အစာအိမ် အောင့်ခြင်း၊ ဗိုက်အောင့် ဗိုက်နာဖြစ်ခြင်းတို့၏ အကြောင်းရင်းများ
အစာအိမ် နာတာ၊ ဗိုက်အောင့်တာတွေက အချိန်အကြာကြီး မခံစားရသလို အရမ်းဆိုးဆိုးရွားရွားလည်း မဖြစ်ပါဘူး။
အစာအိမ် အောင့်ရခြင်းရဲ့ အဖြစ်များဆုံး အကြောင်းအရာတွေကတော့ -
• လေပွခြင်း
• အစာမကြေခြင်း (အစာစားပြီးချိန်မှာ ဗိုက်အောင့်ခြင်း၊ မအီမသာဖြစ်ခြင်း)
• ဝမ်းချုပ်ခြင်း စတာတွေ ဖြစ်ပါတယ်။
ဝမ်းပျက်၊ ဝမ်းလျှောတာ၊ အန်တာတွေက တစ်ပတ်အတွင်း သူ့ဟာသူ ပြန်ပျောက်သွားတတ်ပါတယ်။
>> ဘယ်လိုဆိုရင် ဆေးခန်းသွားပြရမလဲ?
• အချိန်တိုလေးအတွင်းမှာ ဗိုက်အောင့်တာက ပိုပိုဆိုးလာတယ်။
• ဗိုက်အောင့်တာ ပျောက်မသွားဘဲနဲ့ ပြန်ပြန်အောင့်နေတယ်။
• ကိုယ်အလေးချိန် ရုတ်တရက် ကျသွားတယ်။
• မိန်းမကိုယ်ကနေ ပုံမှန်မဟုတ်တဲ့ အရည်တွေ ဆင်းတယ်။
• ဝမ်းသွားရင် သွေးပါတယ်။
• ဝမ်းသွားတဲ့အမူအကျင့်တွေ ပြောင်းလဲသွားတယ် ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးကုသမှု ခံယူသင့်ပါတယ်။
Kremil-S 1
အောက်ပါလက္ခဏာတွေ ကြုံတွေ့ရရင်တော့ နီးစပ်ရာဆေးရုံ၊ ဆေးခန်းမှာ အရေးပေါ်ကုသမှု ခံယူရပါမယ်။
• ရုတ်တရက် ဆိုးရွားစွာ ဗိုက်အောင့်ခြင်း
• ဗိုက်ကို ထိလိုက်တာနဲ့ နာခြင်း
• သွေးအန်ခြင်း
• ဝမ်းထဲတွင် သွေးပါခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ ကတ္တရာစီးကဲ့သို့ စေးပျစ်သောဝမ်းများ သွားခြင်း
• ဆီး မသွားနိုင်ခြင်း
• အသက်မရှူနိုင်ခြင်း
• ဆီးချိုသမားများတွင် အန်ခြင်း
>> ရုတ်တရက် ဆိုးရွားစွာ ဗိုက်အောင့်ရင် ဘာတွေဖြစ်နိုင်သလဲ?
ရုတ်တရက် ပြင်းပြင်းထန်ထန် ဗိုက်အောင့်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်း အချို့ကတော့ -
• အူ,အတက်ရောင်ခြင်း - ဝမ်းဗိုက်ရဲ့ ညာဘက်အောက်ပိုင်းမှာ အောင့်တတ်ပါတယ်။
• အစာအိမ်အနာ သွေးယိုခြင်း (သို့) ပေါက်ထွက်ခြင်း
• သည်းခြေအိတ်ရောင်ခြင်း - အများအားဖြင့် သည်းခြေကျောက်တည်ပြီး သည်းခြေအိတ် ရောင်တတ်ပါတယ်။
• ကျောက်ကပ် ကျောက်တည်ခြင်း - ကျောက်သေးသေးလေးတွေက ဆီးသွားရင် ပါသွားတတ်ပေမယ့် ကြီးတဲ့ကျောက်တွေက ဆီးပြွန်တွေကို ပိတ်ဆို့ပြီး ဗိုက်အောင့်စေပါတယ်။
• အူရောင်ခြင်း
• ဝမ်းဗိုက်ကြွက်သား ထိခိုက်ဒဏ်ရာရခြင်း
Kremil-S 2
>> နာတာရှည် ဗိုက်အောင့်ရခြင်း (သို့) ဗိုက် ခဏခဏအောင့်ခြင်းရဲ့ အကြောင်းအရင်းများ
• အူဆိုင်ရာ ရောဂါလက္ခဏာစု - အစာအိမ်အောင့်ခြင်း၊ ဗိုက်မအီမလည်ဖြစ်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း စတဲ့လက္ခဏာတွေ ပါဝင်ပါတယ်။ အိမ်သာတက်ပြီးရင် ဗိုက်အောင့်တာ သက်သာသွားတတ်ပါတယ်။
• အူရောင်ရောဂါလက္ခဏာစု - Crohn's disease နဲ့ အူရောင်ပြီး အနာဖြစ်ခြင်း စတဲ့ အူရောင်စေတဲ့ နာတာရှည်ရောဂါတွေ ဖြစ်ပါတယ်။
• ဆီးလမ်းကြောင်း ပိုးဝင်ခြင်း - ဆီးပူ၊ ဆီးကျဉ်ခြင်းတွေ ခံစားရတတ်ပါတယ်။
• ဝမ်းချုပ်ခြင်း
• ရာသီလာလျှင် နာကျင်ကိုက်ခဲခြင်း
• အစာအိမ်အနာ၊ ရင်ပူခြင်း၊ အက်ဆစ် ပြန်ကန်ထွက်ခြင်း၊ အစာအိမ်ရောင်ခြင်း ကဲ့သို့သော အစာအိမ်ဆိုင်ရာ ပြဿနာများ
>> ကလေးတွေမှာ ဗိုက်အောင့်တတ်တဲ့ အကြောင်းအရင်းတွေကတော့ -
• ဝမ်းချုပ်ခြင်း
• ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
• အစာအိမ်အတွင်းမှ အက်ဆစ်များ အပေါ်ပြန်ကန်တက်ခြင်း၊ ရင်ပူခြင်း
• ဘာအကြောင်းမှ မရှိဘဲလည်း မကြာခဏ ဗိုက်အောင့်တတ်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























