/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရက်ကိုအလွန်အကျွံ-စွဲမြဲစွာသောက်သုံးခြင်းကြောင့်

အရက်ကိုအလွန်အကျွံ စွဲမြဲစွာသောက်သုံးခြင်းကြောင့် ဖြစ်တတ်သောကျန်းမာရေးဆိုးကျိုးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ယခုအခါမှာ အမျိုးသားတွေသာမက အမျိုးသမီးတွေပါ အရက်သောက်သုံးလာတာကို နေရာတော်တော် များများမှာ တွေ့မြင်နေရပါတယ်။ အရက်သောက်ခြင်းဟာ အသည်းခြောက်ခြင်းနှင့် ယာဉ်မတော်တဆဖြစ်မှု များကြောင့် ထိခိုက်ဒဏ်ရာရရှိမှုတွေကဲ့သို့သော ကြီးမားတဲ့ကျန်းမာရေးပြသနာတွေဖြစ်စေနိုင်တယ်ဆိုတာ အားလုံးသိကြပါတယ်။ အရက်ကြောင့် ခန္ဓာကိုယ်ထဲမှာ ကျွနု်ပ်တို့မသိနိုင်တဲ့ အရာမျိုးစုံဖြစ်ပျက်နေပါတယ်။

            အောက်ပါအချက် (12) ချက်ကတော့ အရက်ကို အလွန်အကျွံ စွဲမြဲစွာသောက်သုံးသူတွေမှာ ဖြစ်ပေါ် လာနိုင်တဲ့ရောဂါတွေပဲ ဖြစ်ပါတယ်။

1. သွေးအားနည်းရောဂါ (Anaemia)

       အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အောက်ဆီဂျင်ကို သယ်ဆောင် တဲ့ သွေးနီဥအရေအတွက်ကျဆင်းလာပါတယ်။ အဲလိုအခြေအနေကို သွေးအားနည်းတယ် လို့ခေါ်ပြီး မောပန်းခြင်း၊ အသက်ရှုမြန်ခြင်းနဲ့ မူးဝေခြင်းတွေကဲ့သို့သော လက္ခဏာတွေ ခံစားရတတ်ပါတယ်။

2. ကင်ဆာ

        အရက်အမြဲသောက်ခြင်းဟာ ကင်ဆာဖြစ်နိုင်ချေပိုများပါတယ်။ ခန္ဓာကိုယ်က အရက်ကို acetaldehyde လို့ခေါ်တဲ့ ကင်ဆာဖြစ်စေတဲ့အရာအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။ ကင်ဆာဖြစ်နိုင်တဲ့နေရာတွေကတော့ အရက်နဲ့ထိတွေ့တဲ့နေရာတွေဖြစ်တဲ့ ပါးစပ်၊ အစာပြွန်ဦးပိုင်း (လည်ချောင်း)၊ အသံပြွန်( အသံအိုး)၊ အစာပြွန်၊ အသည်း၊ နို့၊ အူမကြီးနဲ့ အစာဟောင်းအိမ်တို့ဖြစ်ကြပါတယ်။ အရက်ကော၊ ဆေးရွက်ကြီးကော သောက်တဲ့ သူတွေမှာ ကင်ဆာဖြစ်နိုင်ချေပိုမြင့်ပါတယ်။

3. နှလုံးသွေးကြောရောဂါ

         အရက်အလွန်အကျွံသောက်သုံးခြင်းဟာ သွေးခဲတွေထဲကို သွေးမွှားလို့ခေါ်တဲ့ platelets လေးတွေကို ပိုစုဝေးလာစေခြင်းဖြင့် လေဖြတ်ခြင်းနှင့် ရုတ်တရက်နှလုံးခုန်ရပ်သွားခြင်းတွေကို ဖြစ်စေတတ်ပါတယ်။ 2005 ခုနှစ်မှာထုတ်ဝေခဲ့တဲ့ လေ့လာမှုတစ်ခုအရ အရင်ကရုတ်တရက်နှလုံးခုန်ရပ်တာကနေ အသက်ပြန်ရှင်ဖူးတဲ့သူတွေမှာ အရက်ကိုတစ်ထိုင်တည်းအလွန်အကျွံသောက်သုံးရင် သေဖို့နှစ်ဆပိုများပါတယ်။ ဒါတွေအပြင် နှလုံးကြွက်သားရောဂါတွေလည်းဖြစ်စေပါတယ်။ နှလုံးကြွက်သားတွေအားနည်းလာပြီး နောက် ဆုံးမှာ လုံးဝအလုပ်မလုပ်နိုင်တော့တာမျိုးဖြစ်နိုင်သလို နှလုံးသွေးဝင်ခန်း၊ သွေးလွှတ်ခန်းတွေ အဆမတန်ခုန်တာကဲ့သို့သော နှလုံးစည်းချက်မမှန်တာတွေလည်း ဖြစ်တတ်ပါတယ်။ Atrial fibrillation (နှလုံးသွေးဝင်ခန်း အဆမတန်ခုန်ခြင်း) ဆိုတာ နှလုံးအပေါ်ခန်းတွေက စည်းချက်ကျကျညှစ်ရမယ့်အစား ပရမ်းပတာရမ်းခါနေခြင်းကိုခေါ်တာဖြစ်ပြီး အဲလိုဖြစ်ရင် သွေးခဲတွေဖြစ်လာပြီး လေဖြတ်တတ်ပါတယ်။ Ventricular fibrillation (နှလုံးသွေးလွှတ်ခန်း အဆမတန်ခုန်ခြင်း) ဆိုတာကတော့ နှလုံးရဲ့အဓိကသွေးညှစ်တဲ့အခန်းတွေဖြစ်တဲ့ သွေးလွှတ်ခန်းတွေ ပရမ်းပတာရမ်းခါနေတာပါ။ ရုတ်တရက်သတိမေ့မျောသွားတတ်ပြီး ကုသမှုချက်ချင်းမရဘူးဆိုရင် သေစေနိုင်ပါတယ်။

