သံဓာတ် အားဖြည့်ဆေးများ
သံဓာတ် အားဖြည့်ဆေးတွေကို အစာ မစားမီ 1 နာရီခန့်အလိုမှာ သောက်ခြင်းက စုပ်ယူနိုင်မှု အကောင်းဆုံး ဖြစ်ပါတယ်။ သို့သော်လည်း အစာအိမ် မအီမသာဖြစ်ခြင်းကို လျော့ကျစေတဲ့အတွက် အစာစားပြီးမှ သောက်တာ ကောင်းပါတယ်။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ အစာအိမ် မအီမသာဖြစ်ခြင်း၊ ၀မ်းချုပ်ခြင်းနှင့် ၀မ်းလျောခြင်းတို့ ဖြစ်ကြပါတယ်။ သံဓာတ် အားဖြည့်ဆေးတွေကို ကလေးများ လက်လှမ်းမမှီနိုင်တဲ့နေရာမှာ ထားပါ။
သံဓာတ်ကို အချို့သော အစားအစာတွေမှာ သဘာ၀အတိုင်း တွေ့ရှိရပေမယ့် ခန္ဓာကိုယ်က လိုအပ်တဲ့ပမာဏကို အစားအစာကနေ လုံလောက်စွာ မရနိုင်တဲ့ အခြေအနေမှာ သံဓာတ်အားဖြည့်ဆေးက အထောက်အကူပြုစေပါတယ်။
>> ကုသမှုများမှ အများဆုံး ရယူခြင်း
• ကိုယ့်ခန္ဓာကိုယ်ရဲ့ သံဓာတ် လိုအပ်ချက်အပေါ် မူတည်ပြီး ကုထုံးကြာချိန်တွေ ကွဲပြားပါတယ်။ ဆေးသောက်ပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ သွေးပြန်စစ်ဆေးခြင်းဖြင့် ကုသမှု အကျိုးသက်ရောက်ခြင်း ရှိ၊ မရှိနဲ့ ဘယ်လောက်ကြာကြာ ဆက်သောက်ရမယ်ဆိုတာကို သိစေနိုင်ပါတယ်။
• တခြားဆေးတွေ ၀ယ်သောက်မယ်ဆိုရင် သံဓာတ် အားဖြည့်ဆေးနဲ့ တွဲသောက်လို့ ရ၊ မရ သေချာမေးပါ။ အချို့သောဆေးများ (အထူးသဖြင့် အက်ဆစ်ကြေဆေးတွေ) က သံဓာတ် စုပ်ယူမှုကို နှောင့်ယှက်တဲ့အတွက် တစ်ချိန်တည်း တွဲမသောက်သင့်ပါဘူး။
• သံဓာတ်အားဆေးက ၀မ်းအရောင် မည်းစေပါတယ်။ ဒါက အန္တရာယ်မရှိပါဘူး။
• မိမိ (သို့) ကလေး တစ်ယောက်ယောက်က သံဓာတ်အားဆေး အလွန်အကျွံ သောက်မိရင် နီးစပ်ရာ ဆေးရုံ/ဆေးခန်းကို ချက်ချင်းသွားပါ။ သံဓာတ် အလွန်အကျွံ သောက်မိခြင်းက ဆိုးရွားတဲ့ပြဿနာတွေ ဖြစ်စေနိုင်တဲ့အတွက် အရေးကြီးပါတယ်။ ဘာသောက်မိလဲဆိုတာကို သိနိုင်ဖို့အတွက် ဆေးဘူးအခွံကိုပါ ယူသွားပါ။
>> သံဓာတ်အားဆေးက ပြဿနာဖြစ်စေနိုင်ပါသလား?
ဆေးတိုင်းမှာ ကောင်းကျိုးနဲ့အတူ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ တွဲပြီးရှိတတ်ပါတယ်။ လူတိုင်းတော့ ဆိုးကျိုးမခံစားရပါဘူး။ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကို အောက်ပါဇယားမှာ ဖော်ပြပေးလိုက်ပါတယ်။ အသေးစိတ်ကိုတော့ ဆေးအညွှန်းစာရွက်မှာ ဖတ်ကြည့်လို့ရပါတယ်။ အောက်ပါလက္ခဏာတွေ ပိုဆိုးလာရင် (သို့) ဆက်တိုက် ဖြစ်နေတယ်ဆိုရင် ဆရာ၀န်နဲ့ ဆွေးနွေးပါ။
>> ဘေးထွက်ဆိုးကျိုး
• နေမကောင်းခြင်း၊ အစာအိမ်အောင့်ခြင်း - အစာ မစားရသေးရင် စားလိုက်ပါ။ ဆေးကို အစာ စားပြီးမှ သောက်ပါ။
• ၀မ်းချုပ်ခြင်း - ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ စားသုံးပါ။ ရေများများ သောက်ပါ။
• ၀မ်းပျက်၀မ်းလျှော - ဆုံးရှုံးသွားတဲ့ အရည်တွေကို အစားပြန်ဖြည့်ပေးဖို့ ရေများများ သောက်ပါ။ ဆေးကြောင့်လို့ထင်တဲ့ အခြားလက္ခဏာတွေ တွေ့ရင် ဆရာ၀န်နဲ့ တိုင်ပင်ဆွေးနွေးပါ။
>> သံဓာတ်အားဆေးများကို သိမ်းဆည်းခြင်း
• ဆေးအားလုံးကို ကလေးတွေ လက်လှမ်းမမှီနိုင်တဲ့နေရာမှာ ထားပါ။
• အပူနှင့် အလင်းရောင် တိုက်ရိုက် မထိတွေ့နိုင်သော မှောင်ပြီး အေးမြတဲ့နေရာမှာ ထားပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)





























