/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွားဖုံးအရောင်ပြောင်းခြင်း

သွားဖုံးအရောင်ပြောင်းခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သွားနဲ့သွားဖုံးအရောင်ကို ပုံဖော်စိတ်ကူးကြည့်ပါက ပုလဲရောင်ကြွေသွားများနဲ့ ပန်းရောင်သန်းနေတဲ့ သွားဖုံးများကိုသာ မြင်ယောင်လေ့ရှိကြပါတယ်။ ဒါကြောင့် သွားဖုံးအရောင်ဟာ အမဲ၊ မီးခိုးနဲ့ အဖြူရောင်ဘက် ကိုပြောင်းနေပြီဆိုပါက စတင်၍ စိုးရိမ်စိတ်ဝင်တတ်ကြပါတယ်။ အချို့သော သွားဖုံးအရောင်ပြောင်းခြင်းများဟာ သဘာဝအတိုင်းဖြစ်လေ့ရှိတာ ဖြစ်ပေမယ့်လည်း တစ်ခါတစ်ရံမှာတော့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အခြေအနေတွေဖြစ်တာကြောင့် သေချာစွာဂရုပြုသင့်ပါတယ်။ အောက်ပါအကြောင်းအရင်းတွေ ကတော့ သွားဖုံးအရောင်ပြောင်းစေတဲ့ အဓိကအချက်တွေပဲဖြစ်ပါတယ်။

1. သဘာဝအတိုင်း သွားဖုံးအရောင်ရင့်ခြင်း

        သွားဖုံးအမဲ (သို့) အညိုရင့်ရောင်ပိုင်ဆိုင်ကြသူတွေဟာ အရေပြားမှာရှိတဲ့ ရောင်ခြယ် မျှခြေအနေအထားကြောင့်ပဲဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး အသားအရောင်မတူကြသလို သွားဖုံးအရောင်လည်း ကွဲပြားကြတာဖြစ်ပါတယ်။ အချို့သူများမှာတော့ သွားဖုံးဟာပန်းနုရောင်မသန်းတဲ့အပြင် အမဲရောင်အစက်တွေ ပါ မြင်တွေ့နိုင်ပါတယ်။ ဒါဟာ ဘာလို့ဖြစ်တာလဲဆိုတော့ ခန္ဓာကိုယ်ရဲ့ရောင်ခြယ်ဆဲလ် (melanin) ထုတ်လုပ်မှုမြင့်မားနေတာကြောင့်ဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်အသားအရောင် မတူသလိုမျိုး ပုံမှန်သဘာဝဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်။

2. ဆေးလိပ်နှင့် ဆေးဝါးများ

        အချို့သူများတွင် ဆေးလိပ်သောက်ခြင်းနဲ့ ဆေးဝါးများ (ဥပမာ - ပဋိဇီဝဆေးဝါးများ၊ စိတ်ကျရောဂါကုသဆေးများ) ကြောင့်လည်း သွားဖုံးအရောင်ပြောင်းနိုင်ပါတယ်။ ဆေးအသစ်တစ်မျိုး စတင်သောက်သုံးချိန်မှစ၍ သွားဖုံးအရောင်ပြောင်းလဲလာခြင်းကို သတိပြုမိပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်၍ အခြားဆေးတစ်မျိုးကို အစားထိုးသောက်သုံးနိုင်ပါတယ်။

