အသံတိတ်လူသတ်သမားရန်က ဘယ်လိုကာကွယ်မလဲ
လူတစ်ယောက်က ရင်ဘတ်ကို လက်နဲ့ဖိပြီးတော့ လဲကျသွားတယ်ဆိုရင်တော့ ဒါက နှလုံးကြောင့်ပဲဆိုတာ သိသာနေပါတယ်။ ဒါပေမဲ့လည်း ကျွနု်ပ်တို့ သတိမထားမိတဲ့ တခြားလက္ခဏာတွေ ရှိနေပါတယ်။
သုတေသနအသစ်အရဆိုရင် နှလုံးတိုက်ခိုက်ခံရတဲ့ဖြစ်စဉ် တစ်ဝက်နီးပါးလောက်က ဘာလက္ခဏာမှမပြဘဲ ဖြစ်လာပြီးတော့ နှလုံးပျက်စီးနိုင်ချေကိုလည်း များစေပါတယ်။ ဒါကြောင့် နှလုံးတိုက်ခိုက်ခံရခြင်းကို အသံတိတ်လူသတ်သမားလို့ ခေါ်ကြပါတယ်။
ဒီလို နှလုံးတိုက်ခိုက်ခံရခြင်းကို ဒီအတိုင်းမသိနိုင်ဘဲနဲ့ နှလုံးကို အီးစီဂျီ (ECG) ဆွဲကြည့်မှပဲ သိရပါတယ်။ ဒီလိုမျိုး အသံတိတ်နဲ့ ဘယ်လောက်တောင်မှ ဖြစ်နေလဲဆိုတာကို သုတေသီတွေက သွေးကြောအတွင်း အဆီပိတ်နိုင်ချေရှိတဲ့လူတွေထဲက လူပေါင်း ၉၄၉၈ ဦးကို သုတေသနပြုခဲ့ပါတယ်။ ဒီထဲက ၇၀၃ ဦးက ၉ နှစ်အတွင်းမှာ အသံတိတ်ပဲဖြစ်ဖြစ်၊ လက္ခဏာပြတဲ့ နှလုံးတိုက်ခိုက်ခံရခြင်းပဲဖြစ်ဖြစ် ခံစားနေရတာကို တွေ့ရပါတယ်။ အာဖရိကန်-အမေရိကန်လူမျိုးတွေက လူဖြူတွေထက် အသံတိတ် နှလုံးတိုက်ခိုက်ခံရနိုင်ချေ ပိုမြင့်ပြီးတော့ အဖြူတွေကတော့ လက္ခဏာပြတဲ့ နှလုံးတိုက်ခိုက်ခံရခြင်း ပိုဖြစ်များပါတယ်။
နှလုံးတိုက်ခိုက်ခံရခြင်းက အမျိုးသားတွေမှာ ၂ ဆပိုများပေမယ့် နှလုံးတိုက်ခိုက်ခံရခြင်းကြောင့် သေဆုံးမှုကတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုများပါတယ်။
ဒီအသံတိတ် နှလုံးတိုက်ခိုက်ခံရခြင်းက လက္ခဏာမပြပေမယ့်လည်း အသက်ဆုံးရှုံးနိုင်ချေကတော့ ရှိပါတယ်။ ကာကွယ်နည်းကတော့ လက္ခဏာပြတဲ့ နှလုံးတိုက်ခိုက်ခံရခြင်းနဲ့အတူတူပါပဲ၊ သွေးဖိအားနဲ့ သွေးတွင်းကိုလက်စရောဓာတ်ကို ပုံမှန်ပမာဏပဲရှိအောင် ထိန်းထားမယ်၊ ဆေးလိပ်မသောက်ဘူး၊ နှလုံးခုန်မြန်စေတဲ့ လေ့ကျင့်ခန်းတွေ နေ့စဉ်လုပ်မယ်၊ ပြီးရင်တော့ ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ စားသောက်ရပါမယ။်
ဒီလိုမျိုး ကာကွယ်နည်းတွေကို မလိုက်နာတဲ့သူတွေ၊ အထူးသဖြင့်မိသားစုထဲမှာလည်း နှလုံးရောဂါရာဇဝင် ရှိတယ်ဆိုရင်တော့ စောစီးစွာ စစ်ဆေးမှုခံယူရပါမယ်။
နှလုံးတိုက်ခိုက်ခံရပြီးရင်တော့ နှလုံးပျက်စီးခြင်းက လိုက်လာမှာပါ။
နှလုံးတိုက်ခိုက်ခံရတဲ့သူ ၄ ယောက်မှာတစ်ယောက်က နောက်ဆုံးတော့ နှလုံးပျက်စီးတဲ့အထိ ဖြစ်ရပါတယ်။ အချို့သော နှလုံးရောဂါတွေပါ တွဲဖြစ်နေတဲ့သူတွေမှာ နှလုံးပျက်စီးနိုင်ချေ ပိုများပါတယ်။
ဒီလိုအချက်တွေကို သိထားမယ်ဆိုရင် ကိုယ့်မှာ နှလုံးတိုက်ခိုက်ခံရနိုင်ချေရှိလား ဆိုတာကို ကြိုတင်ခန့်မှန်းလို့ရတဲ့အတွက် စစ်ဆေးမှုတွေခံယူပြီး စောစောစီးစီး ကုသနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























