သွေးအားကောင်းစေမယ့်အစားအစာများ
သွေးနီဥတွေဟာ ခန္ဓာကိုယ်ရှိ တစ်သျှူးတွေဆီသို့ အောက်ဆီဂျင်ကိုသယ်ပို့ပေးပြီး ခန္ဓာကိုယ်မှ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ရှာပေးတဲ့လုပ်ငန်းစဉ်ကို ဆောင်ရွက်ပေးပါတယ်။ သွေးနီဥထဲမှာ အနီရောင်တောက်တောက်အရောင်ရှိတဲ့ ဟီမိုဂလိုဘင်လို့ခေါ်တဲ့ သံဓာတ်ကြွယ်၀သောပရိုတင်းတစ်မျိုး ပါ၀င်တာကြောင့် သွေးနီဥတွေဟာ အနီရောင်အဆင်းရှိတာဖြစ်ပါတယ်။ သွေးနီဥရဲ့သက်တမ်းက ရက်ပေါင်း 120 သာ ကြာမြင့်ပြီး ရိုးတွင်းခြင်ဆီကနေ သွေးနီဥအသစ်တွေကို ထုတ်လုပ်ပေးပါတယ်။
ခန္ဓာကိုယ်ကနေ သွေးနီဥကို အလုံအလောက်မထုတ်နိုင်တဲ့အခါမှာဖြစ်စေ၊ သွေးနီဥတခုချင်းစီမှာ ပါ၀င်တဲ့ hemoglobin ပမာဏနည်းတဲ့အခါမှာဖြစ်စေ သွေးအားနည်းရောဂါကိုခံစားရနိုင်ပါတယ်။ အဖြစ်အများဆုံးသွေးအားနည်းရောဂါအမျိုးအစားမှာ သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ Iron Deficiency Anemia (IDA) ဖြစ်ပါတယ်။ IDA ဟာ များသောအားဖြင့် သံဓာတ်ပါ၀င်မှု ရှိတဲ့အစားအစာတွေကို လုံလောက်စွာမစားသုံးမှုနှင့် ဆက်စပ်နေပါတယ်။
အရွယ်ရောက်ပြီးသားအမျိုးသားတယောက်နှင့် သွေးဆုံးပြီးအမျိုးသမီးတယောက်ရဲ့ တနေ့တာလိုအပ်တဲ့ သံဓာတ်ပမာဏက 8 mg အနည်းဆုံးဖြစ်ပြီး သွေးမဆုံးသေးတဲ့ အမျိုးသမီးတယောက်ရဲ့ တနေ့တာ လိုအပ်ချက်က 18 mg ဖြစ်ပါတယ်။ ဗီတာမင် C ကလည်း သံဓာတ်စုပ်ယူမှုအတွက် အထောက်အကူပြုတာကြောင့် အမျိုးသားတွေက တနေ့လျှင် အနည်းဆုံး ဗီတာမင် C 90 mg၊ အမျိုးသမီးတွေက 75 mg လိုအပ်ပါတယ်။
သံဓာတ်ပြည့်၀တဲ့အစားအစာများ
ဟီမိုဂလိုဘင်ပြုလုပ်ဖို့အတွက် ခန္ဓာကိုယ်က သံဓာတ်ကို လိုအပ်ပါတယ်။ သံဓာတ်ပြည့်၀တဲ့ အစားအစာတွေကို စားသုံးခြင်းဖြင့် သွေးအားနည်းခြင်းမှ ကာကွယ်နိုင်သလို ဆဲလ်တွေဆီသို့ အောက်စီဂျင်ကောင်းစွာရောက်ရှိနိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။ ဒါကြောင့် သံဓာတ်ကြွယ်၀တဲ့အစားအစာတွေဖြစ်တဲ့ အနီရောင်ရှိသောအသား၊ ကျောက်ကပ်၊ အသည်း၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ ဟင်းနုနွယ်၊ ကိုက်လန်၊ ဆီးသီးခြောက်၊ စပျစ်သီးခြောက်၊ ကြက်ဥအနှစ် စတာတွေကို ပုံမှန်စားသုံးသင့်ပါတယ်။
Folic Acid (ဖောလစ်အက်ဆစ်) ကြွယ်၀သော အစားအစာများ
ဗီတာမင် B အုပ်စု၀င်တစ်မျိုးဖြစ်တဲ့ ဖောလစ်အက်ဆစ်ဟာ သွေးနီဥအသစ်တွေပြုလုပ်ရာမှာ အထောက်အကူပြုပါ တယ်။ ဖော်လစ်အက်ဆစ်ဓာတ်ကြွယ်၀တဲ့ အစားအစာတွေ ကတော့ ပေါင်မုန့်၊ ကောက်နှံဖြင့်ပြုလုပ်ထားသော အစားအစာများ၊ အစိမ်းရင့်ရင့်အရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုးနှင့် အခွံမာသီးတွေပဲဖြစ်ပါတယ်။
ဗီတာမင် B12 ကြွယ်၀သော အစားအစာများ
ဗီတာမင် B12 ကလည်း ဒီအန်အေ(DNA)ထုတ်လုပ်မှုနှင့် သွေးနီဥထုတ်လုပ်မှုမှာ အရေးပါတဲ့ ဗီတာမင် B အုပ်စု၀င်ဖြစ်ပါတယ်။ ဗီတာမင် B12 ချို့တဲ့ခြင်းက ရိုးတွင်းခြင်ဆီအတွင်းမှာ မူမမှန်တဲ့ ဆဲလ်ကွဲပြားမှုတွေကို ဖြစ်တာကြောင့် အရွယ်အစားကြီးမားတဲ့ သွေးနီဥရှေ့ပြေးဆဲလ် (megaloblasts) တွေသာ ရရှိလာပါတယ်။ Megaloblasts တွေက အောက်စီဂျင်ကို သိုလှောင်ခြင်းနှင့် တစ်သျှူးများဆီသို့ ရောက်ရှိအောင်သယ်ပို့ခြင်း စတာတွေကိုပြုလုပ်နိုင်ခြင်းမရှိတာကြောင့် ဗီတာမင် B12 ချို့တဲ့ရင် သွေးအားနည်းရောဂါကို ခံစားရလေ့ရှိပါတယ်။ ဗီတာမင် B12ကို အမဲအသည်း၊ ငါး၊ အနီရောင်ရှိသော အသား၊ ဥအမျိုးမျိုး၊ နို့ နှင့် နို့ထွက်ပစ္စည်း၊ ကောက်နှံနှင့် ပြုလုပ်ထားသော အစားအစာများမှတဆင့် ပေါများစွာ ရရှိနိုင်ပါတယ်။
Dr. Htet Htet Aung






























