/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အသည်းပျက်စီးခြင်းကို-ပြသနေသောလက္ခဏာ-၅-ခု

အသည်းပျက်စီးခြင်းကို ပြသနေသောလက္ခဏာ (၅) ခု

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အသည်းဟာ ကိုယ်ခန္ဓာရဲ့ အရေးကြီးအစိတ်အပိုင်းတစ်ခုဖြစ်ပြီး သွေးတွင်းအဆိပ်အတောက်များကို စွန့်ပစ်ခြင်း၊ အာဟာရဓာတ်များ ဖြိုခွဲစုဆောင်းခြင်း စတဲ့ အရေးကြီးလုပ်ငန်းတွေကို လုပ်ဆောင်ပေးပါတယ်။ အသည်းကျန်းမာမှုမရှိပါက ခန္ဓာကိုယ်က ကောင်းစွာလည်ပတ်မှုရှိမှာ မဟုတ်ပါဘူး။ ဒါဆို အသည်း စတင်ပျက်စီးနေပြီဆိုတာကို စောစီးစွား သိရှိနိုင်ဖို့ အောက်ပါလက္ခဏာများကို သိထားသင့်ပါတယ်။

(၁)  ဗိုက်ပူလာခြင်း
ဗိုက်ပူလာခြင်းဟာ အဝလွန်ခြင်းနှင့် ကိုယ်ဝန်ဆောင်ခြင်းတို့အပြင် ရေဖျဉ်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အသည်းပျက်စီးခြင်းကြောင့် ဝမ်းဗိုက်ထဲမှာ အရည်များစုပုံခြင်းကြောင့် ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။ ရေဖျဉ်းဖြစ်စေတဲ့ အဓိကအချက်တွေကတော့ အရက်ကြောင့် အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာတို့ပဲ ဖြစ်ပါတယ်။ ဗိုက်အပြင် ခြေထောက်များမှာလည်း ဖောရောင်ခြင်း ဖြစ်စေပါတယ်။

(၂)  အသားဝါခြင်း
အသည်းပျက်စီးတာကို လွယ်လွယ်နှင့် သိနိုင်တဲ့အချက်ကတော့ အသားဝါတာပဲ ဖြစ်ပါတယ်။ အရေပြားနှင့် မျက်စိအတွင်း အဖြူသား ဝါလာပြီဆိုရင် သင့်အသည်း ပျက်စီးနေပြီဆိုတာကို သတိထားသင့်ပါတယ်။ အသည်းပျက်စီးခြင်းကြောင့် ခန္ဓာကိုယ်မှ မစွန့်ထုတ်နိုင်ခြင်းကြောင့် အဝါဓာတ်တွေ စုပုံရာကနေ အသားဝါစေခြင်း ဖြစ်ပါတယ်။

(၃)  ဗိုက်ရဲ့ ညာဘက်အပေါ်တွင် နာကျင်ခြင်း
ဗိုက်ရဲ့ ညာဘက်အပေါ်ပိုင်းနာခြင်းဟာ အသည်းရောင်ခြင်းကို ပြသနေပါတယ်။ ဒါဟာ ဗိုင်းရပ်စ်ကြောင့် အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်းနှင့် ရေဖျဉ်းများကြောင့် ဖြစ်နိုင်ပါတယ်။

(၄)  ဆီးနှင့်ဝမ်းအရောင်ပြောင်းခြင်း
ဆီးအရောင်နှင့် ဝမ်းအရောင်ဖျော့ခြင်းကို အချိန်ကာလတစ်ခုထိ ရက်ဆက်တွေ့ကြုံရပါက အသည်းပြဿနာတစ်ခုခု ရှိနေတာကို ပြသနေပါတယ်။

(၅)  နာတာရှည် ပင်ပန်းနွမ်းနယ်ခြင်း
နေ့စဉ်ရက်ဆက်ဆိုသလို ပင်ပန်းနေပြီး ကြွက်သားအားနည်းခြင်းကို ခံစားနေရရင်တော့ အသည်းပျက်စီးမှုဟာ နောက်ဆုံးအခြေအနေထိ ရောက်နေပြီ ဖြစ်ပါတယ်။ အသည်းပျက်စီးခြင်းကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာတစ်ခုဖြစ်သော ဂလူးကို့စ်များကို ဖြိုခွဲပြီး သိမ်းဆည်းထားခြင်းတာဝန်ကို မလုပ်ဆောင်နိုင်သောကြောင့် နေ့စဉ်လိုအပ်သောစွမ်းအင်ကို မရရှိတာကြောင့် ပင်ပန်းနွမ်းနယ်စေတာ ဖြစ်ပါတယ်။ ပိုဆိုးလာပါက စိတ်ရှုပ်ထွေးခြင်းနှင့် ကိုမာဝင်သည်အထိ ဖြစ်ပေါ်နိုင်ပါတယ်။
အသည်းပျက်စီးခြင်းဟာ စောစီးစွာ သိရှိနိုင်ပါက ကုသမှုခံယူနိုင်ပြီး ပြန်လည်ကောင်းမွန်နိုင်ပါတယ်။ ဒါကြောင့် အထက်ပါလက္ခဏာများနှင့် ကြုံတွေ့ရပါက ဆရာဝန်နှင့် အမြန်ဆုံးပြသပြီး စစ်ဆေးကုသမှုခံယူကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)