အစာကြေရန်ခက်ခဲသော အစားအစာများ
1. အကြော်အလှော်နှင့် အဆီပါဝင်မှုမြင့်မားသော အစားအစာများ
အကြော်အလှော်တွေနဲ့ အဆီများတဲ့အစားအစာတွေကြောင့် အစာအိမ်အတွင်းမှ အက်ဆစ်အထက်သို့ ဆန်တက်ခြင်းနဲ့ ရင်ပူခြင်းတွေဖြစ်စေနိုင်ပါတယ်။
ထို့ပြင် အဆီပါဝင်မှုများတဲ့အစားအစာတွေစားသုံးခြင်းဖြင့် ဝမ်းသွားတဲ့အခါမှာလည်း ဝမ်းအရောင်ဖျော့ပြီး အဆီတွေဖုံးနေတတ်ပါတယ်။ အူလမ်းကြောင်းဆိုင်ရာပြဿနာတွေရှိတဲ့သူတွေအနေနဲ့ အစာမကြေလွယ်တဲ့ ထောပတ်၊ ခရင်မ်တွေအပါအဝင် အဆီများတဲ့အစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။
2. ငရုတ်သီးမှုန့်
အစပ်လွန်ကဲတဲ့အစားအစာတွေဟာ အစာရေမြိုကိုထိခိုက်စေ၍ ရင်ပူခြင်းဝေဒနာကို ခံစားရစေနိုင်ပါတယ်။ အထူးသဖြင့် အူလမ်းကြောင်းဆိုင်ရာပြဿနာတွေရှိတဲ့သူတွေမှာ နာတာရှည် ရင်ပူခြင်းနဲ့ နေရထိုင်ရခက်ခြင်းတို့ဖြစ်စေနိုင်ပါတယ်။
3. နို့နှင့်နို့ထွက်ပစ္စည်းများ
ကယ်လ်ဆီယမ်ဓာတ်လိုအပ်တဲ့သူတွေအနေနဲ့ နို့၊ ထောပတ် စတဲ့နို့ထွက်ပစ္စည်းတွေစားသုံးခြင်းဖြင့် ကယ်လ်ဆီယမ်ဓာတ်ကို လုံလောက်စွာရရှိနိုင်ပါတယ်။ ဒါပေမယ့် နို့မှာပါတဲ့ သကြားဓာတ်တစ်မျိုးဖြစ်တဲ့ Lactose နဲ့ ဓာတ်မတည့်တဲ့သူတွေစားသုံးမိပါက ဝမ်းလျှော ဝမ်းပျက်ခြင်း၊ လေထခြင်းနဲ့ ဗိုက်အောင့်ခြင်းတွေဖြစ်စေနိုင်ပါတယ်။
Lactose မတည့်မှုဟာ ၎င်းသကြားဓာတ်ကို ချေဖျက်နိုင်တဲ့ အင်ဇိုင်းမလုံလောက်တဲ့ သူတွေမှာ ဖြစ်လေ့ရှိပြီး အူလမ်းကြောင်းရောဂါတွေ (Coeliac disease, Crohn’s disease) နဲ့ကင်ဆာဆေးများသွင်းခြင်းကြောင့်လည်း အူကိုပျက်စီးစေပြီး Lactose ဓာတ်မတည့်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် Lactose ဓာတ်မတည့်တဲ့သူတွေအနေနဲ့ နို့နဲ့နို့ထွက်ပစ္စည်းများစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
4. အရက်
အရက်သည် ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်မှုကို ပြေလျော့စေရုံသာမက အစာရေမြိုရှုံ့ကြွက်သားကိုလည်း ပြေလျော့ပေးနိုင်တာကြောင့် အထက်သို့အက်ဆစ်ဆန်တက်ခြင်းများဖြစ်စေ၍ ရင်ပူခြင်းဝေဒနာကို ခံစားရစေပါတယ်။
