/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရက်နဲ့တွဲပြီး-မသောက်သုံးသင့်သောဆေးများ

အရက်နဲ့တွဲပြီး မသောက်သုံးသင့်သောဆေးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

၁။  အကိုက်အခဲပျောက်ဆေးတွေ
တကယ်လို့ သင်က အကိုက်အခဲပျောက်ဆေးတွေ သောက်နေရရင် အရက်သောက်တာက ဗိုက်အောင့်တာ၊ အစာအိမ်အနာဖြစ်တာ၊ အစာအိမ်သွေးကြောပေါက်တာတွေကို ဖြစ်စေပါတယ်။
ပါရာစီတမောလို အဖျားပျောက်ဆေးနဲ့ တွဲသောက်ရင်လည်း အန္တရာယ်ရှိပါတယ်။ အရက်ရော၊ ပါရာစီတမောရောက အသည်းက ချေဖျက်ရတာမို့ အသည်းကို ပျက်စီးစေတတ်ပါတယ်။
အဆိုးဆုံးကတော့ ဘိန်းအမျိုးအစား အကိုက်အခဲပျောက်ဆေးတွေကို အရက်နဲ့ တွဲသောက်တာပါပဲ။ အလွန်အမင်း မူးဝေတာ၊ အသက်ရှူနှေးလာတာကနေ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။

၂။  အိပ်ဆေး၊ စိတ်ငြိမ်ဆေးတွေ
သူတို့က အိပ်ချင်စိတ်ကို ဖြစ်စေတဲ့အတွက် အရက်နဲ့တွဲသောက်မိရင် အလွန်အမင်း အိပ်ချင်စေတာ၊ သတိလစ်စေတာမျိုး ဖြစ်စေပါတယ်။

၃။  စိတ်ကျရောဂါပျောက်ဆေးတွေ
ကိုယ်သောက်နေတဲ့ ဆေးအမျိုးအစားပေါ် မူတည်ပြီး နည်းနည်းစီ ကွဲနိုင်ပေမယ့် အဓိကအားဖြင့် အိပ်ချင်တာ၊ မူးဝေတာ၊ ဆေးလွန်တာ၊ စိတ်ကျတဲ့ခံစားချက် ပိုဆိုးလာတာ၊ ကိုယ်လက်လှုပ်ရှားရမှာ အခက်အခဲရှိတာ၊ အသည်းကို ထိခိုက်တာ၊ နှလုံးကို ထိခိုက်တာတို့ ဖြစ်စေပါတယ်။

၄။  ပိုးသတ်ဆေးတွေ
အဓိကအားဖြင့် မက်ထရို လို့ခေါ်တဲ့ ပိုးသတ်ဆေးသောက်နေတုန်း အရက်သောက်မိရင် ဆိုးဆိုးရွားရွား မူးမော် ပျို့အန်တာမျိုး ဖြစ်တတ်ပါတယ်။ နောက် တခြားပိုးသတ်ဆေးတွေနဲ့လည်း ဖြစ်နိုင်ပါသေးတယ်။

၅။  သွေးတိုးကျဆေးတွေ
သွေးတိုးကျဆေးတွေ၊ နှလုံးအောင့်လို့ သောက်ရတဲ့ဆေးတွေနဲ့ အရက် တွဲသောက်မိရင်လည်း မူးမော်တာ၊ သတိလစ်တာ၊ အိပ်ချင်တာ၊ နှလုံးခုန်မမှန်တာ၊ မြန်တာမျိုး ဖြစ်နိုင်ပါတယ်။

၆။  ဆီးချိုကျဆေးတွေ
ဆီးချိုကျဆေးနဲ့ အရက်နဲ့ တွဲသောက်မိရင် သွေးတွင်းသကြားဓာတ်တွေ အရမ်းကျသွားတာ၊ မူးမော်ပျို့အန်တာ၊ ခေါင်းကိုက်တာ၊ နုလုံးခုန်မြန်တာ၊ သွေးပေါင်အပြောင်းအလဲတွေ ဖြစ်တာမျိုး ဖြစ်နိုင်ပါတယ်။
ဆီးချိုကျဆေးဆိုတဲ့နေရာမှာ သောက်ဆေးတွေအပြင် ထိုးရတဲ့ အင်ဆူလင်လည်း ပါ ပါတယ်။

၇။  သွေးကျဲဆေး
သွေးကျဲဆေးသောက်နေရရင်းနဲ့ အရက်သောက်နေရင် သွေးအရမ်းမကျဲသွားအောင် သေချာစောင့်ကြည့် စစ်ဆေးနေဖို့ လိုပါတယ်။

၈။  အပြင်ဆေးဆိုင်မှာရောင်းတဲ့ တုပ်ကွေးပျောက်ဆေးတွေ
အဲဒီဆေးတွေဟာ အဖျားကျဆေး၊ နှာစေးပျောက်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေ ရောထားတာပါ။ သူတို့က မူးဝေအိပ်ချင်စေတတ်တာမို့ အရက်နဲ့ တွဲမိရင် ပိုပြီး မူးစေ ထုံထိုင်းစေတတ်ပါတယ်။

၉။  အမျိုးသားတွေ ပန်းသေရောဂါကြောင့် သောက်ရတဲ့ဆေးတွေ
သူတို့ကို အရက်နဲ့ တွဲသောက်ရင် သွေးပေါင်တွေ အရမ်းကျစေပြီး မူးဝေတာ၊ ခေါင်းကိုက်တာတွေ ဖြစ်စေပါတယ်။ အရက်ကလည်း ပန်းသေစေတတ်လို့ ရှောင်တာ အကောင်းဆုံးပါပဲ။

Dr. Htar (www.drmyanmar.com)