အဆုတ်ရောဂါရဲ့ စိုးရိမ်ဖွယ်လက္ခဏာရပ်များ
ရိုးရိုးချောင်းဆိုးတာလောက်၊ တရွှီရွှီမြည်တာလောက်ကို ကိစ္စများမြောင်နေတဲ့အချိန်မျိုးမှာ သတိထား၊ ဂရုစိုက်မိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုလက္ခဏာအသေးစားလေးတွေကိုတောင် သတိထားဖို့ လိုပါတယ်။ တစ်ခါတလေလူတွေက အသက်ရှူရတာ နည်းနည်းခက်လာတာကို အသက်ကြီးလာလို့နေမှာပါဆိုပြီး တွေးတတ်ကြပါသေးတယ်။ ဒီလက္ခဏာလေးတွေဟာ ပန်းနာရင်ကြပ်၊ အဆုတ်လမ်းကြောင်းပိတ်ရောဂါ၊ အဆုတ်ကင်ဆာ စတဲ့ အဆုတ်ရောဂါတွေရဲ့ ပထမဆုံးလက္ခဏာ ဖြစ်နိုင်ပါတယ်။ စောစောသတိထားမိရင် ရောဂါသိပ်မဆိုးခင်မှာတင် မြန်မြန်ကုသမှုခံယူဖို့ လိုပါတယ်။ ဒါကြောင့် ဒီလိုလက္ခဏာတွေဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ အမြန်ပြသကြည့်ဖို့ လိုပါတယ်။ စောစောရောဂါသိခြင်းက အသက်ကယ်နိုင်ပါတယ်။
>> သတိပေးလက္ခဏာများ
● နာတာရှည်ချောင်းဆိုးခြင်း : ၈ ပတ်နဲ့အထက် ချောင်းဆိုးနေရင် နာတာရှည်ချောင်းဆိုးခြင်းလို့ ခေါ်ပါတယ်။ အဆုတ်လမ်းကြောင်းမှာ တစ်ခုခုဖြစ်နေကြောင်းပြတဲ့လက္ခဏာပါပဲ။
● အသက်ရှူမဝခြင်း : လေ့ကျင့်ခန်းလုပ်ပြီးပဲဖြစ်ဖြစ်၊ ဘာမှအားစိုက်ထုတ်ခြင်းမရှိဘဲဖြစ်ဖြစ် မောနေတယ်၊ အသက်ရှူမဝဘူးဆိုတာဟာ ပုံမှန်မဟုတ်ပါဘူး။ အသက်ကို ခက်ခက်ခဲခဲရှူနေရပြီဆိုရင်တော့ အရေးပေါ်အခြေအနေ ဖြစ်သွားပါပြီ။
● နာတာရှည်သလိပ်ထွက်ခြင်း : သလိပ်ဆိုတာ အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်တာ၊ ပြင်ပအရာတစ်ခုခု ဝင်လာတာကို တုန့်ပြန်တဲ့အနေနဲ့ ထွက်တာပါ။ ဒီလိုသလိပ်ထွက်တာ ကြာလာပြီဆိုရင်တော့ အသက်ရှူလမ်းကြောင်းရောဂါတစ်ခုခု ရှိနေပါပြီ။
● တရွှီရွှီမြည်ခြင်း : အသက်ရှူလမ်းကြောင်းမှာ တစ်ခုခုနဲ့ပိတ်ဆို့နေတာ၊ ကျဉ်းမြောင်းသွားတာ စတာတွေကြောင့် ဒီလိုတရွှီရွှီမြည်လာတာပါ။
● ချောင်းဆိုးသွေးပါခြင်း : ချောင်းဆိုးသွေးပါတာဟာ အဆုတ်ကသော်လည်းကောင်း၊ အသက်ရှူလမ်းကြောင်းကသော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ ဘယ်ကပဲလာလာ ကျန်းမာရေးပြဿနာတစ်ခုရှိနေတာ မလွဲပါပဲ။
● နာတာရှည်ရင်ဘတ်အောင့်ခြင်း : တစ်လနဲ့အထက် ရင်ဘတ်နာနေတာဟာ၊ အထူးသဖြင့် အသက်ရှူသွင်း၊ ချောင်းဆိုးလိုက်တိုင်း ပိုဆိုးနေတာဟာလည်း သတိထားရမယ့်လက္ခဏာတစ်ချက်ပဲ ဖြစ်ပါတယ်။
>> ဆရာဝန်နဲ့ ဆွေးနွေးတဲ့အခါ -
၁။ ကိုယ့်ကျန်းမာရေးမှတ်တမ်းတွေအားလုံးကို တစ်ပါတည်းယူသွားပါ။ အကယ်၍ အကြောင်းကြောင်းကြောင့် မယူသွားနိုင်ရင်လည်း ကိုယ့်မှာရှိတဲ့ရောဂါ၊ ဘယ်လောက်ကြာပြီ၊ ဘာဆေးသောက်နေတယ်၊ ဘယ်ဆရာဝန်နဲ့ပြနေတယ်ဆိုတာတွေကိုတော့ ပြောပြနိုင်ဖို့လိုပါတယ်။
၂။ ကိုယ်သောက်လက်စဆေးတွေ အကုန်စာရင်းပြုစုထားပါ။ ဆရာဝန်ညွှန်းထားတဲ့ဆေးတွေ၊ ဆေးဥဆေးမြစ်တွေ၊ ဖြည့်စွက်စာတွေ အကုန်ပါပါတယ်။
၃။ ပြနေတဲ့ဆရာဝန်စာရင်းနဲ့ ဘာကြောင့်ပြနေရတယ်ဆိုတာလည်း လိုပါတယ်။
၄။ ကိုယ်ခံစားနေရတဲ့ဝေဒနာအားလုံးကို ရေးမှတ်ပြီး ဘယ်လက္ခဏာက အဆိုးဆုံးဆိုတာကိုပါ မှတ်ထားပါ။ ဘယ်အချိန်မှာ စဖြစ်တယ်၊ ဘာလုပ်လိုက်ရင် သက်သာသွားတယ်ဆိုတာတွေကိုပါ သိထားဖို့လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























