/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အာရုံကြောတွေ-ထိခိုက်နေပြီထင်လား…-ဒါလေးဖတ်ထား

အာရုံကြောတွေ ထိခိုက်နေပြီထင်လား… ဒါလေးဖတ်ထား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