အသန်မာဆုံးကြွက်သားများ
1. မျက်လုံးကြွက်သားများ
မျက်လုံးရဲ့တည်နေရာကို ထိန်းညှိပေးဖို့အတွက် မျက်လုံးကြွက်သားတွေက လိုက်လျောညီထွေမှု ရှိတဲ့ ရွေ့လျားမှုတွေပြုလုပ်ရပါတယ်။ ခန္ဓာကိုယ်က လှုပ်ရှားမှုတွေပြုလုပ်တဲ့အခါမှာ မျက်လုံးရဲ့တည်နေရာ တသတ်မတ်တည်းဖြစ်နေစေရန်အတွက် မျက်လုံးတွင်းရှိ ဘေးဘက်ကြွက်သားတွေက ထိန်းညှိပေးပါတယ်။ တစ်နာရီကြာအောင် စာဖတ်ပြီးချိန်မှာ မျက်လုံးက လှုပ်ရှားမှုပေါင်းတစ်သောင်းခန့်ပြုလုပ်ရတာကြောင့် မျက်လုံးကြွက်သား ညောင်းညာမှုတွေဖြစ်လာပါတယ်။
2. တင်ပါးဆုံ ကြွက်သား
ဒီကြွက်သားဟာ လူ့ခန္ဓာကိုယ်မှာ အကြီးဆုံးကြွက်သားဖြစ်ပြီး အင်အားကြီးမားတာကြောင့် ခန္ဓာကိုယ်ကို မတ်လျက်အနေအထားမှာရှိစေရန် ထိန်းမတ်ပေးပါတယ်။ လှေကားတက်ရာမှာ ကူညီပေးတဲ့၊ ကမ်ဘာဆွဲငင်အားကို တွန်းကန်နိုင်တဲ့အဓိက ကြွက်သားလည်းဖြစ်ပါတယ်။
3. နှလုံးကြွက်သား
အလုပ်ပြင်းပြင်းထန်ထန်အလုပ်ရဆုံးကြွက်သားကို ပြပါဆိုလျှင် နှလုံးကြွက်သားကို ညွှန်ပြရမှာဖြစ်ပါ တယ်။ နှလုံးတစ်ကြိမ်ခုန်တိုင်းမှာ သွေး 2 အောင်စကို ညှစ်ထုတ်ပေးပြီး တနေ့လျှင် အနည်းဆုံးသွေးဂါလံပေါင်း 2500 ကို ညှစ်ထုတ်ပေးပါတယ်။ လူသက်တမ်းတလျှောက်လုံးမှာ နှလုံးသားက အကြိမ်ပေါင်း 3 ဘီလီယံကျော် ခုန်နိုင်ပါတယ်။
4. ပါးချိတ် ကြွက်သား
မျက်နှာရဲ့ ဘေး 2 ဘက်မှာရှိတဲ့ အစာဝါးရာမှာအဓိကအသုံးပြုတဲ့ ကြွက်သားဖြစ်ပါတယ်။ လူတယောက်ရဲ့ ကြိတ်ဝါးနိုင်တဲ့အင်အားက 55 ပေါင်မှ 200 ပေါင်အတွင်းမှာရှိတာကြောင့် သန်မာတဲ့ကြွက်သားလို့ဆိုရမှာပါ။
5. သားအိမ်ကြွက်သား
သားအိမ်ကြွက်သားတွေက ကိုယ်၀န်ဆောင်မိခင်တွေမီးဖွားချိန်မှာ မွေးလမ်းကြောင်းမှတဆင့် ကလေးငယ်ကို အပြင်သို့ရောက်ရှိစေရန် လုပ်ဆောင်ပေးပါတယ်။
6. ခြေသလုံးကြွက်သား
လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ကခုန်ခြင်းအတွက် အရေးပါသောကြွက်သားဖြစ်ပြီး အလွန်အားသန်တဲ့ကြွက်သားအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ်ဘာမြေရဲ့ဆွဲငင်အားကိုဆန့်ကျင်ပြီး ခန္ဓာကိုယ်တည့်မတ်အောင် ထိန်းထားပေးရတာကြောင့်ဖြစ်ပါတယ်။
7. လျှာ
လျှာဟာခန္ဓာကိုယ်အတွက် ကြံ့ခိုင်တဲ့လုပ်သားတစ်ဦးဖြစ်ပါတယ်။ ၎င်းကိုကြွက်သားပေါင်းများစွာနဲ့ ဖွဲ့စည်းထားပြီး နှလုံးကဲ့သို့ပင် တချိန်လုံးအလုပ်လုပ်နေတဲ့ကြွက်သားဖြစ်ပါတယ်။ ဝါးခြင်း၊ မျိုချခြင်းအတွက် အထောက်အကူပြုပေးပြီး တွန့်ခေါက်ခြင်းဖြင့်လည်း စကားသံများထွက်ရန် ကူညီပေးပါတယ်။ လျှာရင်းရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာရှိတဲ့ အာသီးတွေက ခန္ဓာကိုယ်ပြင်ပက ရောဂါပိုးတွေ၀င်ရောက်လာနိုင်ခြေကို စစ်ထုတ်ပေးပါတယ်။ လူတွေအိပ်နေချိန်မှာတောင် လျှာရဲ့လုပ်ဆောင်မှုတွေက ရပ်တန့်မသွားပါဘူး။ အာခံတွင်းမှ တံတွေးတွေ စီးမကျလာစေရန် လည်ချောင်းတလျှောက် တွန်းပို့ပေးတဲ့အလုပ်ကို လုပ်ဆောင်ပေးပါတယ်။
Dr. Htet Htet Aung





























