အမျိုးသားတွေနဲ့ အရိုးပွနှုန်း
၂၅%သော အသက်၅၀ကျော်အမျိုးသားတွေမှာ အရိုးပွပြီးအရိုးကျိုးနှုန်းရှိတယ်ဆိုတာ ကြားဖူးပါသလား?
ဒါမှမဟုတ် တင်ပါးဆုံရိုးကျိုးသူတွေထဲက ၃၀%နီးပါးဟာ အမျိုးသားတွေမှာဖြစ်တယ်ဆိုတာရော သိကြပါလား? နောက်ပြီးတော့ အမျိုးသားတွေမှာ တင်ပါးဆုံရိုးကျိုးတဲ့အခါ အမျိုးသမီးတွေထက် ရေရှည်နောက်ဆက်တွဲဆိုးကျိုး ပိုဆိုးတယ်တဲ့နော်။
အမျိုးသမီးတွေမှာ အရိုးပွတတ်တယ်ဆိုတာ သိထားကြပြီးသား ဖြစ်တာမို့ အမျိုးသားအများစုဟာ သူတို့မှာလည်း အရိုးကျိုးနိုင်တယ်ဆိုတာ မေ့မေ့နေတတ်ကြပါတယ်။
အမျိုးသားတွေမှာ အရိုးပွပြီး ကျိုးနိုင်တဲ့ အကြောင်းရင်းတွေက အမျိုးသမီးတွေမှာ အရိုးပွစေနိုင်တဲ့
အကြောင်းရင်းတွေနဲ့ အတူနီးပါးလောက်ပါပဲ။
• ဗီတာမင်ဒီမလုံလောက်ခြင်း
• အာဟာရဓာတ်မလုံလောက်ခြင်း
• ကိုယ်အလေးချိန်နည်းနေခြင်း
• လှုပ်ရှားမှုနည်းခြင်း၊ ကြွက်သားပမာဏနည်းခြင်း
• လိင်ဟော်မုန်းတွေနည်းခြင်း
အမျိုးသားတွေမှာတော့ အများဆုံးက Testosterone တက်စတိုစတီးရုန်း လို့ခေါ်တဲ့ အမျိုးသားဟော်မုန်းပေါ့။ ဒါပေမယ့် အမျိုးသမီးဟော်မုန်း အီစထရိုဂျင် estrogenကလည်း အမျိုးသားတွေမှာ အရိုးတွေကို ကာကွယ်ပေးနိုင်တယ်။
1.အရိုးပွစေတဲ့ဆေးတွေသောက်ခြင်း
စတီးရွိုက်ဆေးတွေ၊ စိတ်ကျရောဂါကျေဆးတွေ၊ အစာအိမ်အက်ဆစ်ကျဆေးတွေနဲ့ အတက်ကျဆေးတွေကြောင့် အရိုးပွတတ်တယ်။ စတီးရွိုက်ဆေးတွေဟာ ၅mgလောက်ပမာဏနဲ့တောင် အချိန်ကြာလာတာနဲ့အမျှ တိုက်ရိုက်အရိုးပွစေနိုင်တယ်။
2.ရောဂါအမျိုးမျိုး
သိုင်းရွိုက်ဓာတ်များခြင်း ဒါမှမဟုတ် သိုင်းရွိုက်ရောဂါ၊ အဆစ်အမြစ်လေးဘက်နာရောဂါ၊ multiple myeloma လို့ခေါ်တဲ့ သွေးကင်ဆာရောဂါတစ်မျိုး စတာတွေကြောင့် ဖြစ်နိုင်တယ်။
3.လူနေမှုပုံစံ
အထူးသဖြင့် ဆေးလိပ်သောက်ခြင်းနဲ့ အရက်အလွန်အကျွံသောက်ခြင်းတွေပေါ့။ တစ်ပတ်ကို အရက်၁၀ခွက်နဲ့အထက်သောက်ခြင်းက အရိုးကျိုးနှုန်းကို များစေပါတယ်။
4.အရင်ကအရိုးကျိုးဖူးခြင်း
ကျောရိုးဆစ်ကျိုးဖူးသူ အမျိုးသားကြီးတွေမှာ မကျိုးဖူးသူတွေထက်စာရင် ထပ်ကျိုးနိုင်ခြေ ၃ဆလောက်ပိုများတယ်။
5.တင်ပါးဆုံရိုးကျိုးဖူးသူမိသားစုရာဇဝင်ရှိခြင်း
ဆွီဒင်လေ့လာမှုတစ်ခုမှာဆိုရင် အဖိုးဖြစ်သူမှာ တင်ပါးဆုံရိုးကျိုးဖူးတဲ့ရာဇဝင်ရှိခဲ့ရင် အရိုးသိပ်သည်းဆပိုနည်းပြီး အရိုးတွေပိုသေးတာကို တွေ့ရတယ်။
ဒါကြောင့် အမျိုးသားတွေမှာပဲဖြစ်ဖြစ်၊ အမျိုးသမီးတွေမှာပဲဖြစ်ဖြစ် အရိုးပွစေတဲ့ ရောဂါအကြောင်းရင်းတွေ၊ လူနေမှုပုံစံနဲ့ အာဟာရဓာတ်ပြင်ဆင်မှုတွေ အကုန်ကြိုးစားကြည့်ပြီး လိုအပ်သလို ဆေးသောက်ပါ လို့ အကြံပြုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
Dr. Mya Phoo Ngon (www.drmyanmar.com)






























