အင်ဆူလင်ဆိုတာဘာလဲ?
အင်ဆူလင်ဆိုတာ ပန်ကရိယလို့ခေါ်တဲ့ မုန့်ချိုအိတ်ကနေထွက်လာတဲ့ ဟော်မုန်းတစ်မျိုးပါ။ အင်ဆူလင်ရှိမှ သွေးထဲကဂလုကို့စ်အချိုဓာတ်တွေ ဆဲလ်ကလာဒ်စည်းတွေထဲဝင်နိုင်တဲ့အတွက် သွေးတွင်းအချိုဓာတ်ကို အဓိကထိန်းညှိပေးတာဟာ သူဆိုလည်း မမှားပါဘူး။ ဆီးချိုရောဂါအမျိုးအစား၁မှာ အင်ဆူလင်လုံးဝမထုတ်ပေးနိုင်လို့ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် အပြင်က အင်ဆူလင်ထိုးပေးရတယ်။ ဆီးချိုရောဂါအမျိုးအစား၂မှာတော့ အင်ဆူလင်ထုတ်ပေးနိုင်ပေမယ့် မလုံလောက်တဲ့အခါ အင်ဆူလင်ထိုးဖို့လိုအပ်နိုင်တယ်။
အင်ဆူလင်ကို အခုမှစသုံးဖူးမယ့်သူတွေရော၊ သုံးဖူးပြီးသားပေမယ့် ရေရေရာရညမသိသေးတဲ့သူတွေရောအတွက် အင်ဆူလင်အကြောင်း၆ချက်ကို ပြောပြပါမယ်။
၁။ အင်ဆူလင်ထိုးတာဟာ နောက်ဆုံးအဆင့်မဟုတ်ပါဘူး။
လူအများစုက အင်ဆူလင်ကို နောက်ဆုံးအဆင့်၊ ရောဂါမနိုင်တော့မှ ထိုးရတာဆိုပြီး ထင်တတ်၊ကြောက်တတ်ကြတယ်။ ဆီးချိုရောဂါဆိုတာ ကြာလေလေ ပိုဆိုးလေလေ၊ အင်ဆူလင်ထုတ်လုပ်ဖို့၊ သုံးစွဲဖို့ပိုခက်လေလေ ဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် အင်ဆူလင်စထိုးပြီးဆိုတာနဲ့ ရောဂါဂိတ်ဆုံးတာတော့ မဟုတ်ဘူး။ တကယ်တော့ အင်ဆူလင်ဟာ ဆီးချိုအတွက်သုံးတဲ့ဆေးတွေထဲက ဆေးတစ်မျိုးပါပဲ။ အင်ဆူလင်ကိုနောက်ဆုံးအဆင့်လို့ ထင်တတ်ကြပေမယ့် တစ်ခါတစ်လေ အစောဆုံးသုံးရတဲ့ကုသမှုလည်းဖြစ်တတ်တယ်။
၂။ အင်ဆူလင်ထိုးတာမနာပါဘူး။
အခြားဆီးချိုဆေးတွေနဲ့မတူတာက အင်ဆူလင်ကထိုးဆေးဖြစ်နေတာပါ။ ဒါကြောင့် တစ်ချို့အပ်ကြောက်သူတွေက ထိုးဖု့ိမဝ့ံမရဲဖြစ်တတ်တယ်။ ဒါပေမယ့် အင်ဆူလင်ထိုးတဲ့အပ်ဆိုတာ သေးသေးလေးတွေဖြစ်လို့ ထင်သလောက်မနာပါဘူး။ ကလေးတွေတောင် ကိုယ့်ဟာကိုယ်ထိုးတတ်ကြတယ်။ (တစ်ချို့အင်ဆူလင်အမျိုးအစားတွေဆိုရင် အပ်တောင်မလိုပဲနဲ့ အသားထဲအင်ဆူလင်ထိုးထည့်ပေးတာမျိုးတောင် ပေါ်နေပါပြီ။) ဒါကြောင့် အင်ဆူလင်စထိုးတဲ့လူတွေမှာ အစပိုငး်မှာနာမယ်ထင်ပြီး ရှုံ့တွနေပြီးမှ မနာမှန်းသိသွားတဲ့ မျက်နှာကိုကြည့်ရတာသိပ်ကျေနပ်ဖို့ကောင်းတယ်။
Naturally Better 1

၃။ အင်ဆူလင်ထိုးရတာသိပ်အလုပ်မရှုပ်ပါဘူး။
အင်ဆူလင်ထိုးဖို့ထုတ်ထားတဲ့ ပစ္စည်းလေးတွေဟာ အရင်ကထက်စာရင် ပိုပြီးသယ်ရပြုရလွယ်လာပြီ။ အများစုက သယ်ရလွယ်ကူတဲ့ အင်ဆူလင်Penလေးတွေကို သုံးကြတယ်။ တစ်ချို့penတွေမှာဆို အင်ဆူလင်ဖြည့်ပြီးသားတောင် လာတတ်တယ်။ တစ်ချို့က အင်ဆူလင်ထိုးပေးတဲ့စက်ကလေးကို သုံးကြတယ်။ ဒီစက်ကလေးတွေက အင်ဆူလင်ကို ပုံမှန်သူ့အချိန်နဲ့သူ ထိုးပေးမယ့် ပရိုဂရမ်တွေပါတယ်။ အကယ်၍ ပိုထိုးဖို့လိုအပ်လာမယ်ဆိုရင် ထိုးရမယ့်ပမာဏကို ရိုက်ထည့်လိုက်ပြီး ခလုတ်ကလေးနှိပ်လိုက်ရုံပဲ။
