/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အသည်းကွဲဖူးသူတွေကို-ကြင်နာပါ

အသည်းကွဲဖူးသူတွေကို ကြင်နာပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အသည်းကွဲထားသူ ချစ်မေတ္တာရေးနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ခံစားထားရသူ တစ်ခုလပ်၊ ဇနီး၊ ခင်ပွန်း ဆုံးပါးထားသူတွေ၊ လင်မယား ကွဲနေသူတွေ၊ နှလုံးရောဂါတစ်ခုခု ခံစားရတဲ့အခါ တခြားလက်ထပ်ထားသူတွေ တစ်ကိုယ်တည်း အပျိုကြီး၊ လူပျိုကြီးတွေထက် နေကောင်းတာ နောက်ကျတတ်ပြီး ပြန်လည်ထူထောင်ရေးမှာ အခက်တွေ့နိုင်ပါတယ်။

          အချစ်နဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့  စိတ်နှလုံး ကြေကွဲရတာတွေ၊ ခံစားထားရသူတွေမှာ ကံမကောင်း အကြောင်းမလှလို့ နှလုံးခွဲစိတ်မှု ပြုလုပ်ရတဲ့အခါ နလန်ထတာ ကြာတတ်ပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာတစ်ခုခု ပေါ်ပေါက်လာတာ သေဆုံးတာတွေ ဖြစ်တာကို တွေ့ရပါတယ်လို့ အမေရိကန်သုတေသီများက ဆိုထားပါတယ်။

          ဒီတော့ အသည်းကွဲထားသူတွေဟာ နှလုံးကျန်းမာရေးပြဿနာတွေ ကြုံတဲ့အခါ တခြားအိမ်ထောင်ဖက်ရှိသူ၊ မိသားစုရှိသူတွေထက် ထူထူထောင်ထောင် ပြန်ဖြစ်လာဖို့ ခက်ခဲနေတတ်ပါတယ်။

          စိတ်ပိုင်းဆိုင်ရာ နစ်နာခံစားထားရတဲ့အတွက် ပိုမိုအားငယ်နေတတ်တာမို့ စိတ်မချမ်းမသာ ဖြစ်နေတတ်ကြပါတယ်။ စိတ်ဖိစီးလေ လိုအပ်တဲ့ဂရုစိုက်မှုမရလေ နှလုံးနဲ့ သွေးကြောပေါ်မှာ သက်ရောက်မှုဆိုးလေလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

          ဒါကြောင့် ဆေးရုံမှာ ဆရာဝန်နဲ့ လူမှုဝန်ထမ်းတွေ စိတ်ပညာရှင်တွေ နှစ်သိမ့်ဆွေးနွေးသူတွေအနေနဲ့ ဘယ်လိုလူတွေ နှလုံးခွဲစိတ်မှုပြီးတဲ့အခါ ပြဿနာပေါ်တတ်သလဲ။ စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှုရဖို့ တတ်နိုင်သလောက် ဂရုတစိုက် နွေးထွေးကြင်နာမှုတွေ လိုတတ်တယ်ဆိုတာ သတိပြုမိကြမှာ ဖြစ်ပါတယ်။

          သုတေသနတွေအရတော့ လင်မယားခွဲနေရသူတွေ တရားဝင်ကွဲထားသူတွေ ဇနီး၊ ခင်ပွန်း ဆုံးပါးထားသူတွေ အနေနဲ့ နှလုံးခွဲစိတ်ခံယူပြီးတဲ့အခါ ပိုမိုဂရုစိုက်ပေးပြီး နွေးထွေးကြင်နာဆက်ဆံဖို့ လိုအပ်နေတာကို ပြသနေပါတယ်။

          အသည်းကွဲတာ အချစ်ရေး အိမ်ထောင်ရေး ကံဆိုးမိုးမှောင်ကျတာတွေက ရှောင်လို့မရပေမယ့် မိမိကျန်းမာရေးနဲ့ စိတ်ဓာတ်အင်အားမြှင့်တင်ဖို့ကတော့ ကိုယ်တိုင်က အဓိက ဖြစ်ပါတယ်။ မိမိကိုယ်တိုင် နှလုံးရောဂါ အပါအဝင် တခြားရောဂါတွေ ကံမကောင်းလို့ ခံစားရတဲ့အခါ ကိုယ်အားစိတ်အားတွေကို အမြင့်ဆုံး မြှင့်တင်ထားပြီး အနားမှာ အချစ်မရှိတောင် သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ညီ၊ ညီမ၊ မိဘမောင်ဖွားတွေရဲ့ နွေးထွေးစွာ ကြင်နာယုယမှုတွေနဲ့ ဝန်းရံထားကြဖို့ လိုပါကြောင်း ဗဟုသုတ မျှဝေလိုက်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)