အစားအသောက်များတွင် မှိုတက်ခြင်း
1. အစားအသောက်တွေမှာတက်တဲ့ မှိုဆိုတာ ဘာလဲ။
Mold လို့ခေါ်တဲ့ မှိုဟာ အစားအစာနှင့် အပင်ပေါ်မှာတွေ့ရတဲ့သေးငယ်တဲ့ မှိုအမျိုးအစား တစ်ခုဖြစ်ပါတယ်။ မှိုအမျိုးအစား ဘယ်လောက်ရှိတယ်ဆိုတာ တိတိကျကျမသိရပေမယ့် ခန့်မှန်းခြေအားဖြင့် မှိုအမျိုးအစား 10,000 မှ 30,000 ထိ ရှိနိုင်ပါတယ်။ အများစုက အပ်ချည်မျှင်ပုံသဏ္႑ာန်ရှိ မျိုးမှုန့် (spores) တွေ ထုတ်လုပ်ပေးတာဟာ မှိုတွေရဲ့ ၀ိသေသတခုဖြစ်ပါတယ်။
မှိုတွေကို ဆဲလ်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားပြီး အချို့သောဆဲလ်တွေကို သာမန်မျက်စိနှင့်တောင်မြင်နိုင် ပါတယ်။ မှိုမှာ အမြစ် (Root thread)၊ ရိုးတံ (stalk) နှင့် မျိုးမှုန့် (spore) ဆိုပြီး အပိုင်း 3 ပိုင်းပါ၀င်ပြီး spore ပေါ်မူတည်ပြီး မှိုရဲ့ အရောင်ဟာလည်း ကွဲပြားနိုင်ပါတယ်။ အပ်ချည်မျှင်နဲ့တူတဲ့ အမြစ်တွေက အစားအစာတွေရဲ့ အောက်ခြေမှာ တွယ်နေတာကြောင့် အလွယ်တကူမတွေ့နိုင်ပါဘူး။
2. အစားအသောက်တွေမှာတက်တဲ့မှိုတွေက အန္တရာယ်ရှိသလား။
ဟုတ်ပါတယ်။ အချို့သော မှိုတွေက ဓာတ်မတည့်မှုနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ကို ဖြစ်စေပြီး Mycotoxin လို့ခေါ်တဲ့ အဆိပ်အတောက်ကို ထုတ်လွှတ်တာကြောင့် နေထိုင်မကောင်းဖြစ်စေ ပါတယ်။
3. မှိုတွေက အစားအစာတွေရဲ့ မျက်နှာပြင်ပေါ်မှာပဲရှိတာလား။
မဟုတ်ပါဘူး။ ကျွန်မတို့ တွေ့ရတာဟာ မှိုရဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်ပါတယ်။ မှိုရဲ့အမြစ်တွေက အစားအစာအတွင်း ပိုင်းထဲထိ ထိုးဖောက်၀င်ရောက်ပြီး အမြစ်တလျှောက်မှာ လူကို အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ ခိုအောင်းနေနိုင်ပြီး အဆိပ်အတောက်တွေဟာလည်း အစားအစာတစ်ခုလုံးမှာ ပျံ့နှံ့နေနိုင်ပါတယ်။
4. အစားအသောက်တွေမှာတက်တဲ့မှိုတွေကို ဘယ်နေမှာတွေ့ရသလဲ။
ပူနွေးစိုစွတ်တဲ့ အခြေအနေမှာ မှိုပေါက်ဖွားနှုန်း ပိုကောင်းတာကြောင့် အရိပ်ရစိုစွတ်တဲ့နေရာ၊ သစ်ရွက်နှင့် သစ်သီး၀လံများ စုပုံသောနေရာ၊ အိပ်တွင်းရှိ စိုစွတ်တဲ့နေရာတွေမှာ မှိုကိုတွေ့နိုင်ပါတယ်။ ဒါ့အပြင် spores တွေဟာ လေမှတဆင့် အခြားနေရာများသို့ ပျံ့နှံ့ရောက်ရှိသွားနိုင်ပါတယ်။
