သိုင်းရွိုက်ဟော်မုန်း ချို့တဲ့တဲ့ရောဂါတွေမှာ ဘာတွေစားပြီး ဘာတွေရှောင်ကြမလဲ
ခန္ဓာကိုယ်ကနေပြီးတော့ သိုင်းရွိုက်ဟော်မုန်း လုံလောက်စွာ ထုတ်မပေးနိုင်တာကို သိုင်းရွိုက်ဟော်မုန်း ချို့တဲ့တယ်လို့ ခေါ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းက ကျွနု်ပ်တို့ခန္ဓာကိုယ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှု၊ ပြန်လည်ပြင်ဆင်ရေးနဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းချုပ်ရာမှာ အထောက်အကူဖြစ်စေပါတယ်။ ရလဒ်အနေနဲ့ သိုင်းရွိုက်ဟော်မုန်း ချို့တဲ့တဲ့အခါမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ အမွေးကျွတ်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ အေးခြင်း၊ စိတ်ကျခြင်းနဲ့ အခြားရောဂါလက္ခဏာတွေကို ခံစားရစေပါတယ်။ ကမ္ဘာ့လူဥိးရေရဲ့ 1-2% လောက်က သိုင်းရွိုက်ချို့တဲ့မှုကို ခံစားနေရပြီးတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် ၁၀ ဆ ပိုအဖြစ်များပါတယ်။
>> သိုင်းရွိုက်အတွက် ဘာအာဟာရဓာတ်တွေက အရေးကြီးသလဲ?
သိုင်းရွိုက် ကောင်းကောင်းကျန်းမာစေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ အများကြီးရှိပါတယ်။
● အိုင်အိုဒင်း
အိုင်အိုဒင်းက သိုင်းရွိုက်ဟော်မုန်းလုပ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အိုင်အိုဒင်းချို့တဲ့သူတွေမှာ သိုင်းရွိုက်ဟော်မုန်းချို့တဲ့နိုင်ချေ များပါတယ်။ အိုင်အိုဒင်းချို့တဲ့မှုက အဖြစ်များတဲ့ပြဿနာဖြစ်ပြီးတော့ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံလောက်မှာ ကြုံတွေ့နေရပါတယ်။ ဒါပေမဲ့လည်း ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ အိုင်အိုဒင်းပါတဲ့ဆားများ စားသုံးတဲ့အတွက် အဖြစ်နည်းပါတယ်။
အိုအိုဒင်းဓာတ် ချို့တဲ့ပါက အိုင်အိုဒင်းဆားကို အစားအစာတွေထဲမှာ ထည့်စားပြီးတော့ ပင်လယ်ရေမှော်၊ ငါး၊ နို့ထွက်ပစ္စည်းနဲ့ ဥ စတဲ့ အိုင်အိုဒင်းကြွယ်ဝတဲ့အစားအစာတွေကို စားသုံးပေးပါ။
● ဆီလီနီယမ်
ဆီလီနီယန်က သိုင်းရွိုက်ဟော်မုန်းကို ခန္ဓာကိုယ်က အသုံးပြုနိုင်တဲ့ပုံစံရအောင် လှုံ့ဆော်ပေးပါတယ်။ ဒီထဲမှာဆိုရင် အင်တီအောက်ဆီးဒင့်လည်းရှိတဲ့တွက် သိုင်းရွိုက်ဂလင်းကို free radicals တွေရဲ့ ရန်ကနေလည်း ကာကွယ်ပေးပါတယ်။
● ဇင့် (သွပ်) ဓာတ်
ဆီလီနီယမ်လိုပဲ ဇင့်ကလည်း သိုင်းရွိုက်ဟော်မုန်းကို ခန္ဓာကိုယ်က သုံးလို့ရတဲ့ပုံစံဖြစ်အောင် လှုံ့ဆော်ပေးပါတယ်။ ဇင့်ဓာတ်ကို အစားအစာတွေကနေပြီးတော့ ပေါများစွာရနိုင်တဲ့အတွက် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ ဇင့်ဓာတ်ချို့တဲ့တာ ရှားပါတယ်။ ဒါပေမဲ့လည်း ကိုယ့်မှာ သိုင်းရွိုက်ဓာတ် ချို့တဲ့တယ်ဆိုရင်တော့ ခရုနဲ့ အခြားအခွံမာပါတဲ့ငါးတွေ၊ အမဲသား၊ ကြက်သားစတဲ့ ဇင့်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို ပိုစားပေးရပါမယ်။
သုတေသနတွေအရ အိုင်အိုဒင်း၊ ဇင့်နဲ့ ဆီလီနီယမ်တွေက သိုင်းရွိုက်ချို့တဲ့သူတွေမှာ ကောင်းကျိုးတွေကို ပေးစွမ်းနိုင်တယ်လို့ တွေ့ရပါတယ်။ ဒါပေမဲ့လည်း အိုင်အိုဒင်းနဲ့ ဆီလီနီယမ်ဆေးပြားတွေကိုတော့ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ မသောက်သင့်ပါဘူး။
>> ဘယ်အစားအစာတွေက အန္တရာယ်ဖြစ်စေနိုင်သလဲ?
