အသားတွေ ဖြူလာလား?
ဦးညီ ... အသားတွေ ဖြူလာပါလား?
နှုတ်ဆက်သွားတဲ့ မိတ်ဆွေကို ဦးညီ ပြန်သာ ပြုံးပြလိုက်ပါတယ်။
အခုတလော ဗိုက်ပူပူနဲ့ အသားဖြူလာတာကို သူလည်း သတိထားမိတယ်လေ။
နည်းနည်းလေး မောလာတာကတော့ အရက်ကြောင့် ဖြစ်မှာပါ။
ဒါပေမဲ့ မူးလဲပြီး ဆေးရုံရောက်တဲ့အခါမှာတော့ သူ့ရဲ့ သွေးအားနည်းရောဂါကို ဆရာ၀န်တွေတောင် အံ့အားသင့်ခဲ့ရပါတယ်။ သူ သွေး ၃ လုံး သွင်းခဲ့ရပြီး စမ်းသပ်စစ်ဆေးမှု များစွာအပြီးမှာတော့ သူ့မှာ အစာအိမ်အနာကြောင့် နာတာရှည် သွေးထွက်နေကြောင်း သိခဲ့ရပါတယ်။
>> အစာအိမ်နဲ့ အူလမ်းကြောင်း နာတာရှည် သွေးထွက်ခြင်း
ခေါင်းစဉ်ကြီးကြည့်ပြီး လန့်သွားကြလား?
နာတာရှည်သွေးထွက်တယ်ဆိုတာ မျှင်းမျှင်းမျှင်းမျှင်းနဲ့ အချိန်အကြာကြီး ထွက်တာ၊ ဒါမှမဟုတ်ရင်လည်း ခဏခဏ ထွက်လိုက်၊ ရပ်လိုက် ဖြစ်နေတာတွေ ဖြစ်နိုင်ပါတယ်။
သူ့ရဲ့လက္ခဏာတွေကတော့ သွေးထွက်တဲ့နေရာတွေပေါ် မူတည်နေတယ်။ ရုတ်တရက် အစာအိမ် သွေးထွက်တာလောက်လည်း မသိသာဘူး။
အထူးသဖြင့် သွေးအားနည်းတဲ့လက္ခဏာတွေ ဖြစ်တဲ့ -
● နုံးချိနေတာ
● အားနည်းနေတာ
● ခေါင်းမူးတာ
● ဖြူဖျော့နေတာ
● အသက်ရှူကြပ်တာ
● ရင်တုန်တာ
● ရင်ဘတ်အောင့်တာ
● ခြေတွေလက်တွေ အေးစက်တာ
● ခေါင်းကိုက်တာတွေနဲ့ လာတတ်ပါတယ်။
ဒီလိုလက္ခဏာတွေ တွေ့ရင် ဆရာဝန်နဲ ပြကြည့်ပါ။ ဆရာဝန်က သွေးအား နည်း၊ မနည်း သွေးစစ်ကြည့်တာ၊ အူလမ်းကြောင်း မှန်ပြောင်းကြည့်တာ၊ အစာအိမ်လမ်းကြောင်း မှန်ပြောင်းကြည့်တာတွေ လုပ်ပြီးတော့ ဘယ်နေရာက သွေးထွက်နေလဲ ကြည့်တာတွေ လုပ်လိမ့်မယ်။
>> ဖြစ်တတ်တဲ့ အကြောင်းရင်းတွေကတော့ -
● အစာပြွန်မှာဆိုရင်
○ အစာပြွန် ရောင်ခြင်း : အစာအိမ်ထဲက အက်ဆစ်တွေ ပြန်ဆန်တက်လာလု့ိ ဖြစ်တတ်တယ်။
○ အစာပြွန် သွေးကြောဖောင်းခြင်း : အစာပြွန်အောက်ပိုင်းမှာ ရှိတတ်တယ်။
○ အစာပြွန်ပြဲခြင်း : အရမး်အန်တာ၊ ချောင်းဆိုးတာတွေကြောင့် ဖြစ်တတ်တယ်။
○ အစာပြွန်အနာ
○ အစာပြွန်ကင်ဆာ
● အစာအိမ်မှာဆိုရင်
○ အစာအိမ်အနာ
○ အစာအိမ်ရောင်ခြင်း
○ အစာအိမ်ကင်ဆာ
● အူသိမ်မှာဆိုရင်
○ အူသိမ်အနာ
○ အူရောင်ရမ်းရောဂါ
○ အူကင်ဆာ
● အူမကြီးနဲ့ ဝမ်းအိမ်မှာဆိုရင်
○ လိပ်ခေါင်း : အူအောက်ပိုင်း သွေးထွက်ရတဲ့ အကြောင်းရင်းတွေထဲမှာ အဖြစ်အများဆုံးဖြစ်တယ်။ စအိုမှာ သွေးကြောတွေ ဖောင်းလာပြီး ပေါက်ထွက်လို့ သွေးနီနီရဲရဲတွေ ထွက်တတ်တယ်။
○ အူရောင်ရမ်းခြင်း
○ အူမကြီးကင်ဆာ
>> ဘယ်လိုကုသရမလဲ?
ပထမဆုံးကတော့ သွေးကို အရင်တိတ်အောင် လုပ်ရမယ်။ သွေးတိတ်ဆေး ထိုးတာ၊ သွေးထွက်နေတဲ့နေရာကို ဓာတုပစ္စည်းနဲ့ ပိတ်တာ၊ အပူချောင်းနဲ့ ခဲပစ်လိုက်တာတွ လုပ်လို့ရတယ်။
ပြီးမှ ဖြစ်စေတဲ့အကြောင်းရင်းကို ကုရပါမယ်။ ဘာကြောင့်သွေးထွက်တယ်၊ ခဏတစ်ဖြုတ်လား၊ နာတာရှည်လား ဒါတွေပေါ် မူတည်နေတာပေါ့။ ဥပမာပြောရရင် အက်စပရင်ဆေးကြောင့် ဖြစ်တာဆိုရင် ဆေးဖြတ်လိုက်ပြီး သွေးတိတ်ဆေးတွေ ပေးလိုက်ရုံပဲ။ ကင်ဆာကြောင့်ဖြစ်ရင် ကင်ဆာအကျိတ်ကို ကုရမှာပေါ့။ အစာအိမ်အနာကြောင့်ဖြစ်ရင် ပိုးသေအောင် ပိုးသတ်ဆေးတွေ ပေးဖို့လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























