သွေးတွင်းသကြားဓာတ်လျော့ကျလွန်းစေသော ဆေးဝါးများ
သွေးချိုရောဂါရှင်များအနေဖြင့် မိမိတို့သုံးစွဲနေတဲ့ဆေးဝါးများမှာ သွေးတွင်းသကြားဓာတ် လျော့ကျ လွန်ခြင်းပြဿနာကို ဖြစ်ပေါ်စေနိုင်တဲ့ ဆေးများပါ၊ မပါ ဆရာဝန်ကို မေးမြန်းထားရန် လိုအပ်ပါတယ်။ သွေးချိုရောဂါ ကုသရာမှာအသုံးပြုတဲ့ အင်ဆူလင်ထိုးဆေးနဲ့ sulfonylureas အုပ်စုဝင်ဆေးဝါးများဟာ သွေးတွင်း သကြားဓာတ်လျော့နည်းလွန်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုသွေးချိုဆေးနဲ့ပတ်သက်ပြီး ဘယ်ဆေးကိုပဲသောက်နေသောက်နေ ဆရာ၀န်ညွှန်ကြားတဲ့အတိုင်း အစားအသောက်နဲ့ တွဲပြီးသောက် ရမလား၊ အစားမစားခင်သောက်ရမလား၊ စားပြီးပြီးချင်းသောက်ရမလားဆိုတာကို သေချာသိထားဖို့လိုပါတယ်။
သွေးတွင်းသကြားဓာတ်ကို လျော့ကျလွန်စေတဲ့ဆေးဝါးများထဲကမှ အသုံးများတဲ့ sulfonylureas အုပ်စုဝင်ဆေးဝါးအမည်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ ဂလီမီပရိုက် (Glimepride) ဆေး
၂။ ဂလီပီဇိုက် (Glipizide) ဆေး
၃။ ဂလစ်ဘန်ကလမိုက် (Glibenclamide) ဆေး
၄။ ဂလစ်ဂလဇိုက် (Gliclazide) ဆေး
Sulfonylureas အုပ်စုဝင်တွေထဲက အရင်တုန်းကသုံးခဲ့ပြီး ခုအသုံးနည်း လာတဲ့ ဆေးဟောင်းများဟာ နောက်ပိုင်းထွက်တဲ့ဆေးဝါးအသစ်အချို့ထက် သွေးတွင်း သကြားဓာတ်လျော့ကျမှုကို ပိုမိုဖြစ်ပေါ်စေပါတယ်။ အဆိုပါဆေးဟောင်းများရဲ့ဥပမာအချို့ကတော့
၁။ ကလိုပရိုပမိုက် (Chlorpropamide) ဆေး
၂။ နတီဂလီနိုက် (Nateglinide) ဆေး
၃။ ရီပဂလီနိုက် (Repaglinide) ဆေး
၄။ တော်လဇမိုက် (Tolazamide) ဆေး
၅။ တော်ဗျူတမိုက် (Tolbutamide) ဆေး တို့ပဲဖြစ်ပါတယ်။
၄င်းအပြင် အဆစ်အမြစ်ရောင်ဂေါက်ရောဂါမှာ သွေးတွင်းယူရစ် အက်ဆစ်ဓာတ် လျော့ကျစေ ရန် ရေရှည်ကုသမှုအဖြစ် အသုံးပြုတဲ့ ဆေးဝါးများဖြစ်တဲ့ Allopurinol ဆေးဝါး နဲ့ Probenecid ဆေးဝါး၊ သွေးကျဲဆေးနဲ့ အကိုက်အခဲပျောက်ဆေး အယ်စပရင် (Aspirin) ဆေးဝါး ၊ သွေးမခဲဆေး Warfarin အစရှိတဲ့ ဆေးဝါးများနဲ့ ဆီးချိုဆေးများတွဲသောက်မိခြင်း၊ အရက်သေစာသောက်သုံးခြင်းတို့ဟာလည်း သွေးတွင်းသကြားဓာတ်လျော့နည်းလွန်ခြင်းပြဿနာ ကြုံတွေ့ရနိုင်ပါတယ်။
အခြားဆီးချိုဆေးအုပ်စုများဖြစ်တဲ့ Alpha-glcosidase inhibitors ဆေးအုပ်စု၊ မတ်ဖော်မင် (Metformin) ကဲ့သို့သော ဆေးဝါးများပါဝင်တဲ့ Biguanides ဆေးအုပ်စု၊ Thiazolidinediones ဆေးအုပ်စုများမှာ ပါဝင်တဲ့ဆီးချိုဆေးများကို သောက်သုံးလျှင်တော့ သွေးတွင်း သကြားဓာတ် လျော့နည်းလွန်မှုပြဿနာ မကြုံတွေ့တတ်ပါ။ သို့ရာတွင် အဆိုပါဆေးအုပ်စုဝင်ဆေးဝါးများအားလည်း Sulfonyureas အုပ်စုဝင်ဆေးများ (သို့မဟုတ်) အင်ဆူလင်ဆေးနှင့် တွဲသုံးခဲ့လျှင်တော့ သွေးတွင်း သကြားဓာတ်လျော့နည်းလွန်ခြင်းပြဿနာဖြစ်ပေါ်နိုင်ပါတယ်။
Dr. Thanda Linn






























