/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အသည်း-ပျက်စီးကြောင်း-ညွှန်ပြနေတဲ့အချက်များ

အသည်း ပျက်စီးကြောင်း ညွှန်ပြနေတဲ့အချက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       အသည်းဆိုတာ ခန္ဓာကိုယ်မှာ အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုပါပဲ။ သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း၊ အစာအာဟာရတွေကို ချေဖျက်ပေးခြင်းစတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးပါတယ်နော်။ အသည်းလေးမကောင်းဘဲ ခန္ဓာကိုယ်က ကောင်းကောင်း မလည်ပတ်နိုင်ပါဘူး။
       အသည်းပျက်စီးမှုဟာ အရမ်းဆိုးလာတဲ့အချိန်အထိကို မသိသာဘဲနေတတ်ပါတယ်။ မျိုးရိုးဗီဇ၊ အဆိပ်အတောက်၊ အရက်အလွန်အကျွံသောက်သုံးခြင်း၊ နာတာရှည် နာမကျန်းဖြစ်ခြင်း စတဲ့ အခြေအနေတွေကြောင့် အသည်းပျက်စီးတတ်ပါတယ်။
       အသည်းပျက်စီးခြင်းရဲ့ ရောဂါလက္ခဏာရပ်တွေကို သိရှိထားရင် ရောဂါကို စောစောသိ၊ စောစောကုသနိုင်တာပေါ့။ ဒါကြောင့် စောင့်ကြည့်သင့်တဲ့ရောဂါလက္ခဏာ ၅ ခုကို ပြောပြပေးပါ့မယ်နော်။

>>    ဗိုက်ကြီးဖောင်းနေခြင်း
        များသောအားဖြင့်တော့ ဗိုက်ကြီးဖောင်းနေတင်းနေရင် ဝနေတာတို့၊ ကိုယ်ဝန်ရှိနေတာတို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ဒါဟာ ရေဖျဉ်းဆွဲလက္ခဏာတစ်ရပ်လည်း ဖြစ်နေနိုင်ပါတယ်။
        အသည်းပျက်စီးတာကြောင့် ဗိုက်ထဲမှာ ရေတွေစုလာတဲ့အခါ ဖြစ်တတ်ပါတယ်။
       များသောအားဖြင့်ဖြစ်‌‌စေတဲ့ အကြောင်းရင်းတွေကတော့ အရက်‌ကြောင့်အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ စတာတွေပါ။
       ဗိုက်ကြီးဖောင်းလာတာအပြင် ခြေထောက်တွေပါ ဖောရောင်လာတတ်ပါတယ်။
       အစားအသောက်ထဲမှာ ဆိုဒီယမ်ဆားဓာတ်ကို လျှော့စားတာ၊ ဆီးဆေးတွေ သောက်တာ၊ ထိုးတာ စသဖြင့် နည်းလမ်းတွေနဲ့ ကုသနိုင်ပါတယ်။ မကုဘဲထားခဲ့ရင် နောက်ဆုံး အသည်းအစားထိုးရသည်အထိ ဖြစ်နိုင်တယ်နော်။

>>    အသားဝါခြင်း
       အသည်းပျက်စီးမှုကို ဖော်ပြတဲ့အထဲမှာ အသားဝါတာက ကြည့်ရအလွယ်ဆုံးလက္ခဏာတစ်ရပ်ပါ။ အသားအရောင်နဲ့ မျက်ဖြူသားတွေ ဝါနေတတ်ပါတယ်။
       သွေးနီဥကနေ ပြိုကွဲထွက်လာတဲ့ ဘီလီရူဘင်ဓာတ်‌တွေကို အသည်းက ကောင်းကောင်း မဖယ်ရှားနိုင်တာကြောင့် ဖြစ်တတ်ပါတယ်။ အသားဝါတာကို ကုသဖို့ဆိုရင် ဖြစ်စေတဲ့အသည်းရောဂါကို ရှာကုဖို့လိုတာပေါ့။

