/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သံလွင်ဆီက-ဝမ်းချုပ်ခြင်းကို-ကုသပေးနိုင်ပါသလား

သံလွင်ဆီက ဝမ်းချုပ်ခြင်းကို ကုသပေးနိုင်ပါသလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဝမ်းချုပ်ခြင်းဆိုတာ အစာချေစနစ်ရဲ့ပြဿနာတစ်ခုဖြစ်ပြီး အသက်အရွယ်မရွေးမှာဖြစ်နိုင်ပါတယ်။ တစ်ပတ်မှာ သုံးကြိမ်ထက်နည်းပြီး ဝမ်းသွားတာ (သို့) ဝမ်းသွားရခက်ခဲပြီး သေးငယ်၍ မာခြောက်တဲ့ဝမ်းမျိုးတွေသွားတာမျိုးကို ဝမ်းချုပ်တယ်လို့အကြမ်းဖျင်းသတ်မှတ်နိုင်ပါတယ်။

          တချို့လူတွေကနေ့စဉ်နေ့တိုင်းဝမ်းသွားဖို့ လိုအပ်တယ်လို့ထင်ကြပေမယ့်လည်း အမေရိကန်အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာအဖွဲ့အစည်းကြီးကတော့ ဒါဟာပြဿနာမဟုတ်ဘူးလို့ဆိုပါတယ်။ အချို့သူတွေက နေ့စဉ်နေ့တိုင်းဝမ်းသွားပေမယ့်လည်း ဝမ်းဟာခြောက်ပြီးမာနေခဲ့ရင်တော့ ဝမ်းချုပ်တယ်လို့သတ်မှတ်နိုင်ပါတယ်။

          အခြားသူတွေက တစ်ပတ်မှာ သုံးရက်လောက်ပဲသွားပေမယ့်လည်း ပုံမှန်ဝမ်းဖြစ်နေရင် ဝမ်းချုပ်တယ်လို့ပြောလို့မရပါဘူး။ ဒါကြောင့် ဝမ်းချုပ်ခြင်းလို့ဆိုရာမှာ ဝမ်းသွားတဲ့အကြိမ်အရေအတွက်ထက် ဝမ်းအပျော့အမာနဲ့ကြည့်ပြီး ဆုံးဖြတ်တာက ပိုမှန်ပါလိမ့်မယ်။

          လူအများစုဟာ ဝမ်းချုပ်ခြင်းကိုတစ်ချိန်မဟုတ်တစ်ချိန်ကြုံတွေ့ဖူးကြမှာပါ။ ခရီးသွားခြင်း၊ မိမိရဲ့နေ့စဉ်ပုံမှန်လည်ပတ်နေမှုပြောင်းလဲခြင်းနဲ့ အစားအသောက်တွေကြောင့် ခဏတာဝမ်းချုပ်ခြင်းကို ခံစားနိုင်ပါတယ်။

          တခါတရံမအီမသာဖြစ်နိုင်တာကလွဲလို့ ဝမ်းချုပ်ခြင်းဟာ အရေးကြီးတဲ့ကိစ္စတစ်ခု မဟုတ်ပါဘူး။ ဗိုက်အောင့်ခြင်း၊ လေထခြင်းနဲ့ ပျို့ခြင်းတွေကိုတော့ဖြစ်နိုင်ပါတယ်။ ခဏတာ ဝမ်းချုပ်တာက အစားအသောက်အနေအထိုင်ပုံမှန်ပြန်ဖြစ်သွားပါက အလိုအလျောက်ပျောက်ကင်းသွားနိုင်ပါတယ်။

          တချို့သူတွေမှာတော့ ဝမ်းချုပ်ခြင်းဟာ ရက်သတ္တပတ်ပေါင်းများစွာကြာမြင့်နေတာကြောင့် ရေရှည် မှာ အောက်ပါနောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။

1. လိပ်ခေါင်း - စအိုဝမှာရှိတဲ့ သွေးပြန်ကြောတွေကြီးလာတာကြောင့် နာကျင်ခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်း၊ သွေးထွက်ခြင်းနဲ့ ယားယံခြင်းတို့ဖြစ်စေနိုင်ပါတယ်။

2. စအိုဝမှာအနည်းငယ်ပြဲသွားတာကြောင့် နာကျင်ခြင်း၊ ယားယံခြင်း

3. အူမကြီးထဲတွင် စမြင်းတုံးပိတ်ခြင်း

4. အူကျွံခြင်း - အူမကြီးသည် ပုံမှန်ရှိသင့်သည့်နေရာတွင် မရှိတော့ခြင်း

ဝမ်းချုပ်ခြင်းကို သံလွင်ဆီဖြင့်ကုသခြင်း

        ဝမ်းသွားအောင်ပြုလုပ်ဖို့အတွက် သံလွင်ဆီအသုံးပြုခြင်းဟာ အန္တရာယ်ကင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။ သံလွင်ဆီမှာပါဝင်တဲ့အဆီတွေဟာ အူအတွင်းဘက်နံရံတွေကိုချောမွေ့စေတဲ့အတွက် မစင်တုံးတွေကို လွယ်လွယ်ကူကူရွေ့လျားစေနိုင်ပါတယ်။ ထို့ပြင် သံလွင်ဆီဟာ ရေစုပ်နိုင်ဖို့ ကူညီပေးနိုင်တဲ့အတွက် ဝမ်းကိုလည်းပျော့စေနိုင်ပါတယ်။

