/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အစာအိမ်နဲ့အူလမ်းကြောင်းမှာ-အနာဖြစ်တာကို-ကာကွယ်ဖို့

အစာအိမ်နဲ့အူလမ်းကြောင်းမှာ အနာဖြစ်တာကို ကာကွယ်ဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အစာအိမ်နဲ့အူလမ်းကြောင်း အနာဆိုတာ အစာအိမ်နံရံမှာ ဒါမှမဟုတ် အူသိမ်အရှေ့ပိုင်းရှိနံရံမှာ အနာဖြစ်တာကို ခေါ်တာပါ။ ဒီအနာဖြစ်ရင် ရင်ခေါင်းမှာ ပူပြီး အောင့်တတ်သလို လေပွခြင်း၊ မအီမသာဖြစ်ခြင်းနဲ့ ပျို့အန်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အစာစားချင်စိတ်နည်းတာနဲ့ အိပ်ရေးပျက်တာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
အစာအိမ်က အက်စစ်ထုတ်တာများလို့ဖြစ်စေ၊ အစာအိမ်နဲ့အူလမ်းကြောင်းနံရံ မကောင်းလို့ကြောင့်ဖြစ်စေ အနာဖြစ်နိုင်ပါတယ်။ တချို့အကိုက်အခဲပျောက်ဆေးတွေကို မကြာခဏသောက်ခြင်းနဲ့ H.pylori ဆိုတဲ့ ဘက်တီးရီးယားကြောင့်လည်း အနာဖြစ်နိုင်ပါတယ်။ H.pylori ဆိုတဲ့ ဘက်တီးရီးယားဟာ အစာအိမ်နံရံကို ရောင်ရမ်းစေပြီးတော့ ပေါက်ပြဲတာတွေကို ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုနဲ့ အစပ်စားတာတွေဟာ အစာအိမ်နဲ့အူလမ်းကြောင်း အနာဖြစ်နိုင်ချေကို မြင့်တက်စေပြီး ရောဂါလက္ခဏာကို ပိုဆိုးစေပါတယ်။

>>  အစာအိမ်နဲ့အူလမ်းကြောင်းမှာ အနာဖြစ်တာကို ဘယ်လိုကာကွယ်ကြမလဲ?
၁။  အကိုက်အခဲပျောက်ဆေးတွေ သောက်တဲ့အခါ သတိထားပါ။
အဆစ်ရောင်ရောဂါနဲ့ နာတာရှည်နာကျင်မှုကို ဖြစ်စေတဲ့ရောဂါရှိသူတွေဟာ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေဖို့ Aapirin, Ibuprofen, Naproxen sodium စတဲ့ စတီးရွိုက်မပါတဲ့ အကိုက်အခဲ ပျောက်ဆေး (NSAIDs) တွေကို အပတ်နဲ့ချီ၊ လနဲ့ချီပြီး သောက်နေရပါတယ်။ ဒီဆေးတွေဟာ အစာအိမ်အက်စစ်က အစာအိမ်နဲ့အူနံရံကို မတိုက်စားသွားအောင် တားဆီပေးတဲ့ အချွဲမြှေးတွေ ထုတ်တာကို နည်းစေပါတယ်။ ဒါကြောင့် ဒီလိုအကိုက်အခဲပျောက်ဆေးတွေကို မကြာခဏ ဒါမှမဟုတ် အချိန်တော်တော်ကြာ သောက်နေခဲ့မယ်ဆိုရင် အစာအိမ်နဲ့အူလမ်းကြောင်းမှာ အနာဖြစ်နိုင်ချေကို မြင့်တက်စေပါတယ်။

Kremil-S 1

အောက်ပါအခြေအနေရှိသူတွေဟာ အကိုက်အခဲပျောက်ဆေး သောက်ရတဲ့အခါ အစာအိမ်နဲ့အူလမ်းကြောင်းမှာ အနာဖြစ်နိုင်ချေကို မြင့်တက်စေပါတယ်။
●  အသက် (၆၅) နှစ်နဲ့အထက်
●  H.pylori ဘက်တီးရီးယားပိုး ကူးစက်ခံရရင်
●  စတီးရွိုက်မပါတဲ့ အကိုက်အခဲပျောက်ဆေးတွေကို တစ်ကြိမ်တည်းမှာ တစ်မျိုးထက်ပို၍ သောက်ရင်
●  အရင်က အစာအိမ်နဲ့အူလမ်းကြောင်းမှာ အနာဖြစ်ဖူးရင်
●  စတီးရွိုက်ဆေးတွေ၊ SSRI လို့ခေါ်တဲ့ စိတ်ကျရောဂါကုတဲ့ဆေးတွေ သောက်နေရရင် အကိုက်အခဲပျောက်ဆေးတွေ သောက်နေရရင် အစာအိမ်နဲ့အူလမ်းကြောင်းမှာ အနာဖြစ်နိုင်ချေနည်းအောင်
●  အတတ်နိုင်ဆုံးတော့ အနိမ့်ဆုံးပမာဏကိုပဲ သောက်ပါ။ ဆက်သောက်စရာ မလိုတော့တာနဲ့ ချက်ချင်းဖြတ်ပါ။
●  အစာနဲ့တွဲသောက်ပါ။
●  ဆေးသောက်နေရတဲ့အချိန်အတွင်းမှာ အရက်မသောက်ပါနဲ့။
●  အက်စစ်ထုတ်တာကို နည်းစေတဲ့ အစာအိမ်ဆေးများ Proton pump inhibitors, H2 blockers စတဲ့ ဆေးတွေနဲ့ တွဲသောက်ပါ။
●  အစာအိမ်နံရံကို ကာကွယ်ပေးတဲ့ အချွဲမြှေးထွတ်တာများစေတဲ့ misoprostol ဆိုတဲ့ ဆေးနဲ့လည်း တွဲသောက်လို့ရပါတယ်။ ဒါပေမဲ့ ဒီဆေးသောက်ရင် ဘေးထွက်ဆိုးကျိုးအနေနဲ့ ဝမ်းလျှောတတ်ပါတယ်။

