သာမန်အအေးမိဖျားနာတာထက်ပိုဆိုးသော လက္ခဏာ (၁၁)ချက်
သာမန်အအေးမိတာပဲလား၊ ဒီထက်ပိုလား?
နေမကောင်းတဲ့အခါမှာ သာမန်အအေးမိတာပဲလား ဒါမှမဟုတ်ဆေးကုသမှုသေချာခံယူဖို့လိုတဲ့ တခြားအခြေအနေတစ်ခုခုပဲလားဆိုတာကို ခွဲခြားသိဖို့အရေးကြီးပါတယ်။ ကိုယ်ခံစားနေရတာက အအေးမိတာထက်ပိုတယ်လို့ထင်ရင် စိတ်ချရဖို့အတွက် ဆေးခန်းသွားပြလိုက်ပါ။ ပန်းနာရင်ကြပ်၊ ပြင်းထန်တဲ့ဓာတ်မတည့်ရောဂါရှိသူတွေ၊ ဆီးချို၊ ကျောက်ကပ်၊ HIV၊ ကိုယ့်ခုခံအားကိုကိုယ်ပြန်တိုက်သောရောဂါ စတဲ့ နာတာ၇ှည်ရောဂါရှိသူတွေမှာဆိုရင် ပိုပြီးဂရုစိုက်ဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက် ၆ နှစ်အောက်ကလေးတွေ၊ အသက် ၆၅ နှစ်အထက်အဖိုးအဖွားတွေမှာဆိုရင်လည်း သာမန်အအေးမိတာကနေပြီး ပိုဆိုးသွားနိုင်တဲ့အတွက် ဆရာဝန်နဲ့သေချာပြသပြီး ကုသမှုခံယူဖို့လိုပါတယ်။
အအေးမိတာထက်ပိုဆိုးနေပြီဆိုတာကိုပြသတဲ့ ရောဂါလက္ခဏာလေးတွေကို သိထားဖို့ ဖော်ပြပေးလိုက်ပါတယ်။
• ရောဂါလက္ခဏာတွေက ၄ ရက်ထက်ပိုကြာနေတယ်
သာမန်အအေးမိဖျားနာခြင်းက ၃-၄ ရက်အတွင်းမှာ သူ့အလိုလိုပြန်ကောင်းသွားလေ့ရှိပါတယ်။ ဒါက လည်ချောင်းယားယံခြငး်၊ နှာရည်ယို၊ နှာပိတ်ခြင်းစတာတွေနဲ့စပြီး ချောင်းဆိုးပါလိုက်လာတတ်ပါတယ်။ ၄ ရက်ကြာပြီးရင် ချောင်းဆိုးတာနဲ့ လည်ချောင်းပြသနာတွေက ကျန်နေသေးနိုင်ပေမယ့် အခြားလက္ခဏာတွေကတော့ ပျောက်ကင်းသွားသင့်ပါပြီၤ။
သာမာန်အအေးမိရုံပဲဆိုရင် အနားယူလိုက်ပြီး ရေဓာတ်ပြည့်ဝအောင်နေပါက ရက်အနည်းငယ်ကြာတာနဲ့ လုံးဝပျောက်ကင်းသွားလေ့ရှိပါတယ်။ တကယ်လို့ ရောဂါလက္ခဏာတွေပျောက်ကင်းသွားခြင်းမရှိဘဲ ဆက်ရှိနေတယ်ဆိုရင် တုပ်ကွေးစတဲ့ အအေးမိတာထက်ပိုဆိုးတဲ့အခြေအနေတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။ ဒီတော့စိတ်ချရဖို့အတွက် ဆရာဝန်နဲ့ သေချာသွားပြလိုက်ပါ။
• ရောဂါလက္ခဏာတွေကပျောက်သလိုဖြစ်သွားပြီးမှ ပြန်ဖြစ်လာတယ်
နေမကောင်းနေရာကနေပြီး ပြန်နလန်ထလာပြီလို့ထင်ပေမယ့် ဘာမှမကြာသေးဘဲ ရောဂါလက္ခဏာတွေကိုပြန်ခံစားရတယ်ဆိုရင် ရောဂါပြန်ဖြစ်တာ (သို့) ရောဂါပိုးထပ်ဝင်တာဖြစ်နိုင်ပါတယ်။ ပထမတော့ အအေးမိတာကနေစဖြစ်ပေမယ့်လည်း ခုခံအားစနစ်အားနည်းတဲ့အခါမှာ strep ဆိုတဲ့ပိုးကြောင့် လည်ချောင်းနာခြင်း၊ အဆုတ်ရောင်ခြင်း စတဲ့ ပိုဆိုးတဲ့အခြေအနေတစ်ခုခုဖြစ်လာတာပါ။ ဒီတော့ ပိုးသတ်ဆေးသောက်ဖို့လိုမလိုဆိုတဲ့ ကုထုံးကိုသေချာစေဖို့အတွက် ဆရာဝန်နဲ့သွားပြပါ။
• မကြာသေးခင်ကမှ ခရီးဝေးကပြန်လာတယ်