          အိမ်ရာကနိုးပြီးဘာမျှမစားမီ သံလွင်ဆီထမင်းစားဇွန်း တစ်ဇွန်းသောက်ခြင်းဟာ ဝမ်းချုပ်ခြင်းကိုသက်သာစေနိုင်ပါတယ်။ ထို့ထက်ပိုသောက်ပါက ဗိုက်ရစ်၍ဝမ်းလျှောခြင်းများဖြစ်စေနိုင်တဲ့ အတွက် မသောက်သုံးသင့်ပါဘူး။

          သံလွင်ဆီကို မွေးကင်းစကလေးများနှင့် ကလေးငယ်လေးများကိုတိုက်ဖို့တော့ မသင့်တော်ပါဘူး။ အမေရိကန်ကလေးများအကယ်ဒမီရဲ့ အကြံပြုချက်အရ တစ်နှစ်အောက်ကလေးတွေမှာ ပန်းသီးဖျော်ရည်၊ သစ်တော်သီးဖျော်ရည်၊ ဆီးသီးအနှစ်အနည်းငယ်တို့ကို တိုက်ကျေွးနိုင်ပါတယ်။ ကလေးကြီးတွေကိုတော့ အမျှင်ဓာတ်များတဲ့အစားအစာတွေဖြစ်တဲ့ ဆီးသီး၊ မက်မွန်သီးနဲ့ အစေ့အနှံတွေကျေွးသင့်ပါတယ်။

          အစားအသောက်ပုံစံပြောင်းလဲတာတောင်မှ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နှင့်တိုင်ပင် သင့်ပါတယ်။

သံလွင်ဆီရဲ့အခြားကျန်းမာရေးကောင်းကျိုးများ

        သံလွင်ဆီသည်ဝမ်းချုပ်ရာမှာ ကူညီပေးရုံသာမက အခြားကျန်းမာရေးနဲ့ပတ်သက်ပြီး ကောင်းကျိုးတွေ လည်း အများကြီးရှိနေပါသေးတယ်။ သံလွင်ဆီဟာ မြေထဲပင်လယ်ဒေသအစားအစာတွေမှာ မပါမဖြစ်ဖြစ်ပြီး ရောဂါအချို့ဖြစ်ပွားမှုကိုလျှော့ချပေးနိုင်ရုံသာမက အသက်ရှည်စွာနေနိုင်ရေးအတွက်လည်း အထောက်အကူပြုပါတယ်။

          သံလွင်ဆီမှာ ရောင်ရမ်းမှုကိုသက်သာစေနိုင်တဲ့အစွမ်းသတ္တိရှိတာကြောင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါအချို့၊ အဆစ်အမြစ်ရောင်ရောဂါနဲ့ သတိမေ့ရောဂါ (Alzheimer)၊ အကြောအားနည်း၍ ခြေလက်တုန်သောရောဂါ (Parkinson’s disease) တွေဖြစ်ပွားမှု ကိုပါ လျော့ကျစေနိုင်ပါတယ်။ ထို့ပြင်စိတ်ကျရောဂါဖြစ်နိုင်ချေကိုလည်း လျော့နည်းစေနိုင်ပါတယ်။

          အမေရိကန်နှလုံးအဖွဲ့အစည်းကြီး (AHA) ၏ အဆိုအရ သံလွင်ဆီမှာ နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ ဆီပါဝင်တာကြောင့် စားသုံးပေးသင့်တယ်လို့သိရပါတယ်။ အသက် နှစ်နှစ်အထက် ကျန်းမာရေးကောင်းသူတိုင်းဟာ နေ့စဉ်လိုအပ်တဲ့ကယ်လိုရီတွေအနက် 25-35 ရာခိုင်နှုန်းခန့်ကို ၎င်းအဆီတွေကနေရတယ်လို့ AHA ကပြောကြားထားပါတယ်။ မပြည့်ဝဆီတွေကိုပိုမိုစားသုံးပြီး ပြည့်ဝဆီနဲ့ အသွင်ပြောင်းဆီတွေစားသုံးမှုကိုတော့ လျှော့ချသင့်ပါတယ်။

          ထို့ပြင်သံလွင်ဆီမှာ ပုံမှန်အစားအသောက်တွေမှာပါလေ့မရှိတဲ့ အရေးကြီးအာဟာရဓာတ်ဖြစ်တဲ့ ဗီတာမင် E လည်း ပါဝင်ပါတယ်။ စတိုးဆိုင်တွေမှာ သံလွင်ဆီအမျိုးမျိုးကိုအလွယ်တကူရနိုင်ပေမယ့်လည်း အသီးကနေသေချာထုတ်လုပ်ထားပြီး အရောအနှောမပါတဲ့ “Extra virgin” သံလွင်ဆီကသာ အကောင်းဆုံးဖြစ်ပါတယ်။

 

Dr. Thinzar Wynn

www.drmyanmar.com