သတိထားစရာ အသည်းရောင် အသားဝါရောဂါ
အသည်းဟာ ကိုယ်ခန္ဓာမှာ အကြီးဆုံးအင်္ဂါတစ်ခု ဖြစ်သလို မရှိမဖြစ် အရေးပါအရာရောက်တဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ အသည်းဟာ -
● အစာချေရာမှာ အရေးပါတဲ့ သည်းခြေရည်ကို ထုတ်လုပ်ပေးပါတယ်။
● ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အသားဓာတ်နဲ့ သွေးခဲပစ္စည်းတွေ ထုတ်လုပ်ပေးပါတယ်။
● သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အချိုဓာတ်ကို စုဆောင်းပေးထားပါတယ်။
● အစာအိမ်နဲ့အူကို လက်တွဲပြီး အစာချေဖျက်ပေးပါတယ်။
● ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို သိမ်းဆည်းပေးပါတယ်။
● သွေးထဲကနေ အရက်အပါအဝင် အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။
အသည်း ရောင်လာတဲ့အခါ ပုံမှန်အလုပ် မလုပ်နိုင်တော့ဘဲ ကြာလာရင် အသည်းခြောက်ရောဂါနဲ့ အသည်းကင်ဆာရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။ အသည်းရောင်စေတဲ့အဓိက အကြောင်းရင်းကတော့ ဗိုင်းရပ်စ်ပိုးပဲ ဖြစ်ပါတယ်။ ဆေးတွေ၊ အရက်တွေကလည်း အသည်း ရောင်စေနိုင်ပါတယ်။ တစ်ခါတလေ ခုခံအားစနစ် ကမောက်ကမဖြစ်ပြီး ပုံမှန်အသည်းဆဲလ်တွေကို မှားယွင်းတိုက်ခိုက်နိုင်ပါသေးတယ်။ ဒီလိုအသည်းရောင်ခြင်းဟာ ရံဖန်ရံခါ သူ့အလိုလို ပျောက်သွားတတ်သလို မပျောက်သူတွေမှာ ဆေးတွေနဲ့ ကုသရပါမယ်။ တစ်ခါတလေ တစ်သက်လုံးလည်း အသည်း ရောင်နေတတ်ပါတယ်။
>> လတ်တလော အသည်းရောင်ခြင်းနဲ့ နာတာရှည် အသည်းရောင်ခြင်း
လတ်တလော အသညး်ရောင်ခြင်းဟာ အပျော့စားဖြစ်နိုင်သလို အပြင်းစားလည်း ဖြစ်နိုင်ပါတယ်။ အသည်းရောင် အသားဝါပိုး A နဲ့ E ဟာ နာတာရှည် အသည်းရောင်ခြင်းကို မဖြစ်စေနိုင်ပါဘူး။ အသည်းရောင် အသားဝါပိုး B, C, D ကတော့ လတ်တလော အသည်းရောင်ခြင်းရော၊ နာတာရှည် အသည်းရောင်ခြင်းပါ ဖြစ်စေနိုင်ပါတယ်။ နာတာရှည် အသည်းရောင် အသားဝါ B နဲ့ C ကိုတော့ အထူးကြောက်ရပါတယ်။
>> အသည်းရောင် အသားဝါရောဂါ အမျိုးအစားများ
အသည်းရောင် အသားဝါ ဗိုင်းရပ်စ်ပိုး (၅) မျိုး ရှိပါတယ်။
● အသည်းရောင် အသားဝါ A ပိုး
လူ့အညစ်အကြေးနဲ့ ထိတွေ့မိတဲ့ အစားအသောက်တွေကတစ်ဆင့် အသည်းရောင် အသားဝါ A ပိုး ကူးစက်တတ်ပြီး အရမ်းကြီး စိုးရိမ်စရာမလိုပါဘူး။
● အသည်းရောင် အသားဝါ B ပိုး
အသည်းရောင် အသားဝါ B ပိုးဟာ အမေကနေ ကလေးကို မွေးနေစဉ် သို့မဟုတ် မွေးပြီးနောက်ပိုင်း ကူးနိုင်သလို လိင်ဆက်ဆံရာမှတစ်ဆင့်၊ သွေးမှတစ်ဆင့်၊ မသန့်တဲ့အပ်တွေကတစ်ဆင့် ကူးစက်နိုင်ပါတယ်။ အသည်းခြောက်ရောဂါနဲ့ အသည်းကင်ဆာတွေအထိ ဖြစ်နိုင်ပါတယ်။
● အသည်းရောင် အသားဝါ C ပိုး
အဖြစ်များဆုံး အသည်းရောင် အသားဝါ ရောဂါတစ်မျိုးဖြစ်ပြီး သွေးတွေ၊ အပ်တွေကနေ ကူးစက်နိုင်ပေမယ့် အကြောင်းရင်းကို သေချာအတိအကျ မသိရှိရသေးပါဘူး။ C ပိုးဟာ အသည်းလည်း ခြောက်စေနိုင်ပါတယ်။ ခုခံအားကျ ကူးစက်ရောဂါ HIV ရောဂါပိုးရှိသူတွေရဲ့ ၂၅% ခန့်နဲ့ ဆေးသမား HIV ရောဂါသည်တွေရဲ့ ၉၀% ခန့်မှာ အသည်းရောင်အသားဝါCပိုးကို တွေ့ရတတ်ပြီး HIV နဲ့ တွဲတဲ့အခါ ပိုဆိုးနိုင်ပါတယ်။
● အသည်းရောင် အသားဝါ D ပိုး
အသည်းရောင် အသားဝါ B ပိုးရှိသူ ဆေးသမားတွေမှာ တွဲဖက်တွေ့ရှိရပါတယ်။ D ပိုးဟာ B ပိုးရှိမှ ကူးစက်နိုင်ပြီး B ပိုးလိုပဲ ကူးစက်တတ်ပါတယ်။ B ပိုး ရှိသူတွေမှာ D ပိုး တွဲဖြစ်ပါက ရောဂါပိုပြီးပြင်းထန်တတ်ပါတယ်။
● အသည်းရောင်အသားဝါ E ပိုး
A ပိုးလိုပဲ E ပိုးဟာ သန့်ရှင်းမှု နည်းပါးတဲ့နိုင်ငံတွေမှာ ပိုဖြစ်တတ်ပါတယ်။
>> အကျဉ်းချုပ်
အသည်းရောင်လာတဲ့အခါ အသည်းကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။ ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များပါတယ်။ အသည်းရောင် အသားဝါ (၅) မျိုးရှိပြီး A နဲ့ E ဟာ မသန့်ရှင်းတဲ့ အစားအသောက်၊ ရေ၊ အညစ်အကြေးတွေကနေတစ်ဆင့် ကူးစက်ကာ B, C, D ပိုးတွေဟာ သွေးတွေ၊ ကိုယ်တွင်း အရည်တွေကနေတစ်ဆင့် ကူးစက်တတ်ပါတယ်။
အသည်းရောင် အသားဝါ A နဲ့ B ကို ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်ပေမယ့် အသည်းရောင် အသားဝါ C, D, E ရောဂါတွေမှာတော့ ကာကွယ်ဆေး မရှိသေးပါဘူး။ ဒါ့အပြင် B, C, D ပိုးတွေဟာ အသည်းခြောက်ခြင်းနဲ့ ကင်ဆာရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























