အနီးကပ်ချစ်သူထံမှ လိင်ပိုင်းဆိုင်ရာ အနိုင်အထက် ပြုကျင့်ခံရခြင်း
ဒီနေရာမှာ လိင်ပိုင်းဆိုင်ရာ အနိုင်အထက် ပြုကျင့်ခြင်းဆိုရင် မုဒိမ်းမှုအဖြစ်ပဲ လူတိုင်းက မြင်ကြပါတယ်။
သက်ဆိုင်ရာပုဂ္ဂိုလ်ရဲ့ ခွင့်ပြုချက်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကြမ်းတမ်းစွာ လိင်ဆက်ဆံတာကို Sexual Violence အဆင့်လို့ ခေါ်ပါတယ်။
Intimate Sexual Violence လို့ခေါ်တဲ့ ချစ်သူရည်းစားတွေကြား၊ အိမ်သူသက်ထားနဲ့ ခင်ပွန်းကြား လိင်ပိုင်းဆိုင်ရာ အနိုင်အထက် ကြမ်းတမ်းစွာ ပြုကျင့်ခြင်းကို အခုနောက်ပိုင်းမှာ ဆယ်ကျော်သက်တွေမှာ အတွေ့ရ များလာပါတယ်။
ငယ်စဉ်က မိဘရဲ့ကြင်နာမှု၊ ယုယမှုကို အပြည့်အဝ မရခဲ့သူတွေ ရိုက်နှက်ညှင်းဆဲခံရသူတွေ အနိုင်ကျင့်ခံတဲ့ကလေးတွေ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ပင်ပန်းစွာ မပြည့်စုံစွာ ကြီးပြင်းလာရတဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကြောင့်၊ အလိုမပြည့်မှုတွေကြောင့် ပေါ်လာရတဲ့ ကြမ်းတမ်းခက်ထန်မှုတွေလို့ ဆိုနိုင်ပါတယ်။
အခုနောကိပိုင်းဆိုရင် ဆေးစွဲတာ၊ တီဗွီ၊ ဗီဒီယို အင်တာနက်ကတစ်ဆင့် မသင့်တော်တဲ့အရာတွေကို ကြည့်မိနေရာကနေ အဲဒီဘက်ကို စိတ်သက်ဝင်သွားပြီး မှားယွင်းစွာ အနိုင်အထက် ပြုကျင့်တဲ့ဘက်ကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။
ဒီလိုအဖြစ်မျိုးတွေဟာ သူစိမ်းယောက်ျားတွေတင် ပြုတတ်၊ လုပ်တတ်တာ မဟုတ်ပါဘူး။ မိမိခင်ပွန်း၊ ရည်းစား၊ အနီးကပ်ချစ်သူတွေက တစ်ဆင့်လည်း အနိုင်အထက် ကြမ်းတမ်းစွာ ပြုကျင့်မှုကို ကြုံတွေ့ခံစားရနိုင်ပါတယ်။ အဲဒါကို Intimate Sexual Violence လို့ အမည် တပ်နိုင်ပါတယ်။
=====================================================
မြလေးဟာ ခံစားချက် ပြင်းထန်ပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးပါ။ တစ်နေ့မှာ သူ့ချစ်သူနဲ့ ပထမဆုံးအကြိမ် အတူနေရင်း ကြမ်းတမ်းစွာ ပြုကျင့််ဆက်ဆံတာကို ခံရပါတယ်။ မြလေးဟာ သိပ်ကြောက်သွားပြီး ညများစွာ အိပ်မပျော်တော့ဘူး။ နောက်ထပ် ထပ်ကြုံဖို့ဆိုတာ သူမကို အရိပ်မည်းလို လိုက်နေပါတော့တယ်။
=====================================================
