သဘာဝနဲ့ နီးစပ်အောင် နေထိုင်ပါ
အခုနောက်ပိုင်း လေ့လာတွေ့ရှိချက်တွေအရ ၁ ပတ်ကို ၂ နာရီလောက် သဘာဝနဲ့နီးစပ်တဲ့နေရာတွေမှာ သွားလာလှုပ်ရှားတာက စိတ်ကျန်းမာရေးရော၊ ကိုယ်ကျန်းမာရေးကိုပါ ကောင်းစေတယ်လို့ ဆိုပါတယ်။ ပန်းခြံထဲမှာ ပုံမှန်လမ်းလျှောက်ထွက်တာပဲဖြစ်ဖြစ်၊ တစ်ပတ်ကို တစ်ခါလောက် တောင်တက်တာမျိုးပဲဖြစ်ဖြစ် ၁ ပတ်အတွင်း စုစုပေါင်း မိနစ် ၁၂၀ ပြည့်ရင် အဆင်ပြေပါတယ်။
သဘာဝနဲ့ နီးစပ်အောင်နေရင် ကိုယ်လက်လှုပ်ရှားမှုတွေပါ မလွှဲမသွေပါလာရတယ် မဟုတ်လား။ ဒီထက်ပိုတာကတော့ ရိုးရိုး gym မှာ အားကစားလုပ်တာထက် ဒီလိုနေရာတွေမှာဆိုရင် စိတ်ပိုင်းဆိုင်ရာအရ ပိုပြီးအကျိုးရှိစေပါတယ်။
၁၉၈၀ လောက်ကစပြီး ဂျပန်ပြည်မှာ forest bathing လိုခေါ်တဲ့ သဘာဝကုထုံးတွေ ခေတ်စားလာပါတယ်။ လူတွေက စိတ်ဖိစီးမှုတွေမရှိ၊ ပိုပြီးပျော်ရွှင်လာကြပြီး ကိုယ့်ဘဝကို အမြင်သစ်တွေနဲ့ မြင်လာကြတယ်လို့ ဆိုပါတယ်။
>> သဘာဝက ဘာကြောင့် ဒီလောက် စိတ်ကို အေးချမ်းစေတာလဲ?
လူတွေဟာ ဟိုးအရင် မတိုးတက်ခင်က သဘာဝတရား တောအုပ်တွေထဲမှာ နေခဲ့ရတယ် မဟုတ်လား။ နောက်ပိုင်း မျိုးဆက်တွေ ပြောင်းလာ၊ တိုးတက်လာကြပေမယ့် တောအုပ်ဟာ ကိုယ့်အိမ်ဆိုတဲ့ အသိကတော့ ဟိုးစိတ်ရဲ့နက်ရှိုင်းတဲ့နေရာမှာ အမြစ်တွယ်ပြီး နေတာကြောင့်ပါတဲ့။
စိတ်တွေ၊ အာရုံကြောတွေ အကုန်ပြေလျော့ပြီး လူတွေဟာ အစက ပြန်စလိုက်သလို ကျန်းမာလာကြ၊ ပိုပြီးပျော်ရွှင်လာနိုင်ကြတာကို တွေ့ရပါတယ်။ ဖုန်းတွေ၊ လျှပ်စစ်ပစ္စည်းတွေနဲ့ ကင်းဝေးနေတာကလည်း တစ်ကြောင်း ဖြစ်နိုင်ပါတယ်။ တခြားမလိုအပ်တဲ့သတင်းတွေ၊ ကိစ္စတွေကို စိတ်ဝင်စားနေစရာမလိုဘဲ ပစ္စုပ္ပန်မှာပဲ နေထိုင်နေ၊ ကိုယ်အခု ဖြစ်နေတဲ့၊ ကြုံနေတဲ့အရာကိုပဲ စိတ်ထဲမှာ ရှိနေတာလည်း တစ်ကြောင်းပါ။
ခန္ဓာကိုယ်က ကိုယ်ဘာကိုယ် ပြန်ပြီးကုသနိုင်စွမ်းကောင်းပါတယ်။ အထူးသဖြင့် ဒီလိုအခြေအနေတွေမှာပေါ့။
သိပ္ပံပညာအရလည်း ဒီလိုသဘာဝကို ပြန်သွားတာက ဦးနှောက်ရဲ့စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်တာကို သက်သေပြနိုင်ပါတယ်။
ကိုယ်တွေ အခုနေနေတဲ့ နေ့စဉ်ဘဝကြီးဟာ ဖုန်းကို အိပ်ရာဘေးထားအိပ်၊ social media ကို အချိန်ပြည့်သုံးပြီး အမြဲတမ်း ရုမ်းကန်လှုပ်ရှားနေရတယ် မဟုတ်လား။ ဒီအခါမှာ ဦးနှောက်ကို အချိန်ပြည့် အလုပ်ပေးနေရတဲ့အတွက် ဦးနှောက်က ပင်ပန်းပြီး ခြေကုန်လက်ပန်း ကျလာပါတယ်။
သဘာဝတရားထဲ ရောက်သွားရင်တော့ ဦးနှောက်က ပြဿနာတွေကို မတွေးနေတော့ဘူး၊ အလုပ်လည်း သိပ်မလုပ်တော့ဘဲ အနားရလာမယ်။ အာရုံတွေလည်း ပိုပြီး စုစည်းလို့ ရလာနိုင်ပါတယ်။
ကိုယ်က ခပ်ဝေးဝေး မသွားနိုင်လို့ အိမ်ပြင်မှာ အပင်စိုက်တာမျိုး၊ ပန်းခြံထဲသွားပြီး လမ်းလျှောက်၊ ဒီတိုင်းထိုင်ရင်တောင် အကျိုးရှိတာကို တွေ့ရပါတယ်။
လမ်းပြတစ်ယောက်ပါမယ်။ တောထဲမှာ သွားရ၊ လာရလွယ်တဲ့ လမ်းကြောင်းကို ရွေးပေးမယ်။ ပြေးတာ တောင်တက်တာတွေ မပါဘဲ လမ်းပဲလျှောက်ကြတာပါ။ အုပ်စုလိုက်ပေါ့။ ၃ နာရီလောက် ကြာနိုင်ပါတယ်။ လမ်းပြက ပတ်ဝန်းကျင်အကြောင်းလေးတွေ ပြောပြမယ်။ စမ်းချောင်းစီးသံလေး ကြားလားတို့၊ ငှက်သံ နားထောင်ကြည့်ပါတို့ပေါ့။
ဒီလို လုပ်ပေးတာက လူတွေကို တကယ် စိတ်လက်ပေါ့ပါးစေနိုင်ပါတယ်တဲ့။
Dr. Htar (www.drmyanmar.com)




























