အရေပြားလေးဖက်နာ
အရေပြားလေးဖက်နာ ဆိုတာဟာ ကိုယ့်ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ကိုယ့်ကိုယ်ခံစွမ်းအားက ပြန်တိုက်နေတဲ့ ကိုယ်ခံစွမ်းအား လွဲမှားရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် အရေပြားလေးဖက်နာ ရှိသူတွေရဲ့ သွေးထဲမှာ ပုံမမှန် ကိုယ်ခံစွမ်းအား Antibody အင်တီဘော်ဒိီတွေကို တွေ့နေရတတ်ပါတယ်။ ဒီကိုယ်ခံစွမ်းအား အင်တီဘော်ဒီတွေဟာ အရေပြား၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အဆစ်အမြစ်တွေနဲ့ ဦးနှောက်အာရုံကြောစနစ်တွေကို ထိခိုက်စေနိုင်ပါတယ်။ အရေပြားကိုပဲ ထိခိုက်စေတဲ့ရောဂါကို Discoid Lupus လို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေကိုပါ ထိခိုက်စေတတ်တဲ့အခါ Systemic Lupus Erythematosus လို့ ခေါ်ပါတယ်။ အရေပြားကိုသာ ထိခိုက်တဲ့ Discoid Lupus ရောဂါရှင်တွေရဲ့ 10 ရာခိုင်နှုန်းလောက်ဟာ နောက်ပိုင်းမှာ တစ်ကိုယ်လုံးကို ထိခိုက်တဲ့ Systemic Lupus အဖြစ်ကို ပြောင်းလဲသွားနိုင်ပါတယ်။
အရေပြားလေးဖက်နာရောဂါဟာ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် 8 ဆ ပိုအဖြစ်များပါတယ်။ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ ရေရေရာရာ မသိရသေးပါဘူး။ ဒါပေမဲ့ မျိုးရိုး၊ ဗိုင်းရပ်စ်ပိုး၊ ခရမ်းလွန်ရောင်ခြည်တွေနဲ့ ဆေးတွေကြောင့် ဖြစ်နိုင်တယ်လို့ ဆိုကြပါသေးတယ်။
အရေပြားလေးဖက်နာလို့ ရောဂါအမည် တပ်နိုင်ဖို့ အောက်ပါလက္ခဏာ 11 ရပ်နဲ့ ကိုက်ညီဖို့ လိုအပ်ပါတယ်။
1. မျက်နှာမှာ Butterfly Rash လို့ခေါ်တဲ့ လိပ်ပြာသဏ္ဌာန်အနီကွက် ပေါ်ခြင်း
2. ခန္ဓာကိုယ်အနှံ့မှာ Discoid Rash လို့ခေါ်တဲ့ အနီအကွက်အကွက်တွေ ပေါ်လာခြင်း
3. နေရောင်နဲ့ ထိတွေ့တဲ့အခါ အနီကွက်တွေ ပေါ်လာခြင်း
4. ပါးစပ်၊ နှာခေါင်းနဲ့ လည်ချောင်းတွေမှာ အနာပေါက်ခြင်း
5. အဆစ်အမြစ်ကိုက်ခြင်း : အဆစ်အမြစ် နှစ်ဆထက် ပိုပြီးနာကျင်ရောင်ရမ်းခြင်း
6. နှလုံးအပြင်လွှာရောင်ခြင်း/အဆုတ်အမြှေးပါးရောင်ခြင်း : ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကျပ်ခြင်း
7. ကျောက်ကပ်ရောဂါ : ဆီးထဲမှာ အသားဓာတ်နဲ့ ဆဲလ်အပိုင်းအစတွေ ပါလာတတ်ပါတယ်။
8. ဦးနှောက်ထိခိုက်ခြင်း : တက်ခြင်း၊ ရူးခြင်း
9. သွေးဆဲလ်တွေ ပုံမမှန်ခြင်း : သွေးနီဥ၊ သွေးဖြူဥတွေနဲ့ သွေးတိတ်စေတဲ့ ဆဲလ်လေးတွေ လျော့နည်းသွားပါတယ်။
10. ကိုယ်ခံစွမ်းအား ကမောက်ကမဖြစ်ခြင်း : သွေးထွဲမှာ Anti-DNA သို့မဟုတ် Anti-smith အင်တီဘော်ဒီအမှားတွေ ပေါ်လာခြင်း၊ သွေးထဲ ဆစ်ဖလစ်ကာလသားရောဂါ အင်တီဘော်ဒီ မှားယွင်းပေါ်လာခြင်း၊ Anticardiolipin Antibody ၊ Lupus Anticoagulant စတာတွေ ပေါ်လာခြင်း
11. သွေးထဲ Antinuclear Antibody ပေါ်ခြင်း
ကုသနည်းတွေကတော့ အရောင်ကျစေဖို့နဲ့ ကိုယ့်ခန္ဓာကိုယ်ကို ပြန်လည်တိုက်ထုတ်နိုင်စွမ်း ကျစေဖို့ပဲ ဖြစ်ပါတယ်။ ရောဂါ ပြန်ပြန်မထလာအောင် နေရောင်နဲ့ တိုက်ရိုက်မထိတွေ့အောင် နေထိုင်ပြီး ဆေးမှန်မှန်သောက်ဖို့ လိုပါတယ််။
Dr. Mya Phoo Ngon (www.drmyanmar.com)





