၄။ အင်ဆူလင်ထုတ်လုပ်မှုဟာ သိသိသာသာကို တိုးတက်ပြောင်းလဲလာပါပြီ။
၁၉၂၀ Torontoမြို့မှာ အင်ဆူလင်စတီထွင်တုန်းက ဝက်တွေနွားတွေရဲ့ ပန်ကရိယတစ်ရှူးတွေကနေ ထုတ်ခဲ့ရတယ်။ ၁၉၈၀ခုနှစ်အထိ တိရစၦာန်တွေဆီက ထုတ်တုန်းပါပဲ။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ အင်ဆူလင်တွေက အများကြီးတိုးတက်လာပါပြီ။ အင်ဆူလင်အများစုဟာ အင်ဆူလင်ထုတ်ပေးတဲ့ လူ့မျိုးရိုးဗီဇနဲ့ ဘတ်တီရီးယားဆဲလ်နဲ့ပေါင်းစပ် ထုတ်လုပ်လာပါတယ်။ ဒါကြောင့် တကယ့်လူ့ခန္ဓာကိုယ်ကထုတ်လုပ်တဲ့အတိုင်း ဖြစ်လာပါပြီ။
Naturally Better 2

၅။ အင်ဆူလင်တိုင်းကမတူပါဘူး။
အခုခေတ်မှာ လူတွေမှာရှိတဲ့ အင်ဆူလင်အတိုင်း အလုပ်လုပ်ပေးနိုင်ဖို့ အင်ဆူလင်အမျိုးအစားတွေ ကွဲကွွဲဲပြားပြားထုတ်လာကြတယ်။ အင်ဆူလင် စအလုပ်လုပ်ဖို့ကြာချိန်၊ အကျိုးအာနိသင်ကြာချိန်၊ အာနိသင်အကောင်းဆုံးအချိန် စသည်ဖြင့် တစ်ခုနဲ့တစ်ခု မတူပါဘူး။ ဒါကြောင့် လူအမျိုးမျိုးအထွေထွေ၊ နေထိုင်မှုမျိုးစုံ၊ အသက်မျိုးစုံ၊ ကျန်းမာရေးအခြေအနေမျိုးစုံအပေါ်မူတည်ပြီး ရွေးချယ်နိုင်လာတယ်။ ကိုယ်နဲ့ကိုက်ညီမယ့် အင်ဆူလင်အမျိုးအစားကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
၆။ အင်ဆူလင်ကိုသေချာဂရုစိုက်ပြီးသိမ်းရမယ်။
မဖွင့်ရသေးတဲ့ အင်ဆူလင်ပုလင်းကိုတောင် ရေခဲသေတ္တာထဲထည့်သိမ်းထားရမယ်။ ဒါပေမယ့် ခဲထားစရာတော့မလိုပါဘူး။ ဒါ့တင်မက ဖွင့်ပြီးသားအင်ဆူလင်ပုလင်းကိုလည်း ၂၈ရက်ထက်ပိုပြီး မသုံးသင့်ဘူး။ ရက်လွန်နေတဲ့ အင်ဆူလင်ကိုလည်း မသုံးပါနဲ့။ အင်ဆူလင်တွေမှာ တစ်ချို့ကအကြည်၊ တစ်ချို့ကအနောက် ပုံစံမျိုးစုံရှိတာကြောင့် ကိုယ်ထိုးမယ့်အင်ဆူလင်ပုံစံကို ကိုယ့်ဟာကိုယ်သိထားပြီး ထိုးခါနီးတိုင်း သတိထားကြည့်ရမယ်။
အင်ဆူလင်ဟာ ဆီးချိုရောဂါကို ပျောက်အောင် လုပ်ပေးတာတော့မဟုတ်ပေမယ့် ကျန်းကျန်းမာမာလူကောင်းအတိုင်းနေနိုင်ဖို့ လိုအပ်ချက်ကို ဖြည့်စည်းပေးနေတဲ့အရာတစ်ခု ဖြစ်တယ်။ အင်ဆူလင်ထိုးသူအများစုမှာ အင်ဆူလင်ထိုးပြီးနောက် ပိုပြီးနေထိုင်ကောင်းလာတယ်ဆိုပြီး ပြောလေ့ရှိကြတယ်။ စောစောမစမိတာတောင် နောင်တရမဆုံးဖြစ်ကြတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)





