** Goitrogens (လည်ပင်းကြီးခြင်းကို အားပေးသောအစားအစာများ)
ဒါတွေကတော့ သိုင်းရွိုက်ပုံမှန်လုပ်ဆောင်မှုတွေကို နှောင့်ယှက်တဲ့ဓာတ်ပေါင်းတွေပါ။ goitrogen ပါတဲ့အစားအစာတွေအများကြီး ရှိပါတယ်။
● ပဲပိစပ်နှင့် ပြုလုပ်ထားသော အစားအစာများ - တို့ဖူး၊ ပဲပြား၊ ပဲစဉ်းငုံ
● အချို့သောဟင်းသီးဟင်းရွက်များ - ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ကိုက်လန်၊ ပန်းဂေါ်ဖီ၊ ဟင်းနုနွယ်စသည်
● သစ်သီးနှင့် ကစီဓာတ်များသောအပင်များ - ကန်စွန်းဥ၊ အာလူး၊ ပီလောပီနံ၊ မက်မွန်သီး၊ စတော်ဘယ်ရီ စသည့်အစားအစာများ
● အခွံမာသီးနှင့်အစေ့များ - မြေပဲ၊ လူး
** Gluten
Gluten ဆိုတာကတော့ ဂျုံ၊ ဘာလီ၊ ရိုင်းစပါးစတဲ့ ကောက်ပဲသီးနှံတွေမှာ တွေ့ရတဲ့ အသားဓာတ်တစ်မျိုး ဖြစ်ပါတယ်။ celiac disease လိုမျိုး ကိုယ့်ရဲ့ကိုယ်ခံအားကို ပြန်တိုက်တဲ့ရောဂါတစ်မျိုး ရှိတဲ့သူတွေဆိုရင် Gluten စားလို့မရပါဘူး။ ကံမကောင်းစွာပဲ ဒီလိုမျိုး ကိုယ်ရဲ့ခုခံအားကို ကိုယ်ပြန်တိုက်တဲ့ရောဂါတစ်မျိုးရှိရင် နောက်တစ်မျိုး ထပ်ဖြစ်နိုင်ချေများပါတယ်။
>> ရှောင်ကြဉ်ရမယ့်အစားအစာများ
ကံကောင်းစွာပဲ သိုင်းရွိုက်ဓာတ်ချို့တဲ့ရင် ရှောင်ရမယ့်အစားအစာလို့ အများကြီးမရှိပါဘူး။
လည်ပင်းကြီးခြင်းကို အားပေးသောအစားအစာများကိုတော့ သေသေချာချာ ချက်ပြုတ်ပြီးတော့ အသင့်အတင့်ပဲစားဖို့ လိုပါတယ်။ အရမ်းပြုပြင်ထားတဲ့ အသင့်စားအစားအစာတွေမှာ ကယ်လိုရီတွေ များများပါတဲ့အတွက် ရှောင်ရပါမယ်။ ဒီအစားအစာတွေကို ကိုယ်အလေးချိန် တက်လွယ်စေတဲ့အတွက် သိုင်းရွိုက်ချို့တဲ့သူတွေအတွက် ပြဿနာရှိပါတယ်။
** လုံးဝရှောင်ရမယ့်အစားအစာတွေကတော့ -
● လူး စသော ကောက်ပဲသီးနှံများ
● အလွန်ပြုပြင်ထားသော အသင့်စားအစားအစာများ - ဟော့ဒေါ့၊ ကိတ်မုန့်၊ ကွတ်ကီး စသည်
** အတန်အသင့်စားသုံးနိုင်တဲ့ အစားအစာတွေကတော့ -
● Gluten ပါဝင်သောအစားအစာများ - ပေါင်မုန့်၊ ပါစတာ၊ ကောက်ပဲသီးနှံ၊ ဘီယာ စသည်
● ပဲပိစပ် ပါဝင်သောအစားအစာများ - တို့ဖူး၊ ပဲပြား၊ ပဲစင်းငုံ၊ ပဲနို့စသည်
● ပန်းမုန်လာ၊ ကိုက်လန်၊ ဟင်းနုနွယ်၊ ဂေါ်ဖီထုပ် စသော ဟင်းသီးဟင်းရွက်များ
● မက်မွန်သီး၊ သစ်တော်သီးနှင့် စတော်ဘယ်ရီသီး စသောသစ်သီးများ
● ကော်ဖီ၊ လက်ဖက်စိမ်းရည်၊ အရက် စသောအဖျော်ယမကာများ
>> စားသုံးသင့်သော အစားအစာများ
● ကြက်ဥ - အနှစ်ရော အကာပါ စားလို့ရပါတယ်။
● အသားများ - သိုးသား၊ အမဲသား၊ ကြက်သား အပါအဝင် အသားစုံစားနိုင်ပါတယ်။
● ငါး - ဆယ်မွန်၊ တူနာ စတာတွေအပါအဝင် ငါးအမျိုးမျိုး
● ဟင်းသီးဟင်းရွက်များ - ဟင်းသီးဟင်းရွက်အားလုံး စားလို့ရပါတယ်။ ဂေါ်ဖီမျိုးနွယ်ဝင်တွေကိုပဲ သေချာချက်ပြုတ်ပြီး အသင့်အတင့်သာ စားပါ။
● သစ်သီးများ - ဘယ်ရီသီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ ခရမ်းချဉ်သီးအပါအဝင် အသီးအမျိုးမျိုး
● Gluten မပါသော အစေ့အဆန်များ - ဆန်၊ chia seeds, flaxseed
● နို့ထွက်ပစ္စည်းများ - နို့၊ ဒိန်ခဲ၊ ဒိန်ချဉ်အပါအဝင် နို့ထွက်ပစ္စည်းအားလုံး
● ဖျော်ရည်များ - ရေနှင့် အခြားကဖင်းဓာတ် မပါသောဖျော်ရည်များ စသည်တို့ ဖြစ်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























