အသည်းရောင်အသားဝါ C ရောဂါ
အရက်အသောက်များခြင်း၊ အချို့သောဆေးတွေကို လိုအပ်တာထက် ပိုသောက်မိခြင်း၊ အဆိပ်ရှိတဲ့မှို စားမိခြင်းနဲ့ ဗိုင်းရပ်စ်ပိုးများ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် အသည်းရောင်တတ်ပါတယ်။
ဒီထဲမှာမှ အသည်းရောင်အသားဝါ C ပိုးကတော့ လူတစ်ဦးကနေတစ်ဦးကို ဆေးထိုးအပ်နှင့် အခြားချွန်ထက်သောအရာများ မျှဝေသုံးစွဲခြင်း၊ သွေးနှင့် ခန္ဓာကိုယ်မှထွက်သော အရည်များမှတစ်ဆင့်၊ လိင်ဆက်ဆံရာမှ၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးချိန်တွေမှာ ကူးစက်တတ်ပါတယ်။
နာတာရှည် အသည်းရောင်အသားဝါ C ပိုးရှိခြင်းဟာဆိုရင် အဖြစ်များဆုံးတော့ နာတာရှည် အသည်းရောဂါတစ်မျိုးဖြစ်ပြီးတော့ အသည်းခြောက်ခြင်းနဲ့ အသည်းခြောက်ခြင်းကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် သေဆုံးသူ များပါတယ်။
အသည်းရောင်အသားဝါ C ပိုး စတင်ဝင်ရောက်ခြင်းခံရတဲ့အချိန်ကို acute hepatitis C လို့ ခေါ်ပါတယ်။ အများစုက ဒီအချိန်မှာ ဘာလက္ခဏာမှမပြတတ်ပါဘူး။
ဒီလူတွေရဲ့ 70-80% လောက်က နာတာရှည်ဖြစ်သွားပါတယ်။ ဒီလို နာတာရှည် အသည်းရောင်အသားဝါ C ပိုး ရှိနေတဲ့သူတွေက အများအားဖြင့် သူတို့မှာ ဆိုးရွားတဲ့ အသည်းပျက်စီးမှု ဖြစ်နေရင်တောင်မှ ဘာလက္ခဏာမှမပြတာ ဖြစ်တတ်ပါတယ်။ လက္ခဏာပြခဲ့ရင် အဖြစ်များဆုံးသော လက္ခဏာတွေကတော့ ပင်ပန်းနွမ်းနယ်ခြင်း ဖြစ်ပါတယ်။ တခြားအဖြစ်နည်းတဲ့ လက္ခဏာတွေကတော့ ပျို့ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ကြွက်သားနှင့် အဆစ်များနာကျင်ခြင်း၊ အားနည်းခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်းတို့ ဖြစ်ပါတယ်။
အများစုမှာတော့ အသည်းရောင်အသားဝါ C ပိုးက နှစ်ပေါင်းများစွာ ကြာပါတယ်။ ပြီးတော့မှ အသည်းခြောက်စေပါတယ်။ အသည်းခြောက်တဲ့ လက္ခဏာတွေကတော့ ဝမ်းဗိုက်နှင့်ခြေထောက်များ ဖောရောင်ခြင်း၊ အဆုတ်ထဲမှာ ရေဝင်ခြင်း၊ သွေးထွက်လွယ်၊ အညိုမည်း စွဲလွယ်ခြင်း၊ အသက်ကို ပြည့်ပြည့်ဝဝရှူရခက်ခြင်း၊ မျက်လုံးဝါခြင်း၊ ရုတ်တရက် စိတ်ရှုပ်ထွေးခြင်းနဲ့ ကိုမာဝင်ခြင်းကနေပြီးတော့မှ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
