အပူမှ အအေးသို့ ရုတ်တရက် ပြောင်းလဲခြင်းက ကျန်းမာရေးအတွက် အန္တရာယ် ရှိပါတယ်
ပူလောင်နေရာကနေ ရုတ်တရက် အေးသွားခြင်းက လူ့ခန္ဓာကိုယ်အတွက် မကောင်းပါဘူး။ အရမ်းပူနေရာကနေ ရုတ်တရက် အရမ်းအေးသွားခြင်းက အအေးနှင့်ဆိုင်တဲ့ရောဂါ ရှိသူတွေအတွက် ပြင်းထန်တဲ့အကျိုးသက်ရောက်မှုတွေ ရှိနို်င်ပါတယ်။
ဈေးဝယ်စင်တာတွေ၊ လေအေးပေးစက် တပ်ဆင်ထားသောရုံး၊ အဆောက်အဦးနှင့် ဆေးရုံတွေမှာ အလုပ်လုပ်သူမှာဆိုရင် အရမ်းကိုပူတဲ့ အပြင်ဘက်ကနေပြီး လေအေးပေးစက် တပ်ဆင်ထားတဲ့ အခန်းထဲကို ဝင်လိုက်တဲ့အခါမှာ အတွင်းနဲ့အပြင်ရဲ့အပူချိန် ရုတ်တရက် ကွာခြားမှုက ခန္ခာကိုယ်အပေါ် ဆိုးကျိုးသက်ရောက်စေပါတယ်။ အသားအရေ၊ အချွဲအမြှေးပါးနဲ့ မျက်လုံးတွေကို ခြောက်သွေ့သွားစေပါတယ်။ ဒီအပူချိန် ရုတ်တရက် ပြောင်းလဲမှုက မျက်လုံးနှင့် အသက်ရှူလမ်းကြောင်းရောဂါ ပိုးဝင်ခြင်းနှင့် ကြွက်တက်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။
လေအေးပေးစက်တွေကြောင့်ဖြစ်တဲ့ ပန်းနာရင်ကျပ်ထခြင်း၊ နှာစေးခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ တုပ်ကွေး၊ အစာပြွန်ရောင်ခြင်း၊ ထိပ်ကပ်နာ၊ အအေးမိခြင်း၊ လည်ချောင်းနာခြင်း၊ ကြွက်သားများ ကိုက်ခဲခြင်းနှင့် ပြင်းထန်တဲ့ နာကျင်မှုတွေကဲ့သို့သော ရောဂါတွေကို ဆေးရုံတွေမှာ အမြဲတွေ့နေရပါတယ်။
ခန္ဓာကိုယ်အတွက် သမမျှတပြီး ကျန်းမာရေးနှင့် ညီညွတ်ဖို့အတွက် ထောက်ခံချက်ပေးတဲ့ အပူချိန်ကတော့ 23°C နှင့် 25°C ကြား ဖြစ်ပါတယ်။
အပူချိန် ရုတ်တရက် ပြောင်းလဲခြင်းက နှလုံးသွေးကြောရောဂါ၊ နှလုံးရောဂါ၊ ဦးနှောက်သွေးကြောရောဂါနှင့် ခြေလက်သွေးပြန်ကြောရောဂါတွေကို ပိုဆိုးစေနိုင်ပါတယ်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူတွေမှာလည်း ရောဂါပိုဆိုးစေနိုင်တဲ့အတွက် ဒီလူနာတွေကို တတ်နိုင်ရင် လေအေးပေးစက်ကို အရမ်းမအေးအောင်ထားဖို့ အကြံပေးချင်ပါတယ်။ ရာသီဥတု ပူပြင်းချိန်မှာ အိမ်နှင့် ရုံးခန်းတွေမှာ အပူချိန်ကို အမြဲစစ်ဆေးပြီး အရမ်းမအေးအောင် စီမံဖို့ လိုပါတယ်။ အထူးသဖြင့် လူနာတွေကို စောင့်ရှောက်မှုပေးနေတဲ့ ဆေးရုံတွေမှာဆိုရင် ပိုပြီးသတိထားရပါမယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























