/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အသည်းရောင်-အသားဝါ-b-ပိုး-ရှိသူတွေ-သိထားသင့်သောအချက်များ

အသည်းရောင် အသားဝါ B ပိုး ရှိသူတွေ သိထားသင့်သောအချက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.       ပုံမှန်စစ်ဆေးပါ။ အသည်းရောင် အသားဝါ B ပိုး ရှိသူတွေမှာ ပိုးကောင်ရေ များရင် (သို့) အသည်း ပျက်စီးတဲ့လက္ခဏာတွေ ပေါ်လာရင် တစ်နှစ်တစ်ကြိမ် (သို့) ဒီထက်ပိုပြီး စစ်ဆေးဖို့ အရေးကြီးပါတယ်။ ရောဂါကုသနိုင်တဲ့ဆေး မရှိသေးပေမယ့် ရောဂါကို ထိန်းထားနိုင်တဲ့ကုထုံးတွေ ရှိပါတယ်။

2.       ဗိုင်းရပ်စ်ပိုးထိန်းဆေး သောက်ဖို့ မမေ့ပါနဲ့။ နေ့တိုင်း ဆေးသောက်နေရတော့ မေ့တာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဆေး တစ်နေ့မသောက်တာနဲ့ ဆေးရဲ့အာနိသင် လျော့သွားပြီး နောက်ပိုင်းမှာ ဆေးယဉ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် ဆေးပုံမှန်သောက်ပြီး ဗိုင်းရပ်စ်ပိုးကို စစ်လို့မတွေ့နိုင်တော့တဲ့အထိ ထိန်းထားပါ။

3.       ဗိုင်းရပ်စ်ပိုးထိန်းဆေးတွေက ရေရှည်သောက်ရမှာ ဖြစ်တဲ့အတွက် ရှောင်လွှဲမနေဘဲ ရင်ဆိုင်လိုက်ပါ။ ရောဂါကို လုံးဝပျောက်ကင်းအောင် ကုသနိုင်တဲ့ကုထုံး မပေါ်သေးမချင်း tenofovir, entecavir စတဲ့ ဗိုင်းရပ်စ်ပိုးထိန်းဆေးတွေက ပိုးကောင်ပမာဏ ကျဖို့ကော၊ အသည်းပျက်စီးတာကို ကာကွယ်ဖို့ကောအတွက် အကောင်းဆုံး ကုထုံးတွေပါပဲ။ ဒီဆေးတွေက စသောက်ပြီဆိုရင် အကြာကြီး ပုံမှန်မပျက်မကွက် သောက်နိုင်ဖို့ တာဝန်ယူရပါမယ်။

4.       အသည်းကင်ဆာကို ပုံမှန်စစ်ဆေးပါ။ အသည်းကင်ဆာ ရှိ၊ မရှိ စောစောသိနိုင်ဖို့အတွက် ဆေးစစ်ခြင်း၊ တီဗွီဓာတ်မှန်ရိုက်ခြင်းများကို ဆရာဝန်နဲ့တိုင်ပင်ပြီး ပုံမှန်စစ်ဆေးမှုပြုပါ။ ဘီပိုး ကူးစက်ခံရတဲ့ အသက် 40 ကျော် အာရှအမျိုးသားတွေ၊ အသက် 50 ကျော် အာရှအမျိုးသမီးတွေ၊ မိသားစုထဲမှာ အသည်းကင်ဆာ ရှိဖူးသူတွေ၊ အသည်းခြောက်ရောဂါ ရှိသူတွေ၊ အသက် 20 အထက် အာဖရိကသားတွေအားလုံး အသည်းကင်ဆာကို ပုံမှန်စစ်ဆေးသင့်ပါတယ်။

5.       ကိုယ်ဝန်ဆောင်တွေမှာ B ပိုးရှိပါက ပိုးကောင်ရေစစ်ပြီး ဆေးသောက်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ ကိုယ်ဝန်ဆောင်တွေမှာ ပိုးကောင်ရေ (HBV DNA) 1 ml မှာ တစ်သိန်း (သို့) 200,000 IU/ml ထက် များပါက ကိုယ်ဝန် 28 ပတ်မှစပြီး tenofovir (သို့) telbivudinစတဲ့ ပိုးထိန်းဆေးသောက်ဖို့ လိုပါတယ်။ ဒီဆေးတွေက မိခင်ကော၊ ကလေးကောအတွက် အန္တရာယ် မရှိပါဘူး။ အမေကို ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးတိုက်ထားတာနဲ့ ကလေးမွေးမွေးချင်းမှာ ဘီပိုးကာကွယ်ဆေး တစ်ကြိမ်နဲ့ မွေးပြီး 13 နာရီအတွင်းမှာ ဘီပဋိပစ္စည်း (HBIG) ထိုးပေးခြင်းအားဖြင့် ကလေးကို B ပိုးကူးနိုင်ခြေကို သုညအထိ လျှော့ချပေးနိုင်ပါတယ်။

6.       B ပိုး ရှိတဲ့အတွက် ခွဲခြားနှိမ့်ချခြင်းတွေ မရှိအောင် တိုက်ဖျက်ပါ။ ကိုယ့်အခွင့်အရေးကို ကိုယ်သိအောင် လုပ်ပါ။ ဘီပိုးရှိတဲ့အတွက် အလုပ်လုပ်ရာမှာ၊ ပညာသင်ရာမှာ အခက်အခဲ အတားအဆီး လုံးဝမရှိသင့်ပါဘူး။

7.       အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံနည်းတွေကို ကျင့်သုံးပါ။ သုံးပြီးသား ဆေးထိုးအပ်တွေကို ဘယ်တော့မှ ပြန်မသုံးပါနဲ့။ ကိုယ်ကနေပြီး ဘီပိုးတစ်ဆင့် ထပ်ပြီးမပျံ့နှံ့စေဖို့အတွက် ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေကို ကာကွယ်ရန် နည်းလမ်းတွေနဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာ သိအောင်ပြောထားပါ။

8.       ကျွမ်းကျင်ပညာရှင်တွေ၊ သုတေသီတွေက ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်မယ့်နည်းလမ်းတွေကို ရှာဖွေနေကြဆဲ ဖြစ်တဲ့အတွက် နောက်ဆုံးပေါ်ဆေးတွေ၊ နည်းပညာတွေ၊ သတင်းတွေနဲ့ အဆက်မပြတ် ပါစေနဲ့။

9.       ကိုယ့်မှာ B ပိုး ရှိတယ်ဆိုတာကို ဖွင့်ပြောဖို့ အားမငယ်ပါနဲ့။ ဖွင့်ပြောပြီး ကိုယ်ချစ်ရတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေ၊ သူငယ်ချင်းတွေကိုလည်း B ပိုး ရှိ၊ မရှိ သွေးစစ်စေပြီး ကာကွယ်ဆေး ထိုးထားခိုင်းပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)