သိုင်းရွိုက်ဂလင်း ပုံမှန်အလုပ်မလုပ်သော လက္ခဏာများ
>> တက်ကြွလွန်သော သိုင်းရွိုက် (သို့) အလုပ် သိပ်မလုပ်သောသိုင်းရွိုက်
လူအများစုက သိုင်းရွိုက်ဂလင်းက ဘာအလုပ်လုပ်တယ်၊ ဘယ်လိုဆိုရင် ပုံမမှန်ဘူး ဆိုတာတွေကို သတိမမူမိကြပါဘူး။ သိုင်းရွိုက်ဆိုတာက ဇီဝကမ္မဖြစ်စဉ်ကို ထိန်းချုပ်ပြီး ခန္ဓာကိုယ်အနှံ့ကို ဟော်မုန်းတွေ ပေးပို့ပေးတဲ့ လိပ်ပြာပုံရှိတဲ့ လည်ပင်းအောက်ခြေနားရှိ ဂလင်းတစ်ခု ဖြစ်ပါတယ်။
ကယ်လိုရီ ဘယ်လောက်လောင်ကျွမ်းမယ်၊ ဦးနှောက်၊ နှလုံး၊ အသည်းနဲ့ အခြားကိုယ်တွင်းအင်္ဂါတွေ ဘယ်လိုမြန်မြန်၊ နှေးနှေး အလုပ်လုပ်မယ်ဆိုတာကို ထိန်းချုပ်ခြင်းအားဖြင့် ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းညှိပေးတဲ့ဟော်မုန်းတွေ ထုတ်ပေးပါတယ်။ ကျန်းမာရေးအတွက် မရှိမဖြစ် အရေးပါတဲ့ သိုင်းရွိုက်ဂလင်းအကြောင်းကို သိထားဖို့ လိုပါတယ်။ အောက်ပါလက္ခဏာတွေ ခံစားရပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
1. မောပန်းနွမ်းနယ်ခြင်း
သိုင်းရွိုက်ဂလင်း ကောင်းကောင်း အလုပ်မလုပ်ပါက နေ့စဉ် 8-10 နာရီလောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရက်နဲ့တောင်မှ အမြဲပင်ပန်းနွမ်းနယ်နေသလို ခံစားရနိုင်ပါတယ်။ ကောင်းကောင်း အိပ်မပျော်ခြင်းက စိတ်ကျခြင်း၊ သွေးတိုး၊ အိပ်မပျော်ခြင်းနဲ့ အခြားရောဂါ တော်တော်များများနဲ့ ဆက်နွယ်နေပါတယ်။
2. စိတ်လှုပ်ရှားခြင်းနှင့် စိတ်ကျခြင်း
သိုင်းရွိုက်ဂလင်းက ဟော်မုန်းထုတ်တာ များလွန်း (သို့) နည်းလွန်းတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်တွေ ဖြစ်စေနိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်အခြေအနေအပေါ် မူတည်ပြီး ပုံစံအမျိုးမျိုး ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ စိုးရိမ်ပူပန်တာ၊ စိတ်ဆတ်တာ၊ စိတ်လှုပ်ရှားတာ (သို့) စိတ်ကျတာတွေကို ခံစားနေရရင် သိုင်းရွိုက်ကြောင့် ဖြစ်နိုင်ပါတယ်။
3. ဝမ်းချုပ်ခြင်း
သိုင်းရွိုက် အလုပ်သိပ်မလုပ်ခြင်းက ဝမ်းချုပ်ခြင်းနဲ့ ဆက်စပ်ပါတယ်။ ပြောင်းပြန်အနေနဲ့ သိုင်းရွိုက်တက်ကြွလွန်တဲ့အခါမှာ ရေအိမ် မကြာခဏ သွားရစေပါတယ်။ ဒီလိုမျိုး ဝမ်းအကျင့် ရုတ်တရက် ပြောင်းလဲမှုတွေက အခြားကျန်းမာရေးပြဿနာတွေလည်း ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ ပြသပါ။
4. အကြောင်းအရင်းမရှိ ချေွးထွက်ခြင်း
ခန္ဓာကိုယ်က သူ့ရဲ့စွမ်းအင်ထုတ်လုပ်မှုကို ထိန်းချုပ်ရခက်တဲ့အခါမှာ ဘယ်အချိန်ရယ်လို့ တိတိကျကျမရှိဘဲ ချေွးထွက်စေပါတယ်။ အခန်းက အေးနေရင်တောင်မှ အရမ်းပူနွေးနေသလို ခံစားရနိုင်ပါတယ်။
5. ကိုယ်အလေးချိန် ထိန်းသိမ်းရခက်ခြင်း
သိုင်းရွိုက် သိပ်ပြီး အလုပ်မလုပ်တဲ့အခါမှာ ကိုယ်အလေးချိန် အလွယ်တကူ တက်စေနိုင်ပါတယ်။ သိုင်းရွိုက်တက်ကြွလွန်းရင်လည်း ကိုယ်အလေးချိန်တက်ဖို့ ခက်ခဲပြီး ပုံမှန်စားနေရက်နဲ့ ပိန်စေနိုင်ပါတယ်။
6. အရသာခံနိုင်စွမ်း ပြောင်းလဲခြင်း