3. ရောဂါအခြေအနေများ

♦ သွားဖုံးတစ်သျှူးကို မဲနက်စေတဲ့ အကြောင်းအရင်းများ

        သွားဖုံးအရောင်ပြောင်းလဲခြင်းအတွက် စိုးရိမ်ပူပန်စရာကောင်းတဲ့ အခြားသောအခြေအနေအချို့လည်း ရှိနေပါတယ်။ ပထမတစ်ခုကတော့ တစ်သျှူးဆဲလ်အသေများကြောင့်ဖြစ်တဲ့ သွားဖုံးမည်းရောဂါ (Necrotizing periodontal disease (or) Black Gum disease) ပဲဖြစ်ပါတယ်။ ၎င်းရောဂါဟာ အရေးကြီးတဲ့ အခြေအနေတစ်ခုဖြစ်ပြီး သွားဖုံးသွေးယိုခြင်း၊ အလွန်အမင်းနာကျင်ခြင်းနဲ့ ပါးစပ်မှအနံ့ဆိုးများထွက်ခြင်း တို့လည်း ဖြစ်စေနိုင်ပါတယ်။ သွားနဲ့ခံတွင်းကို သေချာစွာဂရုမစိုက်တဲ့အပြင် စိတ်ဖိစီးမှုများခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဗိုင်းရပ်စ်ပိုးဝင်ခြင်းနဲ့ ခုခံအားကျဆင်းတဲ့ရောဂါတွေကြောင့် ဖြစ် ရတာဖြစ်ပါတယ်။ အချိန်မီကုသမှုမခံယူပါက အရိုးနုမှတဆင့် အရိုးသို့ပျံ့နှံ့ကာ ဒုက္ခရောက်နိုင်ပါတယ်။ ၎င်းသွားဖုံးမည်ရောဂါကို ပဋိဇီဝဆေးဝါးများသောက်သုံးခြင်း (သို့) တစ်သျှူးဆဲလ်သေများကို ဖယ်ရှားခြင်းနည်းဖြင့် ကုသပျောက်ကင်းနိုင်ပါတယ်။

          နောက်ထပ်အခြေအနေတစ်ခုကတော့ သွားဖုံးအပေါ်မှာ မီးခိုးရောင်အလွှာတစ်ခု လာရောက်ဖုံးအုပ်ရာမှ ရုတ်တရက်အနာဖြစ်ကာ သွားဖုံးရောင်ရမ်းခြင်း (Acute Necrotizing ulcerative Gingivity) ဖြစ်စေတဲ့ အနေအထားပဲဖြစ်ပါတယ်။ သွားနှင့်ခံတွင်းသန့်ရှင်းရေးအားနည်းတာကြောင့်ဖြစ်ပြီး ယနေ့ခေတ်တွင် ဖြစ်ပွားမှုနှုန်းလွန်စွာမှပင် နည်းပါးလာပြီဖြစ်ပါတယ်။

♦ အဖြူရောင်သွားဖုံးကို ဖြစ်စေနိုင်တဲ့ အခြေအနေများ

        သွားဖုံးကိုဖြူစေနိုင်တဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ ပထမတစ်ခုအနေနဲ့ကတော့ ပါးစပ်ထဲမှာ မှိုရောဂါကြောင့် အဖြူဖတ်တွေဖြစ်လာတာဖြစ်ပါတယ်။ ၎င်းရောဂါကို ကုသဖို့ရာ သွားဆရာဝန်မှ သွားဖုံးမှာကပ်ငြိနေတဲ့ မှိုတွေကိုခြစ်ချပြီး ပြန်မဖြစ်စေရန် ဘယ်လိုကာကွယ်ရမလဲဆိုတာ ညွှန်ကြားပေး လိမ့်မယ်။

          အခြားအကြောင်းအရင်းတစ်ခုကတော့ အရက်သောက်ခြင်း (သို့) ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ် လာတဲ့ ကင်ဆာရောဂါကို ဦးတည်တဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေကြုံတွေ့နေရပြီဆိုပါက သွားဆရာဝန်နှင့်တိုင်ပင်၍ သွားနဲ့သွားဖုံးတွေ ထပ်မံမပျက်စီးအောင် ကာကွယ်မှုတွေကို လုပ်ဆောင်သင့် ပါတယ်။

သွားဖုံးအရောင်ပြောင်းခြင်းကို ဘယ်လိုကာကွယ်မလဲ

        အကောင်းဆုံးနည်းလမ်းကတော့ သွားနှင့်ခံတွင်းသန့်ရှင်းရေးကို နေ့စဉ်ပြုလုပ်၍ သွားဆရာဝန်နှင့် ခြောက်လတစ်ကြိမ် ပြသသင့်ပါတယ်။

Dr. Thinzar Wynn

www.drmyanmar.com