အရိုးပွတာ ကာကွယ်ကုသဖို့ နေထိုင်စားသောက် ပြုပြင်ကြပါစို့
သစ်ပင်တွေမှာ ကျွတ်ဆတ်တဲ့သစ်ပင်တွေဆို လေတိုက်ရင် ကျိုးလွယ်ပါတယ်။ သူ့သဘာဝကိုက အသားက မကျစ်ဘဲ ကျွတ်ဆတ်ပြီး ပွတာကိုး။ အလွယ်တကူ ချိုးလို့ရတယ်။ သစ်ပင်ပေါ်တက်ရင် အကိုင်းက ဆတ်နေတော့ ကျိုးကျနိုင်တဲ့ အန္တရာယ် ရှိတယ်။
အလားတူစွာ အရိုးပွတယ်ဆိုတာကလည်း အသက်ကြီးသူတိုင်း ကြုံရတဲ့ပြဿနာပါ။ အခုနက သစ်ပင်သဘာဝလိုပဲ အရင်းအမြစ်ကို လိုက်ရရင် အသက်ကြီးလာပြီး အရိုးက ပွလာတော့ အလိုလို အားပျော့လာတယ်။ ကျွတ်ဆတ်လာပြီး ကျိုးလွယ်လာတာပါ။ အကြောင်းအရင်းကတော့ အမျိုးမျိုး ရှိပါတယ်။
အဓိက အန္တရာယ်ရှိတဲ့ အကြောင်းတရားတွေ ပြောရရင် ပင်ကိုမျိုးရိုးဗီဇ၊ လေ့ကျင့်ခန်း မလုပ်တာ၊ အစားအသောက်မှာ ဗီတာမင်ဒီနဲ့ ကယ်လစီယမ် နည်းတာ၊ ဆေးလိပ်သောက်တာ၊ အဆစ်အမြစ်ရောင်ရောဂါ ခံစားနေရတာတို့ ဖြစ်ပါတယ်။
ဘာလက္ခဏာမှ မပြဘဲ အရိုး အလွယ်တကူ ကျိုးတတ်တာမျိုးလည်း ရှိတတ်သေးတယ်။ အခုခေတ်မှာ အရိုးပွ၊ မပွ စမ်းတဲ့ကိရိယာတွေ ရှိသလို အရိုးဓာတ်မှန်တွေ ဆရာဝန်ညွှန်ကြားသလို ရိုက်ကြည့်လို့ရနေပြီ။
အသက် 35 ကျော်တာနဲ့ အရိုးသိပ်သည်းဆ စကျလာပါပြီ။ အရိုးပွတာကို အမျိူးသမီးတွေမှာ ပိုတွေ့ရတတ်ပါတယ်။
ဒီနေရာမှာ ကိုယ် ဘာစားလဲဆိုတာ သိပ်ကို အရေးပါလာပါတယ်။ အရိုးအားကောင်းစေတဲ့ ဓာတ်တွေက ကယ်လစီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်ကေ၊ ပဲနို့၊ တိုဟူး၊ ပဲပိစပ်၊ ဖရုံစေ့လှော်၊ နေကြာစေ့၊ အယ်လမွန်စေ့၊ ကန်စွန်းရွက်၊ ဘရိုကိုလီ၊ ပဲ့တောင့်ရှည်တွေမှာ အဓိက ပါဝင်ပါတယ်။
ဒိန်ချဉ်တို့၊ ကိုရီယားချဉ် ကင်ချီတို့ဆိုလည်း အူလမ်းကြောင်းအတွက် ကောင်းတဲ့ဘက်တီးရီးယားတွေ ပါ,ပါတယ်။ အထူးသဖြင့် ဒိန်ချဉ်သောက်သုံးခြင်းဟာ အရိုးကျန်းမာရေးအတွက် သိပ်ကောင်းပါတယ်တဲ့။ ပရိုဘိုင်အိုတစ် ဖြည့်စွက်ဆေးတွေလည်း ဝယ်လို့ရနေပါပြီ။ သုတေသနတွေအရ အရိုးအတွက် အကျိုး ရှိပါတယ်တဲ့။
အသီးအနှံတွေ များများစားပေးခြင်းကလည်း အရိုးပွဝေဒနာ ကာကွယ်ပေးနိုင်ပါတယ်။ အသီးတွေမှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ အရိုးရောင်ရမ်းခြင်းကို သက်သာစေလို့ပါ။
ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်တွေကို ဖြစ်နိုင်ရင် လျှော့သောက်စေချင်ပါတယ်။ အရက်ကိုတော့ လုံးဝရှောင်စေချင်ပါတယ်။
အရိုးပွအတွက် တချို့အစားအစာလေးတွေ အကြမ်းဖျင်း တင်ပြပေးလိုက်ပါတယ်။
• အစေ့အဆံ
• ထောပတ်သီး
• ငါးနှင့် ငါးကြီးဆီ
• သံလွင်ဆီ
• အသားအမျိုးမျိုး
• ပဲနှင့် ပဲအမျိုးမျိုးတို့ ဖြစ်ပါတယ်။
အိပ်ရေးဝအောင်လည်း ပုံမှန်အိပ်ပါ။ တစ်ရက်ကို အနည်းဆုံး ရှစ်နာရီဆို လုံလောက်ပါပြီ။ ကောင်းကောင်းအိပ်ခြင်းအားဖြင့် စိတ်ဖိအား လျော့နည်းစေသလို ဦးနှောက်ကို လန်းဆန်းစေပါတယ်။
လမ်းလျှောက်တာ၊ လှေကားတက်တာ၊ ထိုင်ထ လုပ်တာ၊ အလေး မတာတွေကို ပုံမှန်လုပ်နေရင်လည်း အရိုးကို ထောက်ပံ့ထားတဲ့ ကြွက်သားတွေ သန်မာလာစေပါတယ်တဲ့။ ယောဂလေ့ကျင့်ခန်းကိုလည်း အမြဲလုပ်ဖို့ အားပေးပါရစေ။
အသက် 50 ကျော်တာနဲ့ အသွားအလာ သတိထားရပါမယ်။ ကိုယ်ခန္ဓာ ပြုမူလှုပ်ရှားပုံနဲ့ ကိုယ်ဟန်အနေအထား အရေးပါလာပါတယ်။ သတိနဲ့ အထိုင်အထ လုပ်ပါ။ ချော်မလဲအောင် ကာကွယ်ထားပါ။ အဘိုးအဘွားတွေအတွက် တန်းလေးတွေ ထားပေးပါ။ သူတို့ တန်းကိုကိုင်ပြီး လျှောက်ပါစေ။ လဲကျလို့ နဂိုအရိုးပွနေတာ ကျိုးမယ်ဆို ကုရခက်ပါတယ်။
တချို့ဆေးဝါးတွေ ဥပမာ - စတီးရွိုက်လိုဟာမျိုးနဲ့ တခြား ရေရှည်သောက်ဆေးတွေက အရိုးပွစေပါတယ်။
အရိုး သိပ်သည်းဆ ပုံမှန်စစ်ဆေးခြင်းနှင့် လိုအပ်သလို အစားအသောက်ကို ပြုပြင်စားသောက်ခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း၊ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း လိုအပ်သလို ဖြည့်စွက်စာ မှီဝဲခြင်းတို့ကလည်း အရိုးပွခြင်းကြောင့် အရိုးကျိုးခြင်း ကာကွယ်ရေးအတွက် အကျိုးရှိကြောင်း ရေးသားတင်ပြလိုက်ပါတယ်။
ဂျီပီငှက် (ဆေး/ မန်း) (www.drmyanmar.com)






























