အစာအိမ်အချဉ်ပြန်ရောဂါကို သဘာဝနည်းနဲ့ ကုသကြမယ်
အသံနည်းနည်းဩလာပြီး လည်ချောင်းနာလာပြီဆိုရင် အအေးမိတာ၊ တုပ်ကွေးမိတာရဲ့အစဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်နေတာ နည်းနည်းကြာနေပြီဆိုရင်တော့ တုပ်ကွေးပိုးမဟုတ်ဘဲ အစာပြွန်ရှုံ့ကြိုး ကြွက်သားမလုံတော့လို့ ဖြစ်နိုင်ပါတယ်။ ဒီကြွက်သားဟာ အစာအိမ်နဲ့ အစာပြွန်ကို ခြားထားပေးပြီး ဒီကြွက်သားမလုံတဲ့အခါ အစာတွေအက်ဆစ်တွေ အစာပြွန်ထဲ ပြန်ဆန်တက်လာတတ်ပါတယ်။ ဒါကို အစာအိမ်အချဉ်ပြန်ရောဂါလို့ ခေါ်ပါတယ်။
ဒီလို အစာအိမ်အက်ဆစ်အချဉ်ဓာတ် ပြန်ဆန်တက်လာတဲ့အခါ အသံဩလာတာ၊ လည်ချောင်းနာတာအပြင် ပါးစပ်ထဲမှာ အရသာဆိုးဆိုးတွေပါ ရနေတတ်ပါတယ်။ ဒီလိုအက်ဆစ်ပြန်ဆန်တက်ခြင်းက နာတာရှည်လက္ခဏာတွေပါ ပြလာခဲ့မယ်ဆိုရင် အစာအိမ်အချဉ်ပြန်ရောဂါလို့ ခေါ်ပါတယ်။ ဒီရောဂါမှာ အတွေ့ရအများဆုံးလက္ခဏာကတော့ ရင်ပူတာပါပဲ။ ဗိုက်အပေါ်ပိုင်းနဲ့ရင်ဘတ်မှာ နှလုံးအောင့်သလို နာနေတတ်ပါတယ်။
ဟားဗတ်တက္ကသိုလ်ရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာအထူးကုနဲ့ ဆေးပညာတွဲဖက်ပါမောက္ခဖြစ်သူ Dr Jacqueline Wolf ကတော့ အက်ဆစ်ပြန်ဆန်တက်တာဟာ အစာပြွန်ကနေ အစာတွေ၊ အက်ဆစ်တွေကို အစာအိမ်ထဲကို ကောင်းကောင်းမပို့နိုင်တာ၊ အစာအိမ်ထဲအက်ဆစ်များနေတာ၊ အစာအိမ်ကနေ အစာတွေ အက်ဆစ်တွေ အူလမ်းကြောင်းထဲ ရောက်ချိန်ကြာနေတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
Kremil-S 1
မကြာမကြာ ဒီလိုရင်ပူတာမျိုးဖြစ်နေတယ်၊ တခြားအစာအိမ်အချဉ်ပြန်လက္ခဏာတွေ ဖြစ်နေတယ်ဆိုရင် ဒီနည်းလမ်းလေးတွေကို ကြိုးစားကြည့်ကြပါနော်။
၁။ ဖြည်းဖြည်းစားပါ။
အစာအိမ်က အရမ်းပြည့်နေရင် အစာအိမ်အချဉ် ပိုပြန်နိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်တယ်ဆိုရင် ၃ နပ် တနင့်တပိုး စားတာထက် နည်းနည်းနည်းနည်းစီနဲ့ မကြာမကြာ စားပေးသင့်ပါတယ်။
၂။ တချို့အစားအသောက်တွေကို ရှောင်ပါ။
အစာအိမ်အချဉ်ပြန်စေနိုင်တဲ့ အစားအသောက်တွေကတော့ ပူစီနံ၊ အဆီများတဲ့အစားအစာ၊ စပ်တဲ့အစားအစာ၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ အရက် စတာတွေ ဖြစ်ပါတယ်။ ဒီအစားအသောက်တွေကို မှန်မှန်စားဖြစ်သောက်ဖြစ်နေတယ်ဆိုရင် ဒါတွေကိုရှောင်ကြည့်ပြီး သက်သာမသာ စောင့်ကြည့်ပါ။ ပြီးမှ တစ်မျိုးပြီးတစ်မျိုး ပြန်စမ်းစားကြည့်ပါ။
၃။ ကာဗွန်ဂတ်စ်ပါတဲ့ အချိုရည်တွေ မသောက်ပါနဲ့။