ခင်မွန်ဟာ ဈေးရောင်းပြီး အသက်မွေးတဲ့ အမျိုးသမီးပါ။ သူမ အမျိုးသားက အရက်သောက်ပါတယ်။ မူးလာတိုင်း သူမကို အတင်းအနိုင်ကျင့်ပြီး ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေနဲ့ အတူနေဖို့ ကြိုးစားပါတယ်။ ဇနီးသည်ဟာ ပတ်ဝန်းကျင်ကိုလည်း မပြောရဲဘဲ စိတ်ဆင်းရဲ ပင်ပန်းစွာ ကြိတ်ခံစားနေရ ရှာပါတယ်။
=====================================================
အမျိုးသမီးနဲ့ အမျိုးသား အတူနေကြရာမှာ Love making လို့ခေါ်တဲ့ အကြင်နာအယုယကို ပိုမိုပြသပြီး မျှတစွာ ဆက်ဆံတတ်သူတွေဟာ ကိုယ်ရေးကိုယ်သွေး မြင့်မားသူတွေ ဖြစ်လေ့ရှိပါတယ်။
ဒီနေရာမှာ ခံရသူဟာ အမျိုးသမီးတွေချည်း မဟုတ်ပါဘူး။ အမျိုးသားချင်း လိင်တူဆက်ဆံခံရ၊ ဆက်ဆံဖော်ချင်း အတင်းအဓမ္မ ကြမ်းတမ်းစွာ အနိုင်အထက် ပြုခံရတာတွေ အများကြီး ဖြစ်နိုင်ပါတယ်။
အရင်းအမြစ်ကို လိုက်မယ်ဆိုရင်တော့ မြီးကောင်ပေါက်အရွယ်ကစလို့ မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်လို့ သင့်တင့်စွာ ပညာပေးတာ ဖြစ်ပါတယ်။ ကျောင်းတွေဟာ လုံခြုံစိတ်ချရမှုကောင်းပြီး ပွင့်လင်းမြင်သာတဲ့ပတ်ဝန်းကျင် ဖြစ်သင့်ပါတယ်။ အိမ်ထောင်မပြုမီ ရည်းစားမထားမီ ဒီအသိပညာကို ကောင်းကောင်းပေးထားတာ။ မိသားစုချင်း၊ ရွယ်တူချင်း လူမှုရေးအသင်းတွေ၊ အဖွဲ့တွေကြားမှာ ဇနီး၊ ခင်ပွန်း၊ သမီးရည်းစား အတူနေတာနဲ့ ပတ်သက်လို့ ပွင့်လင်းစွာ အမြင်ဖလှယ်တာတွေ လုပ်သင့်ပါတယ်။
အရွယ်ရောက်ကာစ ယောကျ်ားလေးတွေမှာ ကိုယ်ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင် စိတ် အလိုမပြည့်ခဲ့ရတာတွေ၊ အတူနေမိသားစုနဲ့ ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေး အနေအထားကိုလိုက်ပြီး လိင်ပိုင်းဆိုင်ရာ အနိုင်အထက်ပြုကျင့်တဲ့ ဖြစ်ရပ်တွေကို မကြာခဏ ကြားရပါတယ်။ မုဒိမ်းမှုဆိုတာထက် အနီးကပ်ချစ်သူ၊ ခင်ပွန်းတို့၊ လိင်တူဆက်ဆံဖော်တွေက တစ်ဆင့်လည်း အနိုင်ကျင့်ခံရ၊ ကြမ်းတမ်းစွာ ပြုခံရတွေ ရှိနိုင်သေးတာပါပဲ။
အရင်းနှီးဆုံး မိသားစုဝင် ခင်ပွန်း၊ ချစ်သူ၊ အတူနေရည်းစားတို့ဆီက ရနိုင်တဲ့ အတူနေဖော်ဆီက စိတ်မချမ်းသာစရာ ဖော်ထုတ်မဝံ့တဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတာတွေ နာကျင်မှုတွေကို လျစ်လျူမရှုကြစေဖို့ တင်ပြလိုက်ပါတယ်။
မာလာခင် (စိန်ပန်း) (www.drmyanmar.com)






