>>    ညာဘက်ဗိုက်အပေါ်ပိုင်းက နာခြင်း၊ အောင့်ခြင်း
       ဒီလိုနာတာ၊ အောင့်တာဟာ အသည်းရောင်နေလို့ ဖြစ်တတ်ပါတယ်။ ဗိုင်းရပ်စ်အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ ရေဖျဉ်းဆွဲခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
       တစ်ခါတလေ အကိုက်အခဲပျောက်ဆေး သောက်တာက ခဏတစ်ဖြုတ် သက်သာစေနိုင်ပါတယ်။ဒါပေမဲ့ ဒီဆေးတွေက တကယ်ရောင်ရမ်းစေတဲ့ အကြောင်းရင်းကိုတော့ ပျောက်ကင်းစေနိုင်မှာ မဟုတ်ဘူးနော်။
       ဒါ့အပြင် တချို့ဆေးတွေကိုယ်နှိုက်ကိုက အသည်းရောင်စေတဲ့ အကြောင်းရင်း ဖြစ်နေတတ်ပါတယ်။

>>    ဆီးအရောင်၊ ဝမ်းအရောင် ပြောင်းလဲခြင်း
       ကိုယ် စားတာ၊ သောက်တာပေါ် မူတည်ပြီးတော့ ဆီးအရောင်၊ ဝမ်းအရောင် ပြောင်းလဲတတ်ပါတယ်။
       ဒါပေမဲ့ ဆီးအရောင်က ရင့်လာပြီး ဝမ်းက ဖြူရော်ရော်ဖြစ်လာရင် အသည်းရောဂါ ဖြစ်နေနိုင်ပါတယ်။
       အသည်းရဲ့ အဓိကလုပ်ငန်းဆောင်တာတစ်ခုက ဘီလီရူဘင်အဝါဓာတ်တွေကို ဖြိုခွဲပြီး ဝမ်းထဲကနေ စွန့်ပစ်ပေးပါတယ်။ ဝမ်းအရောင် ညိုနေတယ်ဆိုတာ စွန့်ပစ်လိုက်တဲ့ ဘီလီရူဘင်ဓာတ်တွေကြောင့်ပေါ့။
       ဘီလီရူဘင်ကို အသည်းက မဖြိုခွဲနိုင်တဲ့အခါ ကျောက်ကပ်ကနေတစ်ဆင့် ဆီးအဖြစ် စွန့်ပစ်ပါတယ်။ ဒါကြောင့်မို့ ဆီးက ရင့်လာပြီး ဝမ်းက ဖျော့သွားရတာပေါ့။

>>    နာတာရှည် နုံးနေခြင်း
       အသည်းပျက်စီးခြင်းရဲ့ အဖြစ်တတ်ဆုံးလက္ခဏာတစ်ခုက တောက်လျှောက်ကြီးကို နုံးပြီး ကြွက်သားတွေ အားနည်းနေတာပါပဲ။ အသည်းပျက်စီးမှု အဆင့်မြင့်နေပြီဆိုတာကိုလည်း ဖော်ပြနေပါသေးတယ်။
       အသည်းရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေထဲမှာ အချိုဓာတ် သိုလှောင်မှုနဲ့ ဖျက်ဆီးမှုတို့ ပါပါတယ်။

       အသည်းလေး ပျက်စီးတဲ့အခါ ခန္ဓာကိုယ် စွမ်းအင်လိုအပ်မှုကို ကိုက်ညီအောင် ဂလုကိုစ့်ကို မထုတ်လုပ်ပေးနိုင်ပါဘူး။
       ဒါကြောင့် အသည်းပျက်စီးနေတဲ့ လူနာတစ်ယောက်ဟာ နာတာရှည် နုံးချိနေတာ၊ အရမ်းဆိုးလာရင် ကြောင်တောင်တောင် ဖြစ်လာတာ၊ သတိမေ့တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။
       အသည်းပျက်စီးမှုရဲ့ လက္ခဏာရပ်တွေ အများကြီးရှိပါတယ်။ ဒီလက္ခဏာတွေကို စောစောသိ၊ စောစောကုသနိုင်ခဲ့ရင် အခြေအနေကောင်းတာပေါ့။
       ဒါကြောင့် အပေါ်မှာ ဖော်ပြထားတဲ့လက္ခဏာရပ်တွေကို ခံစားလာရပြီဆိုရင် ဆရာဝန်နဲ့ ပြေးပြဖို့တော့ လိုမယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)