သတိမူစရာ အူမကြီးကင်ဆာ
အူမကြီးကင်ဆာဟာ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းတွေမှာ အလွန်အဖြစ်များတဲ့ ရောဂါတစ်ခု ဖြစ်လို့လာပါတယ်။ ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတယ် ဆိုတာကိုတော့ လက်ခံသဘောပေါက်ကြမှာပါ။ ဒါကြောင့် ရင်သားကို ကိုယ့်ကိုယ်ကို ပုံမှန်စစ်ဆေးသလို၊ မှည့်ကို အမြဲတမ်း သတိပြုစောင့်ကြည့်သလို၊ ဝမ်းနဲ့ ပတ်သက်လို့လည်း အမြဲဆင်ခြင် စောင့်ကြည့်သင့်ပါပြီ။
ကံကောင်းထောက်မတဲ့ အချက်ကတော့ အူမကြီးကင်ဆာဟာ ကာကွယ်နိုင်တဲ့ ကင်ဆာအမျိုးအစားထဲမှာ ပါတာကြောင့် အောက်မှာဖော်ပြသွားမယ့် လက္ခဏာရပ်တွေကို အစဉ်မပြတ် သတိမူသင့်ပါတယ်။ အထူးသဖြင့် မိသားစုမျိုးရိုးရှိသူတွေမှာ ပိုသတိထားရပါမယ်။ လက္ခဏာရပ်တွေ တွေ့တဲ့အခါ ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး ဆရာဝန်က လိုအပ်တယ်ထင်ရင် အူမှန်ပြောင်း ရိုက်တာမျိုးတွေ ပြုလုပ်စေပါလိမ့်မယ်။
● ဝမ်းသွားပြီးနောက် သွေးအနီရဲရဲတွေ တွေ့ရတာဟာ လိပ်ခေါင်းတွေ၊ ဂရင်ဂျီနာတွေကြောင့်လည်း ဖြစ်နိုင်ပေမယ့် သွေးထွက်များတာမျိုးဖြစ်စေ၊ အနီပုပ်ပုပ်၊ မရမ်းရောင်လိုမျိုးတွေ ထွက်လာခဲ့ရင်ဖြစ်စေ အူမကြီးကနေ ထွက်လာတာ ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
● လူတိုင်းလူတိုင်းဟာ တစ်ခါတစ်ရံ ဝမ်းချုပ်တတ်လေ့ရှိပေမယ့် ဝမ်းအကြာကြီး ချုပ်နေတာမျိုးဖြစ်လာရင် သတိထားရပါမယ်။ အူအစလောက်မှာ ဝမ်းပျော့သေးတာကြောင့် တော်ရုံ အဖုအထစ် အကြိတ်တွေကို အလွယ်တကူ ဖြတ်ကျော်နိုင်ပေမယ့် အူမကြီးအောက်ပိုင်းကို ရောက်လာလေလေ ပိုကျစ် ပိုမာလာလေလေ ဖြစ်တာကြောင့် အူမကြီးအဆုံးပိုင်းမှာ အကြိတ်ရှိနေခဲ့ရင် မကျော်ဖြတ်နိုင်ဘဲ တစ်ဆို့နေတတ်ပါတယ်။ ဒါတင်မကပဲ ရက်အတော်ကြာ ဝမ်းလျောနေတဲ့အခါမှာလည်း သတိမူသင့်ပါတယ်။
● ဗိုက်ရစ်ရစ်နာတာဟာ လေထတာ ဖြစ်နိုင်သလို ဒီထက်ဆိုးတဲ့ အူမကြီးကင်ဆာလိုမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဝမ်းသွားချင်သလိုဖြစ်ပြီး တကယ်တမ်း ထိုင်ကြည့်တဲ့ခါ မသွားနိုင်ရင်လည်း ဆရာဝန်ကို မေးမြန်းပြသကြည့်ဖို့ တိုက်တွန်းလိုပါတယ်။
● အူမကြီးမှာ တစ်စုံတစ်ခု ပိတ်စို့နေတဲ့အခါ ပိတ်နေတဲ့နေရာကို တိုးထွက်လာရတဲ့ ဝမ်းတွေဟာ သေးသေးမျှင်မျှင်လေးတွေ ဖြစ်နေတတ်ပါတယ်။ ဒီလိုအခါမျိုးမှာလည်း ဆရာဝန်ကို ပြသသင့်ပါတယ်။ အခြားအကြောင်း တစ်စုံတစ်ရာကြောင့်လည်း ဖြစ်နိုင်ပေမယ့် သတိဟူသည် ပိုသည်မရှိတာကြောင့် လုံခြုံစိတ်ချရလေအောင် မသင်္ကာဖွယ်ရာ လက္ခဏာတစ်ခုခုတွေ့တိုင်း ဆရာဝန်နဲ့ ပြသတာက အကောင်းဆုံး ဖြစ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























