/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အအေးမိ၊-ဖျားနာနေချိန်မှာ-ဒီတွေမလုပ်ပါနဲ့

အအေးမိ၊ ဖျားနာနေချိန်မှာ ဒီတွေမလုပ်ပါနဲ့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မနက် အိပ်ရာနိုးလာချိန်မှာ ခေါင်းကကိုက်၊ လည်ချောင်းကနာ၊ ချောင်းကဆိုး ဆိုရင်တော့ အအေးမိပါပြီ။ အအေးမိ ဖျားနာခြင်းဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး အမျိုးပေါင်း 200 ကျော် ရှိတဲ့အတွက် တစ်နှစ်ကို အကြိမ်အနည်းငယ်လောက်တော့ အအေးမိ ဖျားနာခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။ ပျမ်းမျှအားဖြင့် အရွယ်ရောက်ပြီးသူတစ်ယောက်က တစ်နှစ်ကို နှစ်ကြိမ်၊ သုံးကြိမ်လောက် အအေးမိ ဖျားနာနိုင်ပြီး ကလေးတွေကတော့ 8 ကြိမ်နဲ့အထက် ကြုံတွေ့ရနိုင်ပါတယ်။ သေချာဂရုစိုက်ရင် အအေးမိတာက တစ်ပတ်၊ နှစ်ပတ်လောက်သာကြာပြီး မဟုတ်ရင်တော့ ဒီထက်ပိုကြာနိုင်ပါတယ်။ အအေးမိခြင်းနဲ့ တုပ်ကွေးရောဂါကို ရှည်ကြာစေနိုင်တဲ့ တွေ့နေကျအပြုအမူမှားတွေကို ဖော်ပြပေးလိုက်ပါတယ်။

1.      နေမကောင်းတာကို လျစ်လျူရှူထားခြင်း (နေကောင်းချင် ဟန်ဆောင်ခြင်း)

        အအေးမိတဲ့အခါမှာ အိမ်မှာနေပြီး အနားယူတာထက် ပိုအရေးကြီးတဲ့ အလုပ်တွေရှိနေလို့ အအေးမိတာကို လျစ်လျူရှူထားတာတွေက အဖြစ်များပါတယ်။ လူတွေ အများဆုံးလုပ်လေ့ရှိတဲ့ အမှားကတော့ အအေးမိတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ဂရုမစိုက်တာပါပဲ၊ အအေးမိ နေမကောင်းတဲ့အချိန်မှာ အနားမယူဘဲ အလုပ်တွေ လုပ်နေမယ်ဆိုရင် နေပြန်ကောင်းဖို့ အချိန်ပိုကြာပါလိမ့်မယ်။

2.      အအေးမိခြင်းအတွက် ပိုးသတ်ဆေးများ သောက်ခြင်း

          ဘက်တီးရီးယားပိုးကြောင့်ဖြစ်တာဆိုရင် ပိုးသတ်ဆေးသောက်ဖို့ လိုပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတွေကတော့ ပိုးသတ်ဆေးသောက်လို့ မရပါဘူး။ ပိုးသတ်ဆေးကို မလိုအပ်ဘဲ သောက်မယ်ဆိုရင် ဆေးယဉ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဆိုလိုတာကတော့ တကယ်လိုလာလို့ ပိုးသတ်ဆေး သောက်တဲ့အချိန်ကျတော့ ဆေးမတိုးတော့ပါဘူး။ သေချာမှတ်ထားရမှာတော့ အအေးမိပါက ပိုးသတ်ဆေးသောက်ဖို့ မလိုပါဘူး။ ကိုယ်ပူကျဆေး၊ အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး စတဲ့ဆေးတွေ သောက်နိုင်ပါတယ်။

 

3.      အရည်များများ မသောက်ခြင်း

        အအေးမိတဲ့အခါ ဘာမှ မစားချင်၊ မသောက်ချင်ဘဲ ဖြစ်တတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရည်များများ သောက်ပေးဖို့ လိုပါတယ်။ လည်ချောင်းထဲမှာရှိတဲ့ အချွဲနံရံတွေက စိုစွတ်နေတဲ့အခါမှာ ဗိုင်းရပ်စ်ပိုးတွေ ကပ်ငြိနေပြီး နေရာပေးထားပါတယ်။ အရည်သောက်ခြင်းအားဖြင့် ခန္ဓာကိုယ်ထဲကို ဝင်လာတဲ့ ပိုးမွှားတွေကို သန့်စင်စေပါတယ်။

 

4.      ပင်ပန်းနွမ်းနယ်မှုကို လျစ်လျူရှုထားခြင်း

        အအေးမိ၊ တုပ်ကွေးကြောင့် နေထိုင်မကောင်းဖြစ်နေချိန်မှာ ပုံမှန်ထက်ပိုပြီး အိပ်စက်ဖို့ လိုပါတယ်။ အိပ်စက်ခြင်းက ရောဂါပိုးတွေကို ခန္ဓာကိုယ်က တိုက်ထုတ်နိုင်ဖို့ ကူညီပေးပါတယ်။ ဒါကြောင့် မြန်မြန်ပြန်နေကောင်းပြီး အလုပ်တွေ ပြန်လုပ်နိုင်ဖို့အတွက် များများအနားယူဖို့ လိုအပ်ပါတယ်။

5.      ဆေးလိပ်သောက်ခြင်း

        ဆေးလိပ်သောက်ခြင်းက အအေးမိလက္ခဏာ (အထူးသဖြင့် ချောင်းဆိုးခြင်း) ကို ပိုဆိုးစေပါတယ်။ ဆေးလိပ်သောက်ခြင်းက အဆုတ်ကို ထိခိုက်ပျက်စီးစေပါတယ်။ အအေးမိဝေဒနာ ခံစားနေရတဲ့အချိန်မှာ အဆုတ်က အားနည်းပြီး ထိခိုက်နေပါတယ်။ ဒါကြောင့် အအေးမိနေချိန်မှာ ဆေးလိပ်သောက်ခြင်းက အဆုတ်ကို ပိုပြီးဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူခြင်းကလည်း အဆုတ်ကို ထိခိုက်စေန်ိုင်တဲ့အတွက် ဆေးလိပ်သောက်တဲ့သူတွေကိုလည်း ဝေးဝေးက ရှောင်ပါ။

 

6.      စိတ်ဖိစီးမှုများခြင်း

        စိတ်ဖိစီးမှုက ခုခံအားစနစ်ကို အလုပ်တွေ အရမ်းလုပ်ဖို့အတွက် တွန်းအားပေးပါတယ်။ အအေးမိ၊ တုပ်ကွေးဖြစ်တဲ့အချိန်မှာ မြန်မြန်နေပြန်ကောင်းဖို့အတွက် ကိုယ်ခံအားကောင်းနေဖို့ လိုပါတယ်။ စိတ်ဖိစီးမှုများလေလေ နေမကောင်းဖြစ်တာ ပိုပြီးအချိန်ကြာလေလေပါပဲ။ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်ပါ။ စိတ်ဖိစီးမှု ပြေလျော့စေဖို့အတွက် အခြားနည်းလမ်းတွေကိုလည်း လေ့လာသင်ယူပြီး လေ့ကျင့်ပေးပါ။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)