွံ

- စပ်သောအစားအစာများ

4. အမျှင်ဓာတ်များတဲ့အစားအစာတွေကိုလည်း ချက်ချင်းမစားပါနဲ့ဦး။ ဖြည်းဖြည်းချင်းပြန်စားပေးပါ။

        ဒီအစားအစာတွေကတော့-

- ပေါင်မုန့်ကြမ်း

- အခွံမာသီးများ

- ပဲအမျိုးမျိုး

- အစေ့အဆန်များ

- မုန်လာမျိုးနွယ်များ

- ပန်းဂေါ်ဖီ

- ဂေါ်ဖီထုတ်

- ကောက်ပဲသီးနှံများ

5. သတိထားရမယ့်လက္ခဏာတွေကို သိအောင်လုပ်ပါ။

        အများစုကတော့ ခွဲစိတ်ပြီး တစ်လလောက်ကြာရင် အစားအစာတွေကို ပုံမှန်အတိုင်းပြန်စားနိုင်ပါပြီ။ ဒါပေမဲ့ ဒီလိုလက္ခဏာတွေခံစားရရင်တော့ ဆရာဝန်နဲ့ပြန်ပြဖို့လိုပါတယ်။

- ဗိုက်အောင့်မပျောက်ခြင်း၊ ပိုဆိုးလာခြင်း၊ ပြင်းထန်စွာ ဗိုက်အောင့်ခြင်း

- ပြင်းထန်စွာပျို့အန်ခြင်း

- အသားဝါခြင်း

- ခွဲစိတ်ပြီး 3 ရက်ကျော်ကြာသည်အထိ လေမလည်ခြင်း၊ ဝမ်းမသွားခြင်း

- ခွဲစိတ်ပြီး 3 ရက်ကျော်ကြာသည်အထိ ဝမ်းပျက်နေခြင်း

Dr. Mya Myo Myo Swe

www.drmyanmar.com