အရက်သောက်ခြင်းဖြင့် အစာအိမ်နံရံများရောင်လာခြင်း၊ အချို့အင်ဇိုင်းများကို ဖျက်ဆီးခြင်းနဲ့ ခန္ဓာကိုယ်မှအာဟာရဓာတ်တွေ စုပ်ယူခြင်းကို တားဆီးခြင်းတွေကိုဖြစ်စေရုံသာမက အလွန်အကျွံသောက်သုံးပါက ဝမ်းလျှော ဝမ်းပျက်၍ ဗိုက်အောင့်ခြင်းတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ လမ်းညွှန်ချက်များအရ အမျိုးသားများသည် တစ်နေ့လျှင် အရက်နှစ်ခွက်ထက်ပို၍၊ အမျိုးသမီးများသည် တစ်နေ့လျှင် အရက်တစ်ခွက်ထက်ပို၍ မသောက်သုံးသင့်ပါ။
4. ချောကလက်
2005 ခုနှစ် လေ့လာတွေ့ရှိချက်များအရ ချောကလက်သည် အူလမ်းကြောင်းဆိုင်ရာပြဿနာရှိသူများနဲ့ ဝမ်းချုပ်တတ်သူများအတွက် သင့်တော်တဲ့ရွေးချယ်မှုတစ်ခုမဟုတ်ပေ။ ချောကလက်ကြောင့်ဖြစ်တာမဟုတ်ပေမယ့် ချောကလက်အများစု မှာ နို့ပါဝင်တာကြောင့် နို့နဲ့မတည့်တဲ့သူတွေမှာ ဓာတ်မတည့်တာတွေဖြစ်နိုင်ပါတယ်။ ထို့ပြင် ချောကလက်မှာ ကဖိန်းဓာတ်ပါတာကြောင့် ဗိုက်အောင့်ခြင်း၊ လေထခြင်းနဲ့ ဝမ်းလျောခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
6. ကော်ဖီ၊ လက်ဖက်ရည်နှင့် အချိုရည်များ
ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကာဗွန်ပါတဲ့ အချိုရည်တွေဟာ အစာရေမြိုရှုံ့ကြွက်သားကို အလွန်အမင်းပြေလျော့စေ၍ အစာအိမ်အတွင်း အက်ဆစ်ထုတ်လုပ်မှုကိုမြင့်တက်စေရုံသာမက ဆီးရွှင်ပြီး ဝမ်းလျောခြင်းနဲ့ ဗိုက်အောင့်ခြင်းတို့ကိုပါ ခံစားရစေနိုင်ပါတယ်။
အထက်သို့ အက်ဆစ်ဆန်တက်ခြင်းရောဂါ (စားချဥ့်ပြန်ရောဂါ) ရှိတဲ့သူတွေအတွက်မှာ ကဖိန်းပါတဲ့ အရည်မှန်သမျှဟာ ပြဿနာဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ရင်ပူခြင်းရောဂါဝေဒနာခံစားရတတ်တဲ့သူတွေမှာ ကဖိန်းပါတဲ့ ဖျော်ရည်တွေ ကို ရှောင်ကြဉ်သင့်ပါတယ်။
7. ပြောင်းဖူး
ပြောင်းဖူးဟာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက် ကျန်းမာရေးအတွက် လွန်စွာကောင်းမွန်သော် လည်း လူသားတွေပြောင်းဖူးမှာပါဝင်တဲ့ cellulose လို့ခေါ်တဲ့ အမျှင်ဓာတ်တစ်မျိုးကို ဖြိုခွဲနိုင်မယ့် အင်ဇိုင်းမရှိပါဘူး။
ဒါကြောင့် ပြောင်းဖူးစားလျှင် ကြာကြာဝါးစားသင့်ပါတယ်။ သို့မဟုတ်ပါက အစာမကြေဖြစ်ခြင်းနဲ့ လေထခြင်း၊ ဗိုက်အောင့်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
Dr. Thinzar Wynn





























