သားကြောဖြတ်ခြင်းနဲ့ သုတ်ကြောဖြတ်ခြင်း
>> သားကြောဖြတ်ခြင်းဆိုတာ ဘာလဲ?
သားကြောဖြတ်ခြင်းဟာ တစ်သက်တာ ကိုယ်ဝန်ဆောင်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ သေချာတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ အမျိုးသမီးအားလုံးနဲ့ သင့်တော်ပြီး ကလေး ပြန်ရနိုင်ခြေ မရှိသလောက် နည်းပါးပါတယ်။ တားဆေးများ၊ သားအိမ်/လက်မောင်းထည့် ပစ္စည်းများထက် ဘေးထွက်ဆိုးကျိုးနည်းပြီး ပိုမိုအကျိုးထူးစေပါတယ်။ သားကြောဖြတ်ခြင်းဟာ ဟော်မုန်း၊ ရာသီသွေးနဲ့ လိင်စိတ်ဆန္ဒကို အကျိုးသက်ရောက်မှု မရှိပါဘူး။
အချို့စမ်းသပ်မှုတွေက သားကြောဖြတ်ခြင်းဟာ သားဥအိမ်ကင်ဆာဖြစ်နှုန်းကို နည်းစေတယ်လို့ ဆိုပါတယ်။
• ဆိုးကျိုးများ
သားကြောကို လုံးဝဖြတ်လိုက်တာ ဖြစ်တဲ့အတွက် နောက်ပိုင်းမှာ လုံးဝကလေးမရနိုင်ပါဘူး။ တချို့ သားကြော ချည်ရုံချည်ထားတာမျိုးမှာ ပြန်ဖြည်နိုင်ပေမယ့် ပြန်ပြေဖို့ ခက်ခဲပါတယ်။
နောက်ပိုင်း ကလေးပြန်ယူချင်တဲ့အခါ မရတော့တာကြောင့် ကလေးယူဖို့ အစီအစဉ်ရှိသေးသူတွေမှာ အခြားနည်းလမ်းများကို စဉ်းစားသင့်ပါတယ်။ သားအိမ် ပစ္စည်းထည့်ခြင်းဟာ 10 နှစ်လောက်ထိ ခံပြီး ပြန်ထုတ်တဲ့အခါလည်း ကလေ းအလွယ်တကူ ပြန်ရနိုင်တာကြောင့် ရွေးချယ်သင့်ပါတယ်။
အခြားသနေ္ဓတားနည်းတွေလိုမျိုး ရာသီပြောင်းလဲခြင်း မရှိတဲ့အတွက် ရာသီစက်ဝန်း ပြောင်းချင်သူတွေအတွက် အဆင်မပြေပါဘူး။ ဒါ့အပြင် လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကိုလည်း မကာကွယ်နိုင်ပါဘူး။ ကွန်ဒုံးကသာ ကာကွယ်ပေးနိုင်ပါတယ်။
• ဖြစ်နိုင်ခြေ အကျိုးသက်ရောက်မှုများ
ခွဲစိတ်ကုသမှုများမှာ ဖြစ်တတ်တဲ့အတိုင်း သွေးထွက်တာ၊ ပိုးဝင်တာမျိုးတွေ ဖြစ်လေ့ရှိနိုင်ပေမယ် အလွန်ရှားပါတယ်။
ပစ္စည်းထည့်ပြီး သားကြောဖြတ်သူတွေမှာ သနေ္ဓတားပစ္စည်းဟာ သားအိမ်မှာ တစ်နေပြီး သားအိမ်နံရံတွေကို ပျက်စီးစေနိုင်ပါတယ်။ ပုံမှန်အမျိုးသမီးတွေမှာ နာကျင်ခြင်း မရှိတတ်ကြပါဘူး။ ဒါပေမဲ့ အချိန်တော်တော်ကြာ ဆီးစပ်က ကိုက်ခဲနာကျင်နေပါက ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
ရှားရှားပါးပါး ဖြတ်ထားတဲ့သားကြော ပြန်ဆက်သွားတာမျိုး ရှိတတ်ပါတယ်။ ဒီလို ပြန်ဆက်ပြီး ကိုယ်ဝန်ရလာတဲ့အခါ နေရာမှား သနေ္ဓတည်ဖို့ သုံးပုံတစ်ပုံ အခွင့်အလမ်း ပိုများပါတယ်။ နေရာမှား သနေ္ဓတည်ခြင်းဟာ သားအိမ်အစား သားကြောထဲ သနေ္ဓသား သွားရောက်တွယ်ကပ်နေခြင်းဖြစ်ပြီး အရေးပေါ်အခြေအနေ ဖြစ်ပါတယ်။ အချိန်မီ မသိရှိပါက အသက်အန္တရာယ် စိုးရိမ်ရပါတယ်။
>> သုတ်ကြောဖြတ်ခြင်း
သုတ်ကြောဖြတ်ခြင်းဟာ အမျိုးသားတွေမှာ သုတ်ပြွန်ကို ချည်ခြင်း၊ ညှပ်ခြင်း၊ ဖြတ်ခြင်း၊ ပိတ်ခြင်း စတဲ့ နည်းလမ်းများနဲ့ သုတ်လွှတ်မှုမဖြစ်အောင် တားခြင်းဖြစ်ပါတယ်။ ထုံဆေးနဲ့ ခွဲရာသေးသေးလေး လိုကောင်းလိုနိုင်ပါတယ်။
သုတ်ကြောဖြတ်ခြင်းဟာ အစွမ်းပြဖု့ိ ဖြတ်ပြီး 2 လမှ 4 လခန့် လိုအပ်ပါတယ်။ တစ်နှစ်လောက် ကြာတဲ့အခါ သားကြောဖြတ်တာထက် ပိုကောင်းပါတယ်။ ဒါပေမဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများကို မတားဆီးနိုင်ပါဘူး။
သုတ်ကြောဖြတ်ဖို့ ရွေးချယ်ကြတဲ့ အကြောင်းရင်းများကတော့ -
● ဈေးနှုန်း ပိုသက်သာခြင်း
● ပိုစိတ်ချရပြီး ခွဲစိတ်စရာ မလိုအပ်ခြင်း
● နေရာမှား သနေ္ဓတည်ခြင်း မရှိခြင်းတို့ ဖြစ်ပါတယ်။
သားကြောဖြတ်ဖု့ိ ရွေးချယ်ကြတာကတော့ သုတ်ကြောဖြတ်ခြင်းမှာလို လအနည်းငယ် စောင့်စရာမလိုဘဲ ချက်ချင်းအစွမ်းရှိလို့ပဲ ဖြစ်ပါတယ်။
Dr. Emerald (www.drmyanmar.com)




