အသည်းခြောက်တာရဲ့ ကြောက်စရာအကောင်းဆုံးသော နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုကတော့ အသည်းကင်ဆာပါ။ တစ်နှစ်ကို အသည်းခြောက်တဲ့သူတွေရဲ့ ၂% လောက်က အသည်းကင်ဆာ ဖြစ်နေကြပါတယ်။ ဒါကြောင့် အသည်းခြောက်တိုင်းတော့ အသည်းကင်ဆာ မဖြစ်ပါဘူး။
အသည်းရောင်အသားဝါ C ပိုးကိုတော့ သွေးစစ်ကြည့်လို့ရပါတယ်။ ရောဂါပိုး ဝင်နိုင်ချေများရင်၊ ပုံမှန်ဆေးစစ်မှုတွေမှာ အသည်းရောင်အသားဝါ C ပိုးကို ထည့်ပြီး စစ်တတ်ပါတယ်။ ဒီလိုစစ်ကြည့်လို့ ပိုးတွေ့ပြီဆိုရင်တော့ သေချာအောင် နောက်တစ်နည်းနဲ့ ထပ်စစ်ပါတယ်။ အဖြေပေါ် မူတည်ပြီးတော့ ကုသမှု လုပ်ပါတယ်။
အသည်းရောင်အသားဝါ C ပိုးက ကုသလို့ ပျောက်ကင်းနိုင်ပါတယ်။ ပျောက်ကင်းနိုင်တဲ့ အခွင့်အရေးကတော့ ဗိုင်းရပ်စ်ပိုး အမျိုးအစားအပေါ်မှာ တစ်စိတ်တစ်ဒေသ တည်မှီနေပြီးတော့ ပျောက်ကင်းနိုင်နှုန်းကတော့ 50-80% လောက် ရှိပါတယ်။ ကုထုံးရဲ့ ရည်ရွယ်ချက်ကတော့ အသည်းရောဂါ ပိုမဆိုးစေဖို့နဲ့ ပိုးတွေကို ဖယ်ရှားဖို့ပါ။ ဗိုင်းရပ်စ်ပိုးသတ်ဆေး ၂ မျိုး သုံးပါတယ်။ သောက်ဆေးနဲ့ ထိုးဆေးပါ။ တချို့က သောက်ဆေး၊ တချို့က ထိုးဆေးနဲ့ တချို့ကတော့ ၂ မျိုးလုံး လိုပါတယ်။ ကုထုံးက ၆ လကနေ တစ်နှစ်အထိ ကြာတတ်ပါတယ်။
ကုသလို့ ပျောက်ကင်း၊ မကင်းဆိုတာကို သိဖို့အတွက် ကုထုံးပြီးလို့ ၆ လအထိ စောင့်ရပါတယ်။ ကုထုံးရပ်ပြီးနောက် ၆ လကျော်အထိ ဗိုင်းရပ်စ်ပိုး မတွေ့ဘူးဆိုရင် ကုသလို့ ပျောက်ကင်းတယ်လို့ သတ်မှတ်ပါတယ်။ ဒီလူတွေကို ထပ်ပြီးတော့ စစ်ကြည့်တဲ့အခါမှာ နောက် ၁၀ နှစ်ကျော်အထိ ဗိုင်းရပ်စ်ပိုး မတွေ့ရတော့ပါဘူး။
အသည်းရောင်အသားဝါ C ရှိပြီးနောက် ပြင်းထန်တဲ့ နောက်ဆက်တွဲ အသည်းဆိုးကျိုးတွေ မခံစားရဖို့အတွက် အရက် မသောက်ခြင်း၊ အသည်းရောင်အသားဝါ A, B၊ အဆုတ်ရောင်ရောဂါ၊ တုပ်ကွေးနှင့် အခြားရောဂါ ကာကွယ်ဆေးထိုးခြင်း စတဲ့ ကာကွယ်နည်းတွေကို လိုက်နာဖို့ လိုပါတယ်။ ဆေးဆိုင်က အလွယ်တကူရနိုင်တဲ့ ဆေးအချို့က အသည်းကို ထိခိုက်စေနိုင်လို့ ဒီဆေးတွေ မသောက်ခင်မှာ ဆရာဝန်ကို သေချာမေးဖို့လည်း လိုပါတယ်။ ဆေးရွက်ကြီး မသုံးပါနဲ့။ ကိုယ်အလေးချိန် များနေရင် ဝိတ်ချဖို့ ကြိုးစားပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