၂။  ဆေးလိပ်ဖြတ်ပါ။ အရက်လျှော့သောက်ပါ။
ဒီအကျင့်ဆိုးနှစ်ခုဟာ အစာအိမ်နဲ့အူသိမ်ကို အက်စစ်ဒဏ်ကနေ ကာကွယ်ပေးတဲ့ အချွဲမြှေးနံရံကို ပါးစေလို့ အနာဖြစ်နိုင်ချေကို ပိုမြင့်တက်စေပါတယ်။ဆေးလိပ်ဖြတ်ဖို့ အကူအညီလိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ အရက် ဖြတ်နိုင်ရင် ဖြတ်ပါ။ လုံးဝမဖြတ်နိုင်ခင်မှာ တစ်နေ့ကို အရက် ဘယ်လောက်သောက်တာဟာ စိတ်ချရသလဲဆိုတာကိုလည်း ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ ဒီစိတ်ချရတဲ့ပမာဏကို မကျော်ပါစေနဲ့။

Kremil-S 2

၃။  စိတ်ဖိစီးမှုကို လျှော့ချပါ။
စိတ်ဖိစီးမှုဟာ အစာအိမ်နဲ့အူလမ်းကြောင်းမှာ အနာဖြစ်တာရဲ့ ရောဂါလက္ခဏာတွေကို ပိုဆိုးစေပါတယ်။ မိမိကို စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းရင်းကို သေချာဆန်းစစ်ပြီး စိတ်ဖိစီးမှုကို တိုက်ထုတ်ဖို့ ကြိုးစားပါ။ အိပ်ရေးဝဝအိပ်ခြင်းဟာလည်း စိတ်ဖိစီးမှုကို တိုက်ထုတ်ပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါ။ ဒါ့အပြင် ကိုယ်ခံအားကိုလည်း မြင့်တက်စေပါတယ်။

၄။  အကျိုးပြုဘက်တီးရီးယားအာဟာရ စားသုံးပါ။
အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဘက်တီးရီးယားတွေ သန်းနဲ့ချီပြီး ရှိပါတယ်။ H.pylori လိုမျိုး တချို့ဘက်တီးရီးယားတွေက ရောဂါဖြစ်စေပေမယ့် တချို့ဘက်တီးရီးယားတွေကတော့ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးလို့ ကျန်းမာရေးကိုအကျိုးပြုတဲ့ ဘက်တီးရီးယားကောင်းတွေပါ။ ဒီဘက်တီးယားပါဝင်တဲ့ အစားအသောက်တွေကို Probiotics လို့ ခေါ်ပါတယ်။ Probiotics ဟာ အစာအိမ်နဲ့အူလမ်းကြောင်းအနာကို ကာကွယ်ကုသမှုမှာ အထောက်အကူပေးနိုင်ပါတယ်။ Probiotics ပါဝင်တဲ့ အစားအသောက်တွေကတော့ ဒိန်ချဉ်လိုမျိုး နို့ထွက်အစားအသောက်များ၊ ကင်မ်ချီ ၊ မီဆိုအနှစ်၊ ဂေါ်ဖီချဉ် စတာတွေပဲ ဖြစ်ပါတယ်။

၅။  H.pylori ဘတ်တီးရီးယား ကူးစက်မခံရအောင် ကာကွယ်ပါ။
ကမ္ဘာ့လူဦးရေရဲ့ သုံးပုံနှစ်ပုံလောက်ဟာ H.pylori ဘက်တီးရီးယား ကူးစက်ခံနေရပါတယ်။ ဒါပေမဲ့ အများစုက အစာအိမ်နဲ့အူလမ်းကြောင်း အနာမဖြစ်ဘဲ ပျောက်ကင်းသွားပါတယ်။ အနည်းစုမှာသာ အနာဖြစ်တဲ့အထိ ဆိုးတာပါ။ H.pylori ဘယ်လိုကူးလဲဆိုတာ သေချာမသိပေမယ့် အစာနဲ့ရေကတစ်ဆင့် ကူးစက်နိုင်တယ်လို့ ဆရာဝန်တွေက ယူဆထားကြပါတယ်။
ဒါကြောင့် H.pylori ဘက်တီးရီးယားကို ကာကွယ်ဖို့ဆိုရင် -
●  အစာမစားခင်နဲ့ အိမ်သာတက်ပြီးတိုင်းမှာ လက်ကို ဆပ်ပြာနဲ့ရေနဲ့ ဆေးကြောပါ။ ဆပ်ပြာနဲ့ရေ အလွယ်တကူ မရနိုင်ဘူးဆိုရင် အရက်ပြန်ပါဝင်တဲ့ လက်သန့်ဆေးရည်ကို အသုံးပြုပါ။
●  အသားနဲ့ အစားအစာတွေကို ကျက်အောင်ချက်ပြုတ်ပြီးမှ စားပါ။
●  ရေကို ကျိုချက်သောက်ပါ။

Dr. Aye Hsu Mon (www.drmyanmar.com)