ဒီအချိုရည်တွေဟာ လေတက်စေပြီးတော့ အစာအိမ်အက်ဆစ်တွေကို ပြန်ဆန်စေပါတယ်။ ဒါကြောင့် ရိုးရိုးရေပဲ သောက်ပေးပါ။
၄။ စားပြီးပြီးချင်း ထိုင်နေပါ။
လမ်းလျှောက်တာဖြစ်ဖြစ်၊ ထိုင်နေတာဖြစ်ဖြစ် မြေဆွဲအားက အက်ဆစ်တွေကို အစာအိမ်ထဲမှာပဲ ရှိစေပါတယ်။ အိပ်ရာမဝင်ခင် ၃ နာရီလောက် ကြိုစားပါ။ နေ့လယ်စာစားပြီးပြီးချင်း တရေးမအိပ်ပါနဲ့။ ညနေစာကိုနောက်ကျပြီး မစားပါနဲ့။ ညလယ်စာ ထစားတာမျိုး ရှောင်ပါ။
၅။ အရမ်းပြင်းပြင်းထန်ထန် မလှုပ်ရှားပါနဲ့။
စားပြီး ၂ နာရီလောက်ကို ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေ မလုပ်သင့်ပါဘူး။ စားပြီး လမ်းလျှောက်တာက ရပါတယ်။ ဒါပေမဲ့ ပြင်းထန်တဲ့လှုပ်ရှားမှုတွေလုပ်တာ၊ အထူးသဖြင့် ရှေ့ကို ကုန်းရတာမျိုးကို ရှောင်ပါ။
Kremil-S 2
၆။ ခေါင်းရင်းက ခြေရင်းထက် မြင့်ပါစေ။
အကောင်းဆုံးက ခေါင်းရင်းဟာ ခြေရင်းထက် ၆-၈ လက်မလောက် မြင့်ရပါမယ်။ အနိမ့်အမြင့်လုပ်လို့ရတဲ့ခုတင်မျိုးကို ရွေးပေးပါ။ အကယ်၍ အတူအိပ်တဲ့သူက ဒီလိုမျိုး အဆင်မပြေဘူးဆိုရင် ကိုယ်ခန္ဓာအပေါ်ပိုင်းအတွက် ဖော့အထူခံပေးပါ။ ခေါင်းအုံးတွေ ခံအိပ်တာမျိုးတော့ မလုပ်ပါနဲ့နော်။ တစ်ပြေးညီအောက်ခံမျိုး လုပ်ရမှာ မဟုတ်ပါဘူး။
၇။ ဆရာဝန်က ဝိတ်လျှော့ခိုင်းရင် လျှော့ပါ။
ကိုယ်အလေးချိန်တက်လာခြင်းက ကြွက်သားတွေကို ကျယ်ပြန့်လာစေပြီး ရှူံ့ကြွက်သားကို မလုံစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီကနေ အက်ဆစ်ပြန်ဆန်တက်တာ၊ ရင်ပူတာမျိုး ဖြစ်လာတာပေါ့။
၈။ ဆေးလိပ်သောက်ရင် ဖြတ်ပါ။
နီကိုတင်းက အစာပြွန်ရှုံ့ကြွက်သားကို ပြေလျော့စေနိုင်ပါတယ်။
၉။ ဆေးတွေကို စစ်ဆေးကြည့်ပါ။
တချို့ဆေးတွေ၊ အီစထရိုဂျင်ဟော်မုန်းဖြည့်စွက်ဆေး၊ စိတ်ကျရောဂါပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေးတချို့က အစာပြွန်ကြွက်သားကို ပြေလျော့စေပြီး အရိုးသိပ်သည်းဆကို များစေတဲ့ bisphosphonateဆေးတွေ (alandronate, risedronate, ibandronate) တွေကတော့ အစာပြွန်ကို ထိခိုက်နိုင်ပါတယ်။
ဒီအဆင့်တွေက ကိုယ့်အတွက် သိပ်ပြီးအကျိုးမရှိဘူး၊ ဒါမှမဟုတ် အရမ်းနာနေတယ်၊ အစာမြိုလို့မရဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသပါ။ တခြားရောဂါကြောင့် ဖြစ်တာလား ရှာဖို့လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)




