4. အသည်းခြောက်ခြင်း

         အရက်က အသည်းကို အဆိပ်သင့်စေပြီး အရက်သောက်သူအများအပြားမှာ အသည်းခြောက်ရောဂါ ဖြစ်တတ်ကြပါတယ်။ တစ်ခါတစ်ရံသေစေနိုင်တဲ့အခြေအနေတွေမှာဆိုရင် အသည်းမှာအမာရွတ်ကြီးတတ်ပြီး အသည်းအလုပ်မလုပ်နိုင်တော့ပါဘူး။ ဒါပေမယ့် ဘယ်လိုအရက်သောက်သူတွေမှာ အသည်းခြောက်မယ်ဆိုတာတော့ ခန့်မှန်းရခက်ပါတယ်။ အချို့အရက်အများကြီးသောက်သူတွေမှာ အသည်းမခြောက်ဘဲနဲ့ အချို့သော အလွန်အကျွံမသောက်သူတွေမှာ အသည်းခြောက်တတ်ကြပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပြီး အကြောင်းအရင်းကိုတော့ သေချာ မသိပါဘူး။

5. မှတ်ဉာဏ်ယုတ်လျော့ခြင်း (Dementia)

       အသက်အရွယ်ကြီးလာတာနဲ့အမျှ ဆယ်စုနှစ်တစ်ခုကို 1.9% နှုန်းနဲ့ ဦးနှောက်က ကျုံ့လာပါတယ်။ ဒါက ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ ဒါပေမယ့် အရက်အလွန်အကျွံသောက်သုံးခြင်းက ဦးနှောက်ရဲ့ အဓိကနေရာ အချို့ကျုံ့ခြင်းကိုလျှင်မြန်စေပြီး မှတ်ဉာဏ်ယုတ်လျော့ခြင်းနဲ့ အခြားဦးနှောက်ပြဿနာတွေကိုဖြစ်စေတတ်ပါတယ်။

      လူသားတွေရဲ့မြင့်မားတဲ့ ဦးနှောက်စွမ်းရည်တွေဖြစ်တဲ့ အစီအစဉ်ဆွဲခြင်း၊ စဉ်းစားချင့်ချိန်ခြင်း၊ ပြသနာများဖြေရှင်းခြင်းနဲ့ အခြားစီမံခန့်ခွဲရေးဆိုင်ရာစွမ်းရည်တွေကို ယုတ်လျော့လာစေပါတယ်။ ဒီလို ဦးနှောက်ကျုံ့ခြင်းကြောင့် ဖြစ်လာတဲ့မှတ်ဉာဏ်ပြဿနာတွေအပြင် အရက်အလွန်အကျွံသောက်သုံးခြင်းက အာဟာရပြင်းထန်စွာချို့တဲ့မှုကိုဖြစ်စေပြီး အခြားမှတ်ဉာဏ်ပြဿနာတွေကိုလည်း ဖြစ်စေပါတယ်။

6. စိတ်ကျရောဂါ (Depression)

         အရက်အလွန်အကျွံသောက်သုံးခြင်းဟာ စိတ်ကျခြင်းနဲ့လည်း ဆက်နွယ်နေပါတယ်။ ဒါပေမယ့် အရက်သောက်လို့ စိတ်ဓာတ်ကျတာလား? စိတ်ဓာတ်ကျလို့အရက်သောက်တာလား? ဆိုတာကို ပြောဖို့ ခက်ပါတယ်။ စိတ်ဓာတ်ကျတဲ့သူတွေဟာ သူတို့ရဲ့နာကျင်ခံစားရမှုတွေကို မေ့လျော့နိုင်ဖို့ အရက်သောက်ကြပါတယ်။ လေ့လာမှုတစ်ခုအရတော့ အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့်လည်း စိတ်ကျရောဂါရနိုင်ပါတယ်။

7. အတက်ရောဂါ

      အရက်အလွန်အကျွံသောက်သုံးခြင်းဟာ အတက်ရောဂါအရင်ကမရှိတဲ့သူတွေတောင် တက်စေတတ်ပါတယ်။ အတက်ရောဂါကို ကုသတဲ့ဆေးဝါးတွေရဲ့ လုပ်ဆောင်ချက်တွေကိုလည်း အနှောင့်အယှက်ပေးပါတယ်။

8. ဂေါက်ရောဂါ (Gout)

        အဆစ်တွေမှာ uric acid အမှုန်လေးတွေဖြစ်ပြီး နာကျင်ကိုက်ခဲတာကို Gout ရောဂါလို့ခေါ်ပါတယ်။ အချို့က မျိုးရိုးဗီဇကြောင့်ဖြစ်ပေမယ့် အရက်နဲ့ အခြားအစားအစာတွေကလည်း အရေးကြီးတဲ့အခန်းကဏ္႑ကပါဝင်ပါတယ်။ အရက်က ရှိပြီးသားရောဂါကို ပိုဆိုးစေပါတယ်။

9. သွေးတိုးခြင်း

       စိတ်ဖိစီးမှု၊ အပူချိန်နဲ့ အာရုံစိုက်မှု စတဲ့အခြေအနေအမျိုးမျိုးကို တုန့်ပြန်တဲ့အနေနဲ့ သွေးကြောများ ကျုံ့ခြင်း၊ ကျယ်ခြင်းကို ထိန်းချုပ်တဲ့ အာရုံကြောအဖွဲ့အစည်းရဲ့လုပ်ဆောင်ချက်တွေကို အရက်ကနှောင့်ယှက်ပါတယ်။ အရက်အလွန်အကျွံသောက်သုံးခြင်းနဲ့ အရက်ခွက်ကို တစ်ခါတည်းနဲ့ တရှိန်ထိုးမော့သောက်ခြင်းတွေ က သွေးပေါင်ချိန်ကို မြင့်တက်စေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီဖြစ်စဉ်က နာတာရှည် ဖြစ်လာပါတယ်။ သွေးတိုးကနေ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေကိုပါ ဆက်ဖြစ်စေပါတယ်။

10. ကူးစက်ရောဂါ

         အရက်အလွန်အကျွံသောက်သုံးခြင်းဟာ ခုခံအားစနစ်ကိုကျဆင်းစေသောကြောင့် တီဘီ၊ HIV/AIDS၊ မျိုးအောင်နိုင်စွမ်း ကျဆင်းခြင်းစတဲ့ရောဂါအပါအဝင် လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါ စတဲ့ရောဂါတွေပိုမိုကူးစက်ခံရနိုင်ပါတယ်။ အရက်အလွန်အကျွံသောက်တတ်သူတွေဟာ အန္တရာယ်ရှိတဲ့အပြုအမူတွေနဲ့ လိင်ဆက်ဆံတတ်ကြတယ်။ အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့် လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါဖြစ်နိုင်ချေ သုံးဆပိုများပါတယ်။

11. အာရုံကြောထိခို်က်ခြင်း

          အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့်  alcoholic neuropathy လို့ခေါ်တဲ့ အာရုံကြောရောဂါတွေလည်း ဖြစ်စေတတ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ ခြေလက်များထုံကျဉ်ခြင်း၊ ပင်အပ်နှင့်ထိုးသလို စူးခနဲနာခြင်း၊ ကြွက်သားများအားနည်းခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ပန်းသေပန်ညှိုးခြင်းတို့ဖြစ်ကြပါတယ်။ အရက်က အာရုံကြောဆဲလ်တွေကိုဖျက်ဆီးလို့ အာရုံကြောရောဂါတွေဖြစ်နိုင်သလို အာဟာရချို့တဲ့မှုကြောင့် အာရုံကြောလုပ်ငန်းတွေကို ဖျက်ဆီးလိုက်လို့လည်းဖြစ်နိုင်ပါတယ်။

12. မုန့်ချိုအိတ်ရောင်ခြင်း (Pancreatitis)

      အရက်သောက်ခြင်းကြောင့် အစာအိမ်ရောင်ရမ်းခြင်းအပြင် မုန့်ချိုအိတ်ရောင်ခြင်းကိုလည်းဖြစ်စေပါတယ်။ နာတာရှည်မုန့်ချိုအိတ်ရောင်ခြင်းက  အစာချေလုပ်ငန်းကိုနှောင့်ယှက်ခြင်းကြောင့် ဗိုက်အောင့်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းများကို ဖြစ်စေပါတယ်။ အချို့သော နာတာရှည်မုန့်ချိုအိတ်ရောင်ခြင်းက သည်းခြေကျောက်များကြောင့် ဖြစ်တတ်ပေမယ့် 60% ကတော့ အရက်သောက်ခြင်းကြောင့်ဖြစ်တာပါ။

 

Dr. Mya Myo Myo Swe

www.drmyanmar.com