သွေးပေါင်ချိန်တဲ့အခါ ...
သွေးပေါင်ချိန်တဲ့အခါ ကိုယ်နေဟန်ထားလေး မှန်မှန်ကန်ကန် ထားဖို့ကလည်း အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။
ဆရာ၀န်ဆီ သွားတဲ့အခါ ဆေးရုံ၊ ဆေးခန်း ရောက်တဲ့အခါ မှန်ကန်တဲ့ သွေးပေါင်ချိန် အဖြေရဖို့ ဗဟုသုတ မျှေ၀ပေးပါရစေ။
သွေးပေါင်ချိန်ပုံမှန်က အပေါ်သွေး ၁၂၀ အောက်သွေး ၈၀ ခန့်ပါ။ လူတစ်ယောက်နဲ့ တစ်ယောက်ရယ် ရောဂါအခံတွေပေါ် မူတည်ပြီး အတိုင်းအတာတွေ ကွာခြားတတ်ပါသေးတယ်။
>> သွေးပေါင်ချိန်တဲ့အခါ -
● ထိုင်ချိန်ရင် လူက ထိုင်ခုံပေါ်မှာ သက်သောင့်သက်သာ အမှီလေးနဲ့ ထိုင်ပေးပါ။
● ခြေထောက်နှစ်ဖက် ဖြောင့်ဖြောင့်တန်းတန်း ကြမ်းပြင်ပေါ် ချထားပါ။
● တင်ပလ္လင် မချိတ်ပါနဲ့။
● ထို်င်တဲ့အခါ အမှီမပါရင် သွေးပေါင်ဟာ ရှိသင့်တာထက် များနေတတ်ပါတယ်။
>> လှဲချိန်တဲ့အခါ -
● လှဲချိန်တဲ့အခါ တစ်ကိုယ်လုံး ဖြေလျော့နေပါစေ။
● အသက် မှန်မှန်ရှူပါ။
● ပက်လက်လှန်ပြီး လှဲလျောင်းပါ။
● ခြေထောက် ဆင်းထားပါ။
>> မတ်တတ်ရပ်ချိန်တာ ဘာလို့လဲ?
အသက် ၇၀/၈၀ အဘိုးအဘွားတွေ၊ သွေးကျဆေးတချို့ သောက်နေသူတွေ၊ အချို့ ရောဂါအခံ တစ်မျိုးမျိုး ရှိသူတွေမှာ မတ်တပ်ရပ်လိုက်တာ သွေးပေါင် ထိုးကျသွားပြီး မူးေ၀သွားတာတွေ ရုတ်တရက် ရင်ထဲမှာ တလှပ်လှပ်ဖြစ်တာတွေ ခံစားရတတ်ပါတယ်။ အိပ်နေရင် သွေးပေါင်နဲ့ ရပ်နေစဉ် သွေးပေါင် မတူညီတာကို သိရှိလိုတဲ့အတွက် ဆရာ၀န်များက စိတ်ချရတဲ့အခြေအနေတစ်ခုမှာ အနားမှာ အကူထားပြီး ချိန်ကြည့်လေ့ ရှိပါတယ်။
>> လက်အနေအထား ဘယ်လိုထားမလဲ?
● လက်မောင်းမှာ နှလုံးနဲ့ တစ်ပြေးတည်း အနေအထားမှာ ရှိသင့်ပါတယ်။
● လက်မောင်းဟာ လိုအပ်တာထက် မြင့်နေရင် သွေးပေါင်ဟာ ရှိသင့်တာထက် ကျနေတတ်ပြီး လက်မောင်းဟာ အောက်ကို နိမ့်ကျနေရင် သွေးပေါင်ဟာ ရှိသင့်တာထက် တိုးနေတတ်ပါတယ်။
● ဒီတော့ လက်အနေအထားကိုလည်း မကွေးလွန်း မဆန့်လွန်းဘဲ တောင့်တောင့်ကြီးမနေဘဲ အသာလေး ချထားပေးပါ။ ဆရာ၀န်က လိုအပ်သလို ပြင်ပေးပါလိမ့်မယ်။
အပြင်က ရောက်ရောက်ချင်း သွေးပေါင် တန်းချိန်တာမျိုး ကိုယ်လက်လှုပ်ရှား ကစားပြီးတဲ့အခါ ချိန်ကြည့်တာမျိုးဆို အမှန်ကို မရရှိနိုင်ပါကြောင်း စိတ်ရောကိုယ်ပါ သက်သောင့်သက်သာ အနေအထားတစ်ခုမှာ ချိန်မှသာ မှန်ကန်တဲ့ သွေးပေါင်အတိုင်းအတာတစ်ခု ရရှိစေမှာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























