အစာမကြေဘဲ လေပွတာကို ဘယ်လိုသက်သာအောင် လုပ်သင့်လဲ
အစာမကြေလွယ်ဘဲ လေပွပြီး ဗိုက်တင်းနေတတ်သူတွေအတွက်ပါ။ အစာအိမ်လုပ်ငန်း နှေးကွေးတယ်လို့ ဆိုရမှာပေါ့။ အဘိုးအဘွားတွေ အာရုံကြောရောဂါသည်တွေ ဆီးချိုရောဂါသည်တွေမှာလည်း တွေ့ရတတ်ပါတယ်။
» လေပွမယ်
» ရင်ပူမယ်
» ဗိုက်ကယ်မယ်
» တစ်ခါစားပြီး ထပ်မစားချင်ဘူး
» အတော်ကြာတဲ့အထိ မဆာဘူး
ဒီလိုလူတွေအတွက် ဘယ်လိုနည်းတွေက ထိရောက်သလဲ ?
ရှာကြည့်ရအောင်။ ဆောင်ရန် ရှောင်ရန် လေးတွေပေါ့။ ရေရှည်သာဆို အာဟာရမပြည့်ဝတာနဲ့ ကျန်းမာရေးထိခိုက်တတ်လို့ ဖြစ်ပါတယ်။ အစာကြေဆေးတွေထက် ကောင်းတဲ့နည်းလေးတွေ ညွှန်ပြပါရစေ။
» အစာကို နည်းနည်းနဲ့ ခဏခဏ စားမယ်
» အစားစားချိန် ဟင်းချို သို့မဟုတ် ရေ၊ ဖျော်ရည်တွေ မသောက်သင့်ဘူး
» ဘာစားစား ဖြည်းဖြည်းနဲ့ အာရုံစိုက်စားမယ်
» အစာကို ကြေညက်အောင်ဝါးမယ်
» စားနေချိန် အထိုင်အထ၊ အိပ်တာ၊ လဲှချတာ မလုပ်သင့်ဘူး
» ငြိမ်ငြိမ်သက်သက် အေးအေးဆေးဆေး စားပါ
» အဆီများတဲ့ အစားအစာတွေ၊ နို့နဲ့ နို့ထွက်စားစရာတွေ၊ ဒိန်ချဉ်၊ နွားနို့၊ ပူတင်းထောပတ် ဒါတွေ လျှော့စားပါ
» ဝက်သား၊ အဆီအခေါက်၊ ဆီပြန်ဟင်း၊ ငါးခေါင်းတွေ ရှောင်ကြဉ်ပါ
» လိမ္မော်သီး၊ ဖရဲသီး၊ ဒူးရင်သီး စတဲ့ အမျှင်များတဲ့ အသီးအနှံတွေကို ရှောင်ပါ
» သစ်သီးစားတဲ့အခါ အလုံးလိုက်စိတ်ပြီးစားတာထက် ဖျော်ရည်လုပ်သောက်လိုက်တာ အစာမြန်မြန် ကြေလွယ်စေပါတယ်
» အသီးအနှံတွေကို ချက်စားပါ ၊ နူးအောင် ရေနွေးလောင်းပါ ၊ ပြုတ်ပါ ၊ ကြော်ပါ ၊ နူးနူးညံ့ညံံ့ အစာကြေလွယ်လေ ကောင်းလေပါပဲ
» ပေါင်မုန့်နုနု၊ ကိတ်မုန့်၊ ဆန်၊ ကြာဇံ၊ မုန့်တီ၊ ခေါက်ဆွဲပြုတ်တွေ စားနိုင်ပါတယ်။ ဂျုံနုလေ အစာကြေလွယ်လေပါပဲ
ဖော်ပြပါနည်းလမ်းလေးတွေဟာ အစာမကြေလေပွတာ အစာအိမ်လုပ်ငန်း နှေးကွေးတာကို အထိုက်အလျောက် သက်သာစေတာမို့ လိုက်နာကျင့်သုံးကြည့်ပြီး အာဟာရပြည့်၀ ကျန်းမာလာကြပါစေ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)




