မကြာသေးခင်ကမှ နိုင်ငံတကာခရီးစဉ်ကပြန်လာတာကလည်း ပုံမှန်ဖြစ်လေ့ရှိတဲ့ရောဂါတစ်ခုခုထက်ပိုနိုင်တဲ့အတွက် သတိထားရမယ့် လက္ခဏာပဲဖြစ်ပါတယ်။ ဒီတော့ နိုင်ငံရပ်ခြားခရိးသွားရာကနေပြန်လာပြီး မကြာခင်မှာ နေမကောင်းဖြစ်တယ်ဆိုရင် ဆရာဝန်သေချာသွားပြပါ။
• ကိုယ်ပူကြီးခြင်း
အအေးမိတာနဲ့အတူ ကိုယ်ပါပူလာနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ပူကြီးတာတော့ဖြစ်လေ့မရှိပါဘူး။ အပူချိန် 101’F နဲ့အထက်ရှိတယ်ဆိုရင် ဒါက strep ဆိုတဲ့ရောဂါပိုးဝင်ခြင်းဖြစ်နိုင်ပါတယ်။ Strep ဘက်တီးရီးယားပိုးဝင်ပါက နေမကောင်းဖြစ်တဲ့ ပထမရက်အနည်းငယ်အတွင်းမှာပဲ ကိုယ်ပူကြီးလာနိုင်တဲ့အတွက် ရုတ်တရက်ကိုယ်အရမ်းပူလာတယ်ဆိုရင် ဆရာဝန်သွားပြပါ။ ဒါကို ဆေးကုသမှုမခံယူပါက နှလုံးလေးဖက်နာဖြစ်ပြီး နှလုံးကိုထိခိုက်စေနိုင်ပါတယ်။
• ရက်အတော်ကြာအောင် အဖျားငွေ့ငွေ့ရှိနေခြင်း
ကိုယ်ပူအရမ်းမကြီးပဲ ငွေ့ငွေ့နဲ့ ရက်အတော်ကြာအောင်ဆက်တိုက်ဖျားနေပြီဆိုရင်လည်း ဒါက အအေးမိတာထက်ပိုတဲ့အခြေအနေတစ်ခုကို ခန္ဓာကိုယ်ကတိုက်ဖျက်နေရတဲ့လက္ခဏာပါ။ ဆက်တိုက်ကိုယ်ပူနေရင် ဆရာဝန်နဲ့သေချာသွားပြပါ။
• အစာအိမ်ပြသနာတွေကိုပါ ခံစားရတယ်။
ပျို့ခြင်း၊ အန်ခြင်းနဲ့ ဝမ်းလျှောခြင်းတွေက ပုံမှန်အားဖြင့်တော့ အအေးမိတာနဲ့တွဲဖြစ်လေ့မရှိတဲ့အတွက် ဒီလက္ခဏာတွေခံစားရခြင်းက တုပ်ကွေးကဲ့သို့သော အအေးမိတာထက်ပိုဆိုးတဲ့အခြေအနေတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေကို ဆက်တိုက်ခံစားနေရပါက ရေဓာတ်ခမ်းခြောက်စေနိုင်တဲ့အတွက် ဆေးကုသမှုခံယူဖို့အရေးကြီးပါတယ်။
• ပြင်းထန်စွာခေါင်းကိုက်ခြင်း
ပြင်းထန်စွာခေါငး်ကိုက်တာကို ဆရာဝန်တွေကစိုးရိမ်ကြပါတယ်။ အထူးသဖြင့် ခေါင်းကိုက်တာနဲ့အတူ ကိုယ်ပူခြင်းနဲ့ လည်ပင်းတောင့်တင်းခြင်းတွေတွဲဖြစ်ပါက ဦးနှောက်အမြှေးပါးရောင်ရမ်းခြင်းရဲ့လက္ခဏာဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ခေါငိးကိုတစ်ခုခုဖိထားသလိုကိုက်တာ၊ မျက်လုံးနဲနှာခေါင်းတစ်ဝိုက်မှာပိုကိုက်ခြင်းတွေက ဦးခေါင်းခွံထဲကအခေါင်းတစ်ခုထဲကို ရောဂါပိုးဝင်ရောက်တဲ့လက္ခဏာဖြစ်နိုင်ပါတယ်။ ဒီရောဂါမှာဆိုရင် ခေါင်းရှေ့ကိုငုံ့လိုက်ရင် ခေါင်းကိုက်တာပိုဆိုးနိုင်ပါတယ်။
• ရင်ပတ်အောင့်ခြင်း (သို့) အသက်ရှူရခက်ခဲခြင်း
