အရိုးအဆစ်ရောင်ရမ်းခြင်း (Osteoarthritis) ကြောင့် နာကျင်မှုတွေ သက်သာစေဖို့ အကောင်းဆုံး အိမ်တွင်းနည်းလမ်းများ
အရိုးအဆစ်ရောင်ရမ်းခြင်း (Osteoarthritis) ဆိုတာ အဆစ်အမြစ် ယိုယွင်းပျက်စီးတဲ့ရောဂါတစ်မျိုးပါ။ သောက်ဆေးတွေက နာကျင်တာ သက်သာစေနိုင်ပေမယ့် အိမ်တွင်းနည်းလမ်းလေးတွေ၊ လူနေမှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ သဘာဝကုထုံးတွေကလည်း အရိုးအဆစ်ရောင်ရမ်းခြင်းကြောင့်ဖြစ်တဲ့ နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။
အိမ်တွင်းနည်းလမ်းတွေဆိုလို့ ဆရာဝန်ပေးထားတဲ့ကုထုံးဆေးတွေကို အစားထိုးသုံးပစ်မယ်လို့ မတွေးပါနဲ့။ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ လုပ်ဆောင်သင့်ပါတယ်။
၁။ အပူအအေးကပ်ခြင်း
အဆစ်အမြစ်တွေ တောင့်တင်းခြင်းအတွက် ရေနွေးအိတ်ကပ်ပြီး နာကျင်မှုတွေအတွက် ရေခဲကပ်ပေးပါ။ တဘတ်ကို ရေနွေး (သို့) ရေအေးစိမ်ပြီးလည်း ကပ်နိုင်ပါတယ်။
Jointace 1
၂။ ဆားခါးရည်စိမ်ခြင်း
ဆားခါးမှာပါတဲ့ မဂ္ဂနီဆီယမ်ဓာတ်ဟာ ရောင်ရမ်းနာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ အပူချိန် ၁၀၂ ဒီဂရီဖာရင်ဟိုက်လောက်ရှိတဲ့ ရေဇလုံထဲမှာ ဆားခါး ၂ ခွက်ထည့်ပြီး စိမ်နိုင်ပါတယ်။
၃။ လိမ်းဆေးများလိမ်းခြင်း
အကိုက်အခဲပျောက်ဆေးတွေ၊ လိမ်းဆေးလေးတွေကို အဆစ်အမြစ်တစ်ဝိုက် လိမ်းပေးခြင်းဖြင့် အဆစ်အမြစ် နာကျင်ကိုက်ခဲတာတွေကို သက်သာစေနိုင်ပါတယ်။
၄။ အထိန်းကိရိယာများအသုံးပြုခြင်း
သိုင်းကြိုး၊ တုတ်ကောက်၊ အထိန်းကိရိယာတွေ၊ ဖိနပ်အခုတွေ စတဲ့ ကိရိယာတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး အသုံးပြုပါ။
Jointace 2
၅။ သဘာဝကုထုံးများ
အရိုးအဆစ်ရောင်ရမ်းခြင်းမှာ နာမည်ကြီးတဲ့သဘာဝကုထုံး ၂ မျိုးကတော့ လက်ဖက်စိမ်း၊ ချင်းနဲ့ နနွင်းပါ။ လက်ဖက်စိမ်းမှာပါတဲ့ polyphol ဓာတ်ဟာ ရောင်ရမ်းတာတွေကို ကျစေပြီး ချင်းဟာလည်း အဆစ်အမြစ်နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ နနွင်းမှာပါတဲ့ curcumin ဓာတ်ဟာ နာကျင်ရောင်ရမ်း တောင့်တင်းမှုတွေကို သက်သာစေနိုင်ပါတယ်။ သဘာဝဆေးမြစ် ဖြည့်စွက်စာတွေဟာလည်း ကိုယ်သောက်လက်စဆေးတွေနဲ့ ဓာတ်ပြုတာမျိုး၊ နောက်ဆက်တွဲတွေဖြစ်နိုင်တာမျိုးတွေ ရှိနိုင်တာမို့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်ပေးပါ။
၆။ လူနေမှုပုံစံပြောင်းလဲခြင်း
ရေရှည်အတွက်ဆိုရင် လူနေမှုပုံစံပြောင်းလဲခြင်းက အရေးကြီးပါတယ်။ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်ခြင်းနဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း စတာတွေကို ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























