အစာ မြန်မြန်စားခြင်းနဲ့ နှလုံး ကျန်းမာရေး
ကလေးဘဝကစပြီး လူကြီးဘဝထိတိုင်အောင် အစာ မြန်မြန်မစားရဘူးဆိုတဲ့ စကားကို မကြာခဏ ကြားဖူးကြမှာပါ။ ဒါဟာ အင်မတန်အရေးကြီးတဲ့စကားပဲ ဖြစ်ပါတယ်။
တစ်ခါတလေ မနက်ခင်း အိပ်ရာထနောက်ကျလို့ မနက်စာ ကမန်းကတန်း စားရတာ၊ သို့မဟုတ် ကိုယ်ကိုယ်တိုင်က အစားပြိုင်သမား ဖြစ်နေတာ အစာကို ခပ်မြန်မြန် စားရလေ့ရှိတာ၊ ဘာကြောင့်ပဲဖြစ်ဖြစ် ဒီလိုအမြန်စားတာဟာ ကိုယ့်မှာ အကျင့်ကြီးမဖြစ်သွားအောင် သတိထားရပါမယ်။
လတ်တလောမှာ ပြုလုပ်ထားတဲ့ လေ့လာမှုတစ်ခုအရ အစား အမြန်စားခြင်း၊ ကိုယ်အလေးချိန် တိုးခြင်းနဲ့ နှလုံးရောဂါတို့ဟာ အဆက်အစပ် ရှိနေတာကို တွေ့ရပါတယ်။ လူ စုစုပေါင်း 1083 ယောက်၊ အမျိုးသား 642 ယောက်၊ အမျိုးသမီး 441 ယောက်တို့ကို 3 ပိုင်း ပိုင်းပြီး အမြန်၊ ပုံမှန်နဲ့ အနှေး အစားသမားဆိုပြီး ခွဲလေ့လာထားတာပါ။ 5 နှစ်အတွင်းမှာ ဒီလူတွေရဲ့ ကျန်းမာရေးကို တောက်လျှောက် လေ့လာကြပါတယ်။ အထူးသဖြင့် သွေးတိုး၊ ဆီးချို၊ ခါးတစ်ဝိုက် အဆီပို၊ သွေးတွင်း ကိုလက်စထရောနဲ့ triglyceride အဆီဓာတ် ပုံမမှန်ခြင်းတွေ စုပုံပြီး ဖြစ်တတ်တဲ့ metabolic syndrome ဇီဝကမ္မဖြစ်စဉ် ကမောက်ကမရောဂါစုကို ဦးစားပေးကြည့်ကြပါတယ်။ ဒီဇီဝကမ္မဖြစ်စဉ် ကမောက်ကမရောဂါစုဟာ နှလုံးရောဂါ၊ လေဖြတ် လေဖြန်းနဲ့ ဆီးချိုရောဂါတွေဖြစ်နှုန်း ပိုများလာစေနိုင်ပါတယ်။
လေ့လာမှု စတင်ချိန်မှာ အစမ်းသပ်ခံသူတွ အကုန်လုံးမှာ ဇီဝကမ္မဖြစ်စဉ် ကမောက်ကမရောဂါစု မရှိပေမယ့် 5 နှစ်ပြည့်တဲ့အခါ လေ့လာအစမ်းသပ်ခံသူများထဲက 84 ယောက်မှာ ဒီရောဂါစုဖြစ်နေပြီး အစား အမြန်စားတဲ့အုပ်စုထဲက အများဆုံး ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ အစာစားတာ နှေးတဲ့အုပ်စုထဲက 2.3% လောက်ပဲဖြစ်ပြီး ပုံမှန်စားသူတွေမှာ 6.5% လောက် တွေ့ရပါတယ်။ အမြန် စားတတ်သူတွေမှာတော့ 11.6% တောင် ဖြစ်တတ်ပါတယ်။
ဒီလိုဖြစ်ရခြင်းရဲ့ အဓိကတရားခံကတော့ သွေးတွင်းအချိုဓာတ်ပဲ ဖြစ်ပါတယ်။ အစာ အမြန်စားခြင်းက သွေးတွင်းအချိုဓာတ်ကို အတက်အကျ အမြန်ဖြစ်စေပြီး အင်ဆူလင်ဓာတ် လက်ခံမှုကို ဟန့်တားစေနိုင်တာကြောင့် ဆဲလ်တွေထဲကို အချိုဓာတ် မဝင်နိုင်တော့ပါဘူး။ ဒီအခါမှာ ခန္ဓာကိုယ်က အင်ဆူလင်ဓာတ်ကို ပိုမိုထုတ်ပေးပြီး ဆီးချိုအမျိုးအစား ၂ နဲ့ နှလုံးရောဂါတွေကို ဖြစ်လာစေနိုင်ပါတယ်။
ဒါကြောင့် ဇီဝကမ္မဖြစ်စဉ် ကမောက်ကမရောဂါစုကို ကာကွယ်ဖို့နဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်စေဖို့ နောက်တစ်ကြိမ် ထမင်းစားတဲ့အခါ အချိန်ယူပြီး ဖြည်းဖြည်း စားပေးသင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