ချောင်းဆိုးခြင်းက အအေးမိခြင်းမှာဖြစ်လေ့ဖြစ်ထရှိတဲ့လက္ခဏာဖြစ်ပေမယ့်လည်း ဒါက အသက်ရှူမြန်ခြင်း၊ အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း၊ ရင်ဘတ်အောင့်ခြင်းစတာတွေဖြစ်စေတဲ့အထိတော့ မပြင်းထန်သင့်ပါဘူး။ အသက်ရှူပြသနာတွေက လေပြွန်ရောင်ခြင်း (သို့) အဆုတ်ရောင်ခြင်းရဲ့လက္ခဏာတွေဖြစ်ပြီး ရင်ဘတ်အောင့်ခြင်းနဲ့အသက်ရှူမြန်ခြင်းတွေက အဆုတ်ထဲမှာ သွေးခဲပိတ်တဲ့လက္ခဏာတွေဖြစ်နို်ငတဲ့အတွက် ဒါတွေကိုလုံးဝလျစ်လျှူမရှုသင့်ပါဘူး။
• ခန္ဓာကိုယ်တစ်နေရာထဲမှာ ရောဂါလက္ခဏာတွေစုပုံပြီးခံစားနေရတယ်။
အအေးမိတာထက်ပိုတယ်ဆိုတာကိုပြတဲ့ တခြားသတိထားရမယ့်လက္ခဏာတစ်ခုကတော့ တစ်နေရာတည်းမှာ ရောဂါလက္ခဏာတွေကိုခံစားနေရခြင်းဖြစ်ပါတယ်။ အအေးမိတာက အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းတစ်ခုလုံးကိုထိစေပြီး တခြားရောဂါတွေကတော့ တစ်နေရာတည်းမှာ ပိုပြင်းထန်တဲ့လက္ခဏာတွေဖြစ်စေနိုင်ပါတယ်။ ဥပမာ- Strep ဆိုတဲ့ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် အစာရေမျိုချဖို့ခက်ခဲတဲ့အထိ လည်ချောင်းနာစေပြီး တစ်ကိုယ်လုံးနာကျင်မှုမဖြစ်စေပါဘူး။ ဦးခေါင်းခွံရဲ့အပေါက်လေးတွေကိုရောဂါပိုးဝင်ခြင်းကြောင့် ခေါငး်ကိုက်ခြင်း၊ သွားကိုက်ခြင်းကိုဖြစ်စေသလို၊ နားထဲကိုပိုးဝင်ရင်လည်း နားတစ်ဖက်တည်းကိုက်ပြီး အာသီးတစ်ဖက်တည်းကိုပဲရောင်စေပါတယ်။
• ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း
ပုံမှန်အအေးမိခြင်းက တစ်ကိုယ်လုံးနာကျင်ကိုက်ခဲခြင်းမဖြစ်စေပေမယ့်လည်း တုပ်ကွေါ်ကတော့ ကြွက်သားတွေနဲ့ ခန္ဓာကိုယ်တစ်ခုလုံးနာကျင်ကိုက်ခဲခြင်းနဲ့အတူ ပင်ပန်းနွမ်းနယ်ခြင်းတွေကိုပါဖြစ်စေပါတယ်။ တုပ်ကွေးက ထရပ်ကားတစ်စီးနဲ့ ဝင်တိုက်ခံရသလိုခံစားရစေနိုင်ပါတယ်။ အိပ်ရာကနေထလိုက်တာလေးကတောင်မှ အားမရှိဖြစ်စေပြီး ကြွက်သားတွေနာကျင်ကိုက်ခဲစေပါတယ်။
• ရောဂါလက္ခဏာတွေက ပုံစံတစ်ခုရှိနေတယ်။
ဓာတ်မတည့်တာနဲ့ အအေးမိတာက ရောဂါလက္ခာတွေဆင်တူတဲ့အတွက် ဒီနှစ်ခုကိုခွဲခြားရခက်ပါတယ်။ ဒါပေမယ့် ဓာတ်မတည့်ခြင်းက ပုံစံတစ်ခုရှိပါတယ်။ အပြင်ထွက်ပြီးရင် (သို့) အိမ်မွေးတိရိစၧာန်တစ်ကောင်ကောင်ကိုကိုင်တွယ်ပြီးရင် ရောဂါလက္ခဏာပိုဆိုးလာတယ် (သို့) ရာသီဥတုအပေါ်မူတည်ပြီး ရောဂါလက္ခဏာတွေပေါ်လိုက်ပျောက်လိုက်ဖြစ်တယ်ဆိုရင် ဒါက ဓာတ်မတည့်တာပါပဲ။ ဒီတော့ အကြောင်းအရင်းအတိအကျကိုသေချာသိနိုင်ဖို့အတွက်ဆိုရင် ကိုယ့်ရဲ့ရောဂါလက္ခဏာရာဇဝင်ကိုသေချာစောင့်ကြည့်ပြီး တစ်ခုခုကိုဓာတ်မတည့်တာ (သို့) ရာသီဥတုနဲ့ဓာတ်မတည့်တာတွေလားဆိုတာကို သေချာမှတ်ထားပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