5. အစားအစာတွေမှာတွေ့ရတတ်တဲ့ မှိုအမျိုးအစားတွေက ဘာတွေလဲ။
Alternaria, Aspergillus, Botrytis, Cladosporium, Fusarium, Gcotrium, Monilla, Manosus, Mortierella, Mucor, Neurospora, Oidium, Oospora, Penicillium, Rhizopus, Thamnidium စတဲ့ မှိုမျိုးစိတ်တွေကို အသား၊ နို့နှင့် နို့ထွက်ပစ္စည်းတွေမှာ တွေ့ရတတ်ပါတယ်။
6. Mycotoxin အဆိပ် ဆိုတာဘာလဲ။
Mycotoxin က စပါးစေ့၊ ဂျုံ၊ အခွံမာသီး၊ ကောက်ပဲသီးနှံ၊ တရုတ်နံနံ၊ စပျစ်သီး၊ ပန်းသီးတွေမှာရှိတတ်တဲ့ မှိုမှ ထုတ်လွှတ်လိုက်တဲ့ အဆိပ်အတောက်ဖြစ်ပါတယ်။ Mycotoxin အပြင် အခြားသော အဆိပ်အတောက်တွေများစွာရှိတာကြောင့် သုတေသီတွေက စူးစမ်းနေကြဆဲဖြစ်ပါတယ်။ အစားအသောက်နှင့်စိုက်ပျိုးရေး အဖွဲ့အစည်းမှ (FAO) မှ ထုတ်ပြန်ချက်အရ ကမ်ဘာ့ကောက်ပဲသီးနှံများရဲ့ 25% မှာ Mycotoxin ရှိနေပြီး အဆိပ်အပြင်းဆုံးကတော့ Aflatoxin ဖြစ်တယ်လို့သိရပါတယ်။
7. Aflatoxin ဆိုတာဘာလဲ။
ကောင်းစွာသိုလှောင်ထားခြင်းမရှိတဲ့ ကောက်ပဲသီးနှံ၊ ဂျုံ၊ ငရုတ်သီး၊ တရုတ်ကြံ၊ ပီလောပီနှံ၊ ဝါစေ့၊ နေကြာစေ့၊ ပြောင်းဖူး၊ မြေပဲ၊ ငရုတ်ကောင်း စတာတွေမှာတွေ့ရတဲ့ မှိုမှ ထုတ်လွှတ်တဲ့ အဆိပ်ဖြစ်ပြီး ကင်ဆာရောဂါဖြစ်ရခြင်းရဲ့ အကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်။ Aflatoxin ရှိတဲ့အစားအစာတွေကို လူနှင့်တိရစၧာန်များစားသုံးမိပါက ခန္ဓာကိုယ်မှာ ဆိုးကျိုးတွေကိုဖြစ်စေပါတယ်။ ကြီးထွားမှုနှုန်းနှေးကွေးခြင်း၊ ဖွ့ံဖြိုးမှုနောက်ကျခြင်း၊ အသဲကိုဖျက်ဆီးစေခြင်း၊ အသဲကင်ဆာ ဖြစ်ခြင်း စတာတွေဟာ Aflatoxin နှင့် ထိတွေ့မိခြင်းကြောင့် ရလာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေဖြစ်ပါတယ်။
8. မှိုအဆိပ်အတောက်ဖြစ်ခြင်းက Mold(အစားအသောက်တွေမှာတက်တဲ့မှို) ကြောင့်ဖြစ်တာလား။
မဟုတ်ပါဘူး။ Mold (အစားအသောက်တွေမှာတက်တဲ့မှို) နှင့်မျိုးရင်းတူတဲ့ Fungi မှ ထုတ်လွှတ်တဲ့အဆိပ်အတောက်တစ်မျိုးကြောင့် မှိုစားရင် အဆိပ်အတောက် ဖြစ်တာဖြစ်ပါတယ်။ ကျက်အောင်ချက်ပြုတ်ခြင်း၊ အေးခဲခြင်း အပါအ၀င် အခြားသောနည်းလမ်းတွေနဲ့ မှိုမှ အဆိပ်အတောက် ကို မဖယ်ရှားနိုင်သလို စားသင့်တဲ့မှိုနှင့် မစားသင့်တဲ့မှိုကို ခွဲဲခြားနိုင်တဲ့ နည်းလမ်းလည်းမရှိပါဘူး။ ဒါကြောင့် မှိုစားမယ်ဆို သေချာစိစစ်ပြီးမှ စားသင့်ပါတယ်။
9. အစားအစာတွေပေါ်မှာရှိနေတတ်တဲ့ မှိုတွေက ဘယ်လိုအကျိုးပြုနေသလဲ။
ချိစ်(ဒိန်ခဲ) ပြုလုပ်ရာမှာ အသုံး၀င်ပါတယ်။ Roquefort, blue, Gorgonzola, Stilton စတာတွေဟာ Penicillium roqueforti spores ကို အသုံးပြုပြီး ဖန်တီးထားတဲ့ ဒိန်ခဲတွေဖြစ်ပါတယ်။ Brie, Camembert စတဲ့ ဒိန်ခဲတွေမှာလည်း အဖြူရောင် မှိုတွေကိုတွေ့နိုင်ပါတယ်။
10. မှိုတွေကရေခဲသေတ္တာထဲမှာ ပေါက်ဖွားနိုင်သလား။ မှိုပေါက်ဖွားမှုကို လျော့နည်းအောင် ဘယ်လိုပြုလုပ်နိုင်သလဲ။
သန့်ရှင်းမှုက အဓိကပါဘဲ။ အစားအစာများမှတဆင့် မှိုတွေဟာ ရေခဲသေတ္တာ၊ လက်နှီး၊ ပန်းကန်ခွက်ယောက်နှင့် အခြားသော အိမ်သုံးပစ္စည်းတွေကို ပျံ့နှံ့သွားနိုင်တာကြောင့် အောက်ပါနည်းလမ်းတွေဖြင့် မှိုမရှိအောင် ပြုလုပ်ပေးပါ။
မုန့်ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်း 1 ဇွန်းကို ရေ 1.14 လီတာနှင့် ဖျော်ပြီး ရလာတဲ့အရည်ဖြင့် ရေခဲသေတ္တာကို တလတစ်ကြိမ် ဆေးကြောပါ။ ပြီးလျှင် ရေဖြင့်ထပ်မံဆေးကြောပြီး အခြောက်ခံပါ။
လက်နှီး၊ တာဝါ၊ ရေမြှုပ်ဖတ် စတာတွေကို ပုံမှန်လျှော်ဖွတ်ပေးပါ။ အောက်သိုးသိုးအနံ့ရနေပါက မှိုစွဲနေပြီလို့ သတ်မှတ်ပြီး မလျှော်ဖွတ်နိုင်ပါက စဉ်းစားမနေဘဲ တခါတည်းသာ လွှတ်ပစ်လိုက်ပါ။
အိမ်တွင် လေထုစိုထိန်းစကို 40% အောက်မှာထားရှိပါ။
11. အစားအစာတွေကို မှိုမစွဲအောင် ဘယ်လိုကာကွယ်မလဲ။
လေထဲမှာလွင့်ပျံလာတဲ့ Mold Spores (အစားအသောက်တွေမှာတက်တဲ့မှိုရဲ့ မျိုးမှုန့်) တွေနဲ့ ထိတွေ့မှုမရှိအောင် အစားအစာကို ဖုံးအုပ်ထားပါ။ ဟင်းသီးဟင်းရွက်၊ သစ်သီး၀လံ စတာတွေကို ပြင်ဆင်ထားပြီး မစားဖြစ်သေးပါက ထုတ်ပိုးလို့ရတဲ့ ပလစ်စတစ် (plastic wrap) နှင့် ဖုံးအုပ်ထားပါ။ စည်သွပ်ထားတဲ့ ပုပ်သိုးလွယ်တဲ့အစားအစာတွေကို သန့်ရှင်းတဲ့ ပုလင်း၊ ဘူး စတာတွေနဲ့ လှယ်ထားပြီး ရေခဲသေတ္တာထဲမှာ သေချာသိမ်းထားပါ။ စားတော့မယ်ဆိုပါကလည်း ရေခဲသေတ္တာထဲမှထုတ်ပြီး 2 နာရီအတွင်း စားသုံးပါ။
