/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဟောက်သံကဆူ-ညဆို-ဘယ်လိုအိပ်မလဲ

ဟောက်သံကဆူ ညဆို ဘယ်လိုအိပ်မလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ကမ်ဘာ့ထူးဆန်းအံ့သြဖွယ် ဂင်းနစ်စာအုပ်ကြီးအရဆိုရင် ကမ်ဘာ့အကျယ်ဆုံး ဟောက်သံဟာ ၁၁၁.၆ ဒက်ဆီဘယ်တောင် ရှိပါသတဲ့။ ဒါဟာ အိမ်အပေါ်တည့်တည်ကနေ ဂျက်လေယာဉ် ဖြတ်သွားတဲ့အသံနဲ့ တူတူပဲတဲ့နော်။ ဒီလောက်ကျယ်တဲ့ ဟောက်သံပိုင်ရှင်ကတော့ အသက် ၆၀ အရွယ် ဘွားဘွားတစ်ယောက်ပါပဲ။

          လူတွေရဲ့တစ်ဝက်လောက်က ဟောက်တတ်တယ်လို့ သိရတယ်။ အမျိုးသားတွေမှာ ပိုဖြစ်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာလည်း ဖြစ်တာပဲ။ မိသားစုရာဇဝင်နဲ့လည်း ဆိုင်သလို အသက်ကြီးလာရင်လည်း ပိုဆိုးတတ်တယ်။ အမျိုးသား ၄၀% လောက်နဲ့ အမျိုသမီး ၂၄% လောက်ဟာ ဟောက်တတ်ကြတယ်ဆိုတော့ ဘာကြောင့်ဟောက်ရတာလဲဆိုတာ တွေးစရာဖြစ်လာတယ်။

 

>>    ဘာကြောင့်ဟောက်ရတာလဲဆိုတော့ -

          အိပ်ငိုက်ရုံကနေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့အခါ အာခေါင်မှာရှိတဲ့ ကြွက်သားတွေ၊ လျှာတွေပါ ပြေလျော့သွားကြတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို တစ်ပိုင်းတစ်စ သွားပိတ်ပြီး တုန်ခါလာကြတယ်။ အသက်ရှူလမ်းကြောင်း ကျဉ်းလေလေ၊ ဟောက်သံ ပိုကျယ်လေလေပါပဲ။

        ဟောက်သံကို ပိုကျယ်စေတဲ့ အကြောင်းရင်းတွေကတော့ -

          ဝတာ၊ ဓာတ်မတည့်တာ၊ အိပ်ပုံမမှန်တာနဲ့ ဆေးတွေကြောင့်ပါပဲ။ တချို့တွေမှာတော့ ဟောက်တာဟာ စိုးရိမ်စရာ အရေးကိစ္စ ဖြစ်လာတယ်။ Obstructive sleep apnoea လို့ခေါ်တဲ့ အိပ်နေချိန် အသက်ရှူ ရပ်ရပ်သွားတဲ့ ရောဂါကြောင့်ပါ။ ဒီရောဂါရှိသူတွေဟာ ညဘက်မှာ အိပ်ကောင်းခြင်း မအိပ်ပျော်ဘဲ နေ့ခင်းဘက် အိပ်ငိုက်နေတာ၊ နုံးနေတာမျိုးတွေ ဖြစ်နိုင်တယ်။ ပြီးတော့ ဒီရောဂါရှိသူတွေမှာ သွေးတိုး၊ နှလုံးသွေးကြောကျဉ်း၊ လေဖြတ်၊ အင်ဆူလင်ဓာတ် မတိုးခြင်းနဲ့ ဆီးချိုရောဂါတွေ ဖြစ်နိုင်ပါတယ်။

          နောက် ဟောက်စေနိုင်တဲ့ တစ်ချက်ကတော့ အိပ်ရေးပျက်တာပါပဲ။ အိပ်ရေးပျက်တာ များပြီးနောက် အစားထိုး ပြန်အိပ်တဲ့အခါ ဟောက်သံ ပိုကျယ်တတ်တယ်။

 

>>    ကိုယ်ကိုယ်တိုင်တင်မက သူများကိုပါ အိပ်ရေးပျက်စေတဲ့ ဟောက်သံ မထွက်အောင် ဘာတွေလုပ်လို့ရမလဲ?

