အရေပြားအောက်က အလုံးအကျိတ်
အရေပြားအောက်က အလုံးအကျိတ် ဆိုတာကတော့ အရေပြားရဲ့ အောက်နားလေးက ထွက်လာတဲ့ အဆီအိ်တ် (သို့) အလုံးငယ်လေးဖြစ်ပြီး မျက်နှာ၊ လည်ပင်းနဲ့ နောက်ကျောတွေမှာ အဖြစ်များပါတယ်။
ဒီအလုံးအကျိတ်တွေက အများအားဖြင့် နာကျင်ခြင်းမရှိဘဲ လှုပ်လို့ရကာ ဖြည်းဖြည်းချင်း ကြီးလာတာ များပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ ရောင်ပြီး နာလာတတ်ပါတယ်။ မွေးညှင်းပေါက်နားမှာ ဖြစ်တာများပြီး တစ်ခါတလေမှာ ထိခိုက်ဒဏ်ရာကြောင့် ပိုဆိုးတတ်ပါတယ်။
>> ရောဂါလက္ခဏာများ
အဆီကျိတ်တွေက အရေပြားအောက်နားလေးက ထွက်လာတဲ့ နာကျင်မှုမရှိတဲ့ အဖုငယ်လေးတွေဖြစ်ပြီး တစ်ခါတလေမှာတော့ နှစ်အတော်ကြာလာတဲ့အခါမှာ အရမ်းကြီးလာတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ရောဂါပိုးလည်း ဝင်လာနိုင်ပါတယ်။ ရောဂါပိုး ဝင်လာပြီဆိုရင်တော့ အဖုက နီပြီး နာလာပါမယ်။ ဒီလိုဖြစ်လာရင် ဆရာဝန်သွားပြဖို့ လိုပါတယ်။ ဘာအကျိတ်၊ အဖုဖြစ်တယ်ဆိုတာ မသေချာဘူးဆိုရင််လည်း ဆရာဝန်သွားပြပါ။
>> ရောဂါဖော်ထုတ်ခြင်း
အများအားဖြင့်တော့ ဆရာဝန်က အလုံးကို စစ်ကြည့်ပြီး ဘာအလုံးဆိုတာကို ရောဂါ သတ်မှတ်နိုင်ပါတယ်။ အလုံးရဲ့အလယ်ကို အနည်းငယ် ဖောက်ကြည့်နိုင်ပါတယ်။ တစ်ခါတလေမှာ ဒီအပေါက်ကနေပြီး နို့နှစ်ရောင် အရည်ပျစ်ပျစ်တွေ ထွက်လာတတ်ပါတယ်။ လိုအပ်ပါက အသားစယူပြီး စစ်ဆေးကြည့်ရပါမယ်။
>> ကုထုံးများ
အများအားဖြင့် ဒီအလုံးအကျိတ်တွေက အန္တရာယ် မရှိတဲ့အတွက် ဒါမှန်းသေချာတယ်ဆိုရင် ဒီအတိုင်းထားလို့ ရပါတယ်။ ဒီအလုံးတွေက နီပြီး ရောင်လာရင်တော့ ရေနွေးဝတ်နဲ့ ကပ်ပေးပါ။
● ရောင်နေတဲ့အလုံးကို အရောင်ကျစေဖို့အတွက် Steroid ဆေးများ ထိုးခြင်း
● ပြည်တည်လာပါက ဓားနှင့် ခွဲထုတ်ခြင်း
● အန္တရာယ် ဖြစ်နိုင်တဲ့နေရာတွေမှာ အလုံးဖြစ်ရင် (သို့) အလုံးမှာ ဆက်ပြီးတော့ ရောဂါပိုး ဝင်နေမယ် ဆိုရင်တော့ ခွဲစိတ်ထုတ်ပစ်ဖို့ လိုပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)





