12. မှိုတက်နေတဲ့ အစားအစာတွေကို ဘယ်လို စီမံသင့်သလဲ။
မလိုအပ်ဘဲ အစားအစာအများကြီး၀ယ်ယူခြင်းကို ရှောင်ရှားခြင်းဖြင့် မှိုမတက်အောင် ကာကွယ်နိုင်ပါတယ်။ အစားအစာများတွင် မှိုစွဲနေပါက စက္ကူအိတ်နှင့်ထုတ်ပိုးပြီး စနစ်တကျစွန့်ပစ်ပါ။ မှိုစွဲနေတဲ့ အစားအစာထားရှိတဲ့ ရေခဲသေတ္တာ၊ ပန်းကန်ခွက်ယောက်စတာတွေကို စင်ကြယ်အောင်ဆေးကြောပါ။ မှိုတွေက အသီးအနှံတွေကို လျင်မြန်စွာ ပျံ့နှံ့သွားနိုင်တာကြောင့် အခြားသော စားစရာတွေမှာ မှိုစွဲခြင်း ရှိ/မရှိ စစ်ဆေးပါ။
မှိုစွဲနေတဲ့စားသောက်ကုန်ထဲမှာ စွန့်ပစ်ရမယ့် အစားအစာတွေရှိသလိ်ု မှိုစွဲနေတဲ့ အပိုင်းကို ဖယ်ရှားပြီး အသုံးပြုနိုင်တဲ့ စားသောက်ကုန်တွေလည်းရှိပါတယ်။ အောက်ပါအစားအစာတွေ မှိုစွဲနေပါက နှာမြောမနေဘဲ လွှင့်ပစ်လိုက်ပါ။
1. ဒိန်ချဉ်နှင့် အချဉ်ဓာတ်ရှိသော ခရမ်များ
2. ယိုအမျိုးမျိုးနှင့်ဂျယ်လီ
3. သခွားသီး၊ မက်မွန်သီး၊ ခရမ်းချဉ်သီး ကဲ့သို့သော နူးညံ့သည့် သစ်သီး၀လံနှင့် ဟင်းသီးဟင်းရွက်များ
4. ပေါင်မုန့်
5. မြေပဲ ထောပတ်၊ အခွံမာသီး၊ ပဲတောင့်ရှည်
6. စည်သွပ်အသားဘူး၊ ဘေကွန်၊ ဟော့ဒေါ့
7. အသားဟင်းအကြွင်းအကျန်များ
8. ပါစတာ ခေါက်ဆွဲ
9. Cottage, Cream Cheese, Neufchatel, Chèvre, Bel Paese ကဲ့သို့သော ချိစ်အမျိုးအစားများ
10. Crumbled, Shredded, Sliced, Cheese
ဆာလာမီ (Salami)၊ ၀က်ပေါင်ခြောက်ကဲ့သို့သော အစားအစာတွေမှာ မှိုစွဲနေပါက မှိုကိုဖယ်ရှားပြီး စားသုံးနိုင်ပါတယ်။ Parmigiano, Grana Padano, Pecorino Romano ကဲ့သို့သော hard cheese အမျိုးအစားနှင့် ဂေါ်ဖီထုပ်၊ မုန်လာဥနီ စသော မာတဲ့ ဟင်းသီးဟင်းရွက်များစတာတွေမှာ မှိုတက်နေပါက မှိုစွဲနေတဲ့နေရာအပါအ၀င် တစ်လက်မ ပတ်လည်လောက်ကို လှီးထုတ်ပစ်လိုက်ပြီး ကျန်တဲ့အပိုင်းကို အသုံးပြုနိုင်ပါတယ်။
Dr. Htet Htet Aung






