သိုင်းရွိုက်ဂလင်း ပုံမှန်အလုပ်မလုပ်ပါက အာဟာရ ဘယ်လောက်လိုတယ်၊ ဘယ်လိုအာဟာရမျိုး လိုအပ်တယ်ဆိုတာကို ခန္ဓာကိုယ်က မှန်ကန်စွာ မတိုင်းတာနိုင်တော့တဲ့အတွက် အချို့သော အစားအစာတွေကို အရသာခံနိုင်စွမ်း ပြောင်းလဲသွားစေပါတယ်။ ရုတ်တရက် အစားအစာအချို့ကို ချဉ်ခြင်းတက်လာပြီး အစာ စားချင်စိတ်ကလည်း ဖြည်းဖြည်းချင်း ပြောင်းပြောင်းသွားတယ်ဆိုရင် သိုင်းရွိုက်ဟော်မုန်းထုတ်တဲ့ ပမာဏ ပြောင်းလဲသွားလို့ ဖြစ်နိုင်ပါတယ်။
7. အမွေးအမျှင်များ ပါးသွားခြင်း
သိုင်းရွိုက်ပြဿနာရှိသူတွေ အထူးသဖြင့် သိုင်းရွိုက်တက်ကြွလွန်သူတွေမှာ အမွေးပါးသွားတာကို သတိထားမိနိုင်ပါတယ်။ တချို့မှာဆိုရင် အမွေးတွေ အကုန်ပြောင်သွားတာမျိုးတောင် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း လုံလောက်တဲ့ ကုသမှုရရှိပါက အမွေးတွေ ပြန်ပေါက်နိုင်ပါတယ်။
8. ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
ခြေလက်များ ကိုက်ခဲခြင်း၊ ကြွက်သားနာခြင်း၊ တောင့်တင်းခြင်း စတာတွေကလည်း သိုင်းရွိုက်ပြဿနာကြောင့် ဖြစ်နိုင်ပါတယ်။ အဆစ်အမြစ်ရောင်ရောဂါ ရှိသူတွေမှာ သိုင်းရွိုက် ပုံမှန်အလုပ်မလုပ်ပါက ပိုဆိုးစေနိုင်ပါတယ်။ ပြင်းထန်တဲ့ သိုင်းရွိုက်ပြဿနာတွေကြောင့် လည်ပင်း နာကျင်ကိုက်ခဲခြင်းတွေကို ခံစားရစေနိုင်ပါတယ်။
9. မြင်သာသော အဖုအကြိတ်များ
လည်ပင်းမှာ အကြိတ်ဖြစ်တာကို သတိထားမိပါက ဒါက သိုင်းရွိုက်ဂလင်းကြီးတာ (လည်ပင်းကြီး) ဖြစ်နိုင်သလို ရိုးရိုးအကြိတ်ကြီးတာလည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေ ဖော်ထုတ်ဖို့ လိုပါတယ်။
10. အသားအရေ ခြောက်သွေ့ခြင်း
သိုင်းရွိုက် ကောင်းကောင်း အလုပ်မလုပ်ခြင်းကြောင့် ချေွးထွက် များနိုင်သလို ချေွး လုံလောက်စွာ မထွက်နိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိုစွတ်မှုမရှိတဲ့အခါမှာ အရေပြားခြောက်သွေ့ခြင်း၊ အက်ကွဲခြင်း၊ ယားယံခြင်းတွေကို ဖြစ်စေပါတယ်။
11. သွေးတိုးခြင်း
သိုင်းရွိုက် သိပ်မလုပ်ခြင်းကော၊ တက်ကြွလွန်ခြင်းကော နှစ်မျိုးစလုံးက သွေးတိုးစေနိုင်ပါတယ်။
12. ရာသီစက်ဝန်း ပြောင်းလဲမှုများ
သိုင်းရွိုက်ပြဿနာရှိတဲ့ အမျိုးသမီးတွေမှာ ဓမ္မတာလာတာမှာ ရုတ်တရက် အပြောင်းအလဲတွေ ဖြစ်နိုင်ပါတယ်။ ဒါကနေပြီး သနေ္ဓအောင်နိုင်မှုပြဿနာတွေ ဖြစ်နိုင်တဲ့အတွက် လျစ်လျှူရှုမထားသင့်ပါဘူး။
ဒီတော့ မိမိမှာ သိုင်းရွိုက် တက်ကြွလွန်ခြင်း၊ အလုပ် သိပ်မလုပ်ခြင်း (သို့) သိုင်းရွိုက်ရောဂါတွေ ရှိပါက ဘာလုပ်ကြမလဲ?
အရင်လုပ်ရမှာကို ဦးစားပေးလုပ်ပါ။ ဆရာဝန်ဆီ သွားပြပါ။ အင်တာနက်မှာ ဖတ်ရတဲ့ ဆေးဆောင်းပါးတွေက ရောဂါလက္ခဏာတွေကို သတိပြုမိအောင်ဘဲ ပြောပြနိုင်ပါတယ်။ ကုသမှု မပေးနိုင်ပါဘူး။
ကုထုံးတွေကတော့ သိုင်းရွိုက်ပုံမှန်အတိုင်း ပြန်အလုပ်လုပ်နိုင်ဖို့အတွက် ရေတိုဟော်မုန်းကုထုံး ရှိပါတယ်။ တခြား ဘာကြောင့်ဖြစ်ရတယ် ဆိုတာအပေါ် မူတည်ပြီး ကုထုံးအမျိုးမျိုး ရှိပါတယ်။
ရောဂါအမည် ဖော်ထုတ်မှုက အရည်အသွေးပြည့်ဝတဲ့ သမားတော်တွေ၊ ဆရာဝန်တွေပဲ လုပ်နိုင်ပါတယ်။ ကောင်းတဲ့အချက်ကတော့ မှန်ကန်စွာ ကုသမှုခံယူပါက သိုင်းရွိုက်ပြဿနာတွေကို အန္တရာယ်ကင်းစွာနဲ့ ဖြေရှင်းနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)





























