/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သံဓာတ်ချို့တဲ့ရင်-ခြေတွေ၊-လက်တွေ-ထုံကျဉ်တတ်ပါတယ်

သံဓာတ်ချို့တဲ့ရင် ခြေတွေ၊ လက်တွေ ထုံကျဉ်တတ်ပါတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         သံဓာတ်ဆိုတာက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်အားလုံးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးပါပဲ။ သွေးနီဆဲလ်ထဲ သံဓာတ်တွေကတော့ အဆုတ်က အောက်ဆီဂျင်တွေကို ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေဆီကို ပို့ပေးတဲ့ သွေးနီဥထဲမှာ နေပါတယ်။

          သံဓာတ်နည်းလွန်းရင် သွေးအားနည်းစေသလို ခြေတွေ၊ လက်တွေလည်း ထုံကျဉ်စေပါတယ်။

 

>>    ရောဂါဖြစ်စေသော အကြောင်းအရင်း

          သံဓာတ်နည်းတဲ့အခါမှာ သွေးနီဆဲလ်တွေကို လုံလုံလောက်လောက် မထုတ်နိုင်တော့ဘဲနဲ့ သွေးထုထည် နည်းသွားစေပြီးတော့ တစ်သျှူးတွေဆီကို သွေးစီးဆင်းမှု နည်းသွားစေပါတယ်။ လက်တွေ၊ ခြေထောက်တွေဆီကို သွေးစီးဆင်းမှု နည်းသွားတဲ့အခါမှာ ထုံကျဉ်စေပါတယ်။ ဒီလိုထုံကျဉ်မှုတွေ ခံစားရရင် ဆရာဝန် သွားပြပါ။ ဆရာဝန်က အကြောင်းအရင်း ရှာပြီးတော့ ကုသပေးပါလိမ့်မယ်။ တကယ်လို့ သံဓာတ်ချို့တဲ့မှုကြောင့် ဆိုရင်တော့ သံဓာတ်အားဆေး ပေးပါလိမ့်မယ်။

 

>>    သံဓာတ်ရဲ့ သဘာဝအရင်းအမြစ်တွေ

          သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို နေ့စဉ်စားပေးခြင်းဖြင့် သံဓာတ် မချို့တဲ့အောင် ကာကွယ်နိုင်ပါတယ်။ တိရစၧာန်ကနေရတဲ့ အစားအစာတွေက သံဓာတ်က အပင်ကရတာထက် ပိုပြီးတော့ စုပ်ယူမှု ကောင်းပါတယ်။ အမဲအသည်း၊ အဆီမပါတဲ့ အနီရောင်အသား၊ သိုးသား၊ ဝက်သား၊ ကြက်သား၊ ငါး၊ ကြက်ဆင် စတဲ့ သံဓာတ်ကြွယ်ဝတဲ့အသားတွေ များများစားပါ။ အသားမဟုတ်တဲ့ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ ကောက်ပဲသီးနှံ၊ ပဲအမျိုးမျိုး၊ ဟင်းနုနွယ်၊ ကိုက်လန်၊ ပဲ စတဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ ဖြစ်ပါတယ်။ အမျိုးသမီးတွေက ရာသီလာရင် ဆုံးရှုံးသွားတဲ့သံဓာတ်ကို ဖြည့်ပေးဖို့အတွက် သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ပိုစားပေးဖို့ လိုပါတယ်။

 

>>    သံဓာတ်အားဆေး

          သံဓာတ်အားဆေးကို ဆရာဝန် ညွှန်ကြားချက်နဲ့ပဲ သောက်ပါ။ အစာအိမ်ထဲမှာ အစာမရှိတဲ့အချိန် သောက်ရင် သံဓာတ်စုပ်ယူမှု အကောင်းဆုံးပါ။ ဒါပေမဲ့လည်း အစာမရှိဘဲ သောက်လို့၊ နေလို့မကောင်းဘူး ဆိုရင်တော့ အစာနဲ့ တွဲသောက်လို့ရပါတယ်။ သံဓာတ်အားဆေးကို နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ လက်ဖက်ရည်၊ ကော်ဖီတွေနဲ့ တွဲမသောက်ပါနဲ့။ ဒါတွေက သံဓာတ်စုပ်ယူမှုကို နှောင့်ယှက်ပါတယ်။ သံဓာတ်ဆေးရည် သာက်တဲ့အခါမှာ သွားတွေ အရောင်မစွဲစေဖို့ ပိုက်နဲ့ စုပ်သောက်ပါ။

 

>>    ဘေးထွက်ဆိုးကျိုးများ

          သံဓာတ်အားဆေးတွေရဲ့ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ သံချေးအရသာရခြင်း၊ ရင်ပူခြင်း၊ အစာအိမ် မကောင်းခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်း၊ မူးဝေခေါင်းကိုက်ခြင်း တို့ ဖြစ်ကြပါတယ်။ နောက်ပြီးတော့ အသက်ရှူပြဿနာတွေ၊ အရေပြားမှာ အနီကွက်တွေထခြင်း၊ ကြို့ထိုးခြင်း၊ မျက်နှာ၊ ပါးစပ်နဲ့ လည်ချောင်း ရောင်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခါးနာ၊ ချမ်းတုန်၊ ဖျားခြင်း၊ မူးဝေခြင်း စတာတွေ ဖြစ်ရင်တော့ ဆေးရုံ၊ ဆေးခန်း ချက်ချင်းသွားပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)