အခန်းတွင်းဖြန်းဆေး (Air Fresher) တွေနဲ့ ပတ်သက်တဲ့ အန္တရာယ်
Air Fresher လို့ခေါ်တဲ့ အခန်းတွင်းမှာ မွှေးကြိုင်အောင် အနံ့ပျောက်အောင်ဖြန်းတဲ့ ဖြန်းဆေးတွေက တကယ်ရော အန္တရာယ် ကင်းရဲ့လား?
အခန်းတွင်းမှာသာမက ကားထဲမှာပါ အနံ့မွှေးအောင် အနံ့ဆိုးတွေကင်းအောင် ဖြန်းတဲ့ ဖြန်းဆေးတွေမှာ လူ့ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေတဲ့ ဓာတုဒြပ်ပေါင်းတွေ မြင့်မားစွာ ပါဝင်နေပါတယ်။
လူ့အဆုတ်ဟာ အားအင်အပြည့်ဝဆုံး စစ်ထုတ်ရေးလုပ်ငန်းကို လုပ်ဆောင်နေတဲ့ အဂါၤတစ်ခု ဖြစ်ပါတယ်။ အဆုတ်ဟာ နေ့စဉ် အမှုန်အမွှားနဲ့ ဓာဓုပစ္စည်းပေါင်း မီလီယံနဲ့ချီပြီး စစ်ထုတ်သန့်စင်ပေးတဲ့ လုပ်ငန်းကို လုပ်ပါတယ်။ သူဟာ သူ့တာဝန်ကို မရပ်မနား ထမ်းဆောင်နေပြီး အိပ်စက်ချိန်မှာတောင် မနားဘဲ ဆက်လက် အသက်ဝင်နေတဲ့အရာပါ။
ရေစစ်ဆိုတာလည်း ကြာလာရင် နွမ်းဖတ်ညစ်ပေလာသလိုပဲ နေ့စဉ် ဓာတုဒြပ်ပေါင်းတွေကို စစ်ထုတ် စွန့်ပစ်ရတာ ကြာလာတဲ့အခါ အဆုတ်က ဆဲလ်တွေဟာ အန္တရာယ်ရှိပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။
ဒီဒြပ်ပေါင်းတွေ၊ ဓာတုအမှုန်အမွှားတွေဟာ အဆုတ်အပြင် အမြဲထိတွေ့နေတဲ့ အရေပြား၊ အဆုတ်ထဲကိုဝင်ရာ အသက်ရှူလမ်းကြောင်း၊ အာရုံကြောတွေကို ကြီးစွာထိခိုက်စေပါတယ်။
ဖြန်းဆေးတွေကို ရေရှည်အသုံးပြုလာသူတွေမှာ နောက်ဆက်တွဲအနေနဲ့ -
● မကြာခဏ ပျိူ့အန်ချင်ခြင်း
● အစာမကြေခြင်း
● အရေပြားတွေ ယားယံခြင်း
● လေးလံ ထုံထိုင်းခြင်း
● အာခေါင်စပ်ခြင်း
● အသက်ရှူမဝခြင်း စတာတွေကို ကနဦး ခံစားရမှာပါ။ အမွှေးနံ့ သိပ်ပြင်းသွားတဲ့အခါ နေရထိုင်ရ နည်းနည်းခက်ပြီး အသက်ရှူမဝဖြစ်တာကို လူတိုင်း ခံစားဖူးပါတယ်။
ပညာရှင်တွေရဲ့ အဆိုအရ ဓာတုအမှုန်တွေထဲမှာမှ Formaldehyde လို့ခေါ်တဲ့ ကင်ဆာ လှုံ့ဆော်ပစ္စည်းဟာ ကြောက်စရာကောင်းလောက်အောင် လူ့ဆဲလ်တွေကို ပြောင်းလဲစေနိုင်ပြီး သွေးကင်ဆာ၊ အဆုတ်ကင်ဆာ စတာတွေအထိ ဖြစ်စေနိုင်ပါတယ်လို့ ယူဆထားပါတယ်။
ဒီတော့ အမွှေးတိုင်တွေ၊ ဖြန်းဆေးတွေ ရေမွှေးတွေကလည်း တူညီသောဆိုးကျိုးတွေ ရေရှည်မှာ ပေးနိုင်နေမယ်ဆိုတာ သံသယရှိစရာမလိုတဲ့ အချက်ပါ။
ဒါတွေကို ကာကွယ်ဖို့ -
● အမွှေးတိုင်တွေ ထွန်းတဲ့အခါ၊ Air fresher ဖြန်းတဲ့အခါ ပြတင်းပေါက်တွေ ဖွင့်လှစ်ထားပါ။
● လေဝင်လေထွက်ကောင်းအောင် ပန်ကာ ဖွင့်ထားပါ။
● အဲယားကွန်းပိတ်ပြီး မဖြန်းပါနဲ့။
● အမွှေးဖြန်းဆေးတွေ ဖြန်းပြီးတဲ့အခါ အခန်းထဲက ထွက်နေပါ။
● လူနဲ့ နီးနီးကပ်ကပ်နေရာတွေ မဖြန်းပါနဲ့။
● အသားတွေကို ဖြန်းဆေး မထိပါစေနဲ့။
● ဖြန်းဆေးဖြန်းပြီးတိုင်း လက်စင်အောင် ဆေးပါ။
● အကျႌ လဲဝတ်ပါ။
မွှေးမှ အနံ့ကောင်းမှ နေနိုင်မယ်ဆိုရင် အခန်းထဲမှာ သဘာဝပန်းခြောက် ထားနိုင်ပါတယ်။ ဟိုးရှေးက အင်္ဂလိပ်မိသားစုတွေဟာ တတိုင်းမွှေးပန်းတွေကို အခန်းထဲမှာ ထိုးစိုက်ထားတဲ့အခါ စံအိမ်ထဲမှာ အမွှေးနံ့တွေ ကြိုင်လှိုင်နေကြောင်း ရေးထားဖူးပါတယ်။ အမွှေးကြိုက်တယ်ဆိုရင် သဘာဝပန်းနံ့ကိုသာ ရရှိဖို့ ပန်းတွေဝေနေအောင် ထိုးထားလိုက်ပါ။ အခန်းထဲမှာ ထားလို်ရတဲ့ စိမ်းလန်းတဲ့ အပင်လေးတွေ စိုက်ပါ။ အရွက်တွေ၊ ပန်းတွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူသွားပြီး အခန်းတွင်း လေထုကို သန့်ရှင်းစင်ကြယ်စေပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)





























