အအေးမိတုပ်ကွေး သက်သာစေတဲ့ အိမ်တွင်းနည်းလမ်းတစ်ခု
နှာချေ၊ ချောင်းဆိုး၊ တစ်ကိုယ်လုံး ကိုက်ခဲပြီး အအေးမိဖျားနာတဲ့အခါ ဆိုဖာပေါ် စောင်ခြုံကွေးပြီး တီဗီလေးကြည့်တာကလွဲလို့ ခြေလေးလက်လေးတောင် မလှုပ်ချင်ကြဘူးမလား။ ဒီမြင်ကွင်းမှာ အကြမ်းရည်ပူပူလေးတစ်ခွက်ပါ ထည့်လိုက်ပါ။ ငယ်ငယ်က အဘွားလက်ရာ လက်ဖက်ရည်ကြမ်း ပူနွေးနွေးလေးက တကယ်ပဲ နှစ်ပေါင်းများစွာတိုင်အောင် အအေးမိတုပ်ကွေးတွေကို သက်သာစေတဲ့ အိမ်တွင်းနည်းလမ်းလေးတစ်ခု ဖြစ်လို့နေပါတယ်။ ပထမဆုံးအနေနဲ့ အရည်ပူပူက လည်ချောင်းကို ရှင်းသွားစေပြီး ချွဲသလိပ်တွေကို ပျော်ဝင်စေနိုင်ပါတယ်။ ဒီထဲကိုမှ ပျားရည်လေး နည်းနည်းထည့်သောက်မယ်ဆိုရင် ချောင်းဆိုးတောင် ပျောက်စေနိုင်ပါသေးတယ်။ ဒါမှမဟုတ် သံပရာသီးလေးတစ်လုံး ညှစ်ထည့်လိုက်တဲ့အခါ ဗီတာမင်စီဓာတ်ပြည့်ဝပြီး အအေးမိတဲ့အချိန်ကို တိုသွားစေနိုင်ပါတယ်။
အရေးအကြီးဆုံးအချက်ကတော့ အကြမ်းရည်သောက်ခြင်းအားဖြင့် ရေဓာတ်ပြည့်ဝစေနိုင်တာပါပဲ။ ဖျားနာနေတဲ့အချိန်မှာ အရည်ရွှမ်းတဲ့အသီးအရွက်တွေ စားပေးပြီး အရည်တွေ အများကြီး သောက်ပေးဖို့ လိုပါတယ်။ အကြမ်းရည်အပါအဝင် အချိုမပါတဲ့အရည် တစ်နေ့ ၁ဝ ခွက်လောက် သောက်ပေးသင့်ပါတယ်တဲ့။
Dr. Mya Phoo Ngon (www.drmyanmar.com)