          ဆေးဆိုင်တွေမှာ ဝယ်လို့ရတဲ့ ခေါင်းအုံးတု့ိ၊ ပါးစပ်ထဲထည့်တဲ့ ကိရိယာတွေဟာ ဟောက်တာကို သက်သာစေနိုင်တယ်။ ဒါပေမဲ့ ရလဒ်ကတော့ တစ်ယောက်နဲ့တစ်ယောက် ကွာခြားနိုင်တယ်။ ပြီးတော့ နောက်တစ်ခု မှတ်ထားရမှာက အိပ်နေချိန် အသက်ရှူ ရပ်ရပ်သွားတဲ့ Obstructive sleep apnoea ရောဂါဆိုရင်တော့ ဒီပစ္စည်းတွေနဲ့ သက်သာချင်မှ သက်သာနိုင်မှာပါ။

          ဒါကြောင့် ညဘက်မှာ အရမ်းဟောက်တတ်သူတွေဟာ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဖြစ်စေတတ်တဲ့ အကြောင်းရင်းတွေကို လိုက်ရှာရမယ်။ ပြီးးတော့ အခုပြောမယ့် နည်းလမ်းလေးတွေကိုလည်း စမ်းလုပ်ကြည့်ပေါ့။

 

●      ကိုယ်အလေးချိန် လျှော့ချပါ။

          နည်းနည်းလောက် ဝတာကတော့ ကိစ္စမရှိပေမယ့် အရမ်းဝနေရင်တော့ ညဘက်မှာ အိပ်ကောင်းခြင်း မအိပ်ရတာမျိုးတွေ ဖြစ်နိုင်တယ်။ ဒါကြောင့် တစ်နေ့ကို မိနစ် ၃၀ လောက်ပဲ လေ့ကျင်ခန်း မှန်မှန်လုပ်ကြည့်နော်။

 

●      အိပ်ပုံအနေအထားကို ပြောင်းလဲပါ။

          တချို့တွေက ပက်လက်အိပ်ရင် ပိုဟောင်တတ်ကြတယ်။ ဒါကြောင့် ကိုယ်နဲ့ အဆင်ပြေမယ့် အိပ်ပုံအနေအထားမှာ ရှိနေအောင် ခေါင်းအုံးတွေနဲ့ ခုခံပြီးတော့ အိပ်လို့ရတယ်နော်။

 

●      အရက်ကို လျှော့သောက်ပေးပါ။

          တချို့တွေက ညဘက်မှာ တစ်ခွက်လောက် သောက်လိုက်ရမှ ကောင်းကောင်း အိပ်ပျော်တတ်တယ်။ ဒါပေမဲ့ သောက်တာ များသွားရင်တော့ မေးရိုးနဲ့ လည်ပင်းကြွက်သားတွေ ပြေလျော့ပြီး အသက်ရှူလမ်းကြောင်းကို သွားပိတ်တဲ့အတွက် ဟောက်တတ်ကြတယ်။

 

          လူတိုင်းလူတိုင်းဟာ တစ်ညကို အနည်းဆုံး ၇ နာရီကနေ ၉ နာရီလောက်အထိ အိပ်ချိန်ရှိရမယ်။ ဒါမှ ကျန်းမာရေးနဲ့ ညီညွတ်မှာပေါ့။ ဒါပေမဲ့ ဟောက်သံတွေက အိပ်ချိန်ကို နှောင့်ယှက်လာပြီ ဆိုရင်တော့ ဂရုစိုက်သင့်ပြီနော်။ နေထိုင်မှုပုံစံလေး နည်းနည်းပြောင်းလိုက်ပြီး ဆရာဝန်နဲ့ ပြကြည့်ဖို့လိုတယ်။

Dr. Emerald (www.drmyanmar.com)