/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အင်းဆက်ပိုးမွှား-အကိုက်ခံရတဲ့အခါ

အင်းဆက်ပိုးမွှား အကိုက်ခံရတဲ့အခါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        အင်းဆက်ပိုးမွှား ကိုက်တယ်၊ တုပ်တယ်ဆိုတာ အင်မတန် အဖြစ်များတဲ့ အခြေအနေတစ်ရပ်ပါ။ များသောအားဖြင့် ဘာမှမခံစားရတတ်ပေမယ့် တစ်ခါတလေ အရမ်းနာပြီး ဓာတ်မတည့်တာတွေ ဖြစ်တတ်ပါတယ်။
        ကိုက်တတ်တဲ့ အင်းဆက်တွေအနေနဲ့ဆိုရင် ခြင်၊ ယင်၊ လှေး၊ ကြမ်းပိုး စတာတွေပါပြီးတော့ အင်းဆက်မဟုတ်ပေမယ့် ကိုက်တတ်တဲ့ ပင့်ကူ၊ ကမျဉ်းနီ၊ မွှားတွေလည်း ပါပါတယ်။ တုပ်တတ်တဲ့ အင်းဆက်ပိုးမွှားတွေအနေနဲ့ကတော့ ပျား၊ နကျယ်ကောင်၊ ပဒူကောင်စသဖြင့် ရှိပါတယ်။
        အင်းဆက်တွေဟာ အရေပြားမှာ အပေါက်ဖြစ်အောင်လုပ်ပြီး ကိုက်တတ်ကြပါတယ်။ အင်းဆက်အများစုကတော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အဆိပ်တွေ ထုတ်လွှတ်ပြီး တုပ်တတ်ကြတာပါ။

>>    အင်းဆက် ကိုက်တဲ့၊ တုပ်တဲ့အခါ ဘာလက္ခဏာတွေ ဖြစ်တတ်ပါသလဲ?
        အင်းဆက်တစ်ကောင် ကိုက်တဲ့အခါ အကောင်ရဲ့တံတွေးက အကိုက်ခံရတဲ့ အရေပြားတစ်ဝိုက်ကို နီရဲရောင်ရမ်းပြီး ယားယံစေနိုင်ပါတယ်။ အဆိပ်တွေ ထုတ်လိုက်တဲ့အခါမျိုးမှာတော့ ရောင်ရမ်းယားယံပြီးတော့ အနီကွက်ကြီး အကွက်လိုက် ပေါ်လာပါတယ်။ နာပေမယ့် များသောအားဖြင့် ကြောက်စရာမလိုပါဘူး။ ရက်ပိုင်းမျှလောက် နာကျင်ယားယံနေတတ်ပါတယ်။
        ကိုက်တဲ့အကောင်နဲ့ အကိုက်ခံရတဲ့လူရဲ့ခံနိုင်ရည်အားပေါ် မူတည်ပြီး ဘယ်လောက်ထိဆိုးနိုင်လဲဆိုတာ ကွာခြားသွားပါတယ်။ ရှားရှားပါးပါး တစ်ခါတလေ ဆိုးဆိုးရွားရွား ဓာတ်မတည့်တာမျိုးဖြစ်ပြီး အရေးပေါ်ကုသမှု လိုနိုင်ပါတယ်။

>>    ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြဖို့ လိုသလဲ?
        အကောင် ကိုက်ခံ၊ တုပ်ခံရပြီးတော့ အရမ်းရောင်ရမ်းနေတယ်၊ အရည်ကြည်ဖုတွေ ထနေတယ်၊ ပြည်တွေထွက်နေတယ်ဆိုရင် ပိုးဝင်နေတာဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ပြဖို့ လိုပါတယ်။
        အင်းဆက်ကိုက်ခံရပြီးနောက် -
●      အသက်ရှူသံ တရွှီရွှီ မြည်လာတယ်၊ အသက်ရှူကြပ်လာတယ်
●      ပျို့၊ အန်၊ ဝမ်းလျှောလာတယ်
●      နှလုံးခုန်မြန်လာတယ်
●      မူးဝေလာတယ်
●      အစာမျိုရ ခက်ခဲလာတယ်
●      ကယောင်ကတမ်း ဖြစ်လာတယ်၊ စိတ်တိုစိတ်ဆတ်လာတယ်ဆိုရင် အရေးပေါ်ပြဖို့ လိုပါတယ်။

>>    အင်းဆက် ကိုက်တာ၊ တုပ်တာကို ကုသဖို့ဆိုရင် -
●      အတုပ်ခံရတဲ့နေရာကို ဆပ်ပြာနဲ့ရေနဲ့ ဆေးကြောပါ။
●      ရောင်ရမ်းတာကျဖို့ ရေအေးဝတ်ကပ်ပါ။
        ပိုးဝင်တာကို ကာကွယ်ဖို့အတွက် ဖြစ်တဲ့နေရာကို မကုတ်ပါနဲ့။ နာနေကျင်နေမယ်၊ ရောင်ရမ်းနေမယ်ဆိုရင် ပါရာစီတမော၊ အိုင်ဗျူပရိုဖန်လို အကိုက်အခဲပျောက်ဆေးတွေ သောက်ပါ။
        အရမ်းဆိုးလာရင်တော့ ဆရာဝန်နဲ့ပြပြီး နောက်ထပ်ဆေးတွေ ထပ်သောက်ရတာ၊ ဆရာဝန်က ဓာတ်မတည့်သူများ ဆေးခန်းကို လွှဲတာမျိုး လုပ်ပေးပါလိမ့်မယ်။

>>    အင်းဆက် အကိုက်ခံ၊ အတုပ်ခံရတာကို ကာကွယ်ဖို့အတွက်
        အပြင်မှာ အလုပ်လုပ်ရသူတွေ၊ တဲစခန်းချနေထိုင်တာ၊ တောင်တက်တာစတဲ့ ပြင်ပလှုပ်ရှားမှုမျိုး ကြိုက်နှစ်သက်သူတွေမှာ အကိုက်ခံရတာ ပိုများပါတယ်။ အင်းဆက်ပြေးလိမ်းဆေးတွေ လိမ်းပေးပြီး အပြင်ထွက်တိုင်း လုံလုံခြုံခြုံ ဝတ်ဆင်ပြီး အသားကိုသေချာဖုံးအုပ်ထားပေးခြင်းဖြင့် အင်းဆက် အကိုက်မခံရအောင် တားဆီးပေးပါတယ်။
        ဒီလို ပျား၊ နကျယ်ကောင်၊ ပဒူကောင်တွေနဲ့ တွေ့တဲ့အခါမျိုးမှာ အရမ်းကြီး မကြောက်လန့်သွားဘဲ ဖြည်းဖြည်းချင်း နောက်ပြန်ပြန်ဆုတ်ပါ။ လက်တွေ ဝှေ့ယမ်းတာ၊ လိုက်ရိုက်တာမျိုး မလုပ်ပါနဲ့။

Dr. Mya Phoo Ngon (www.drmyanmar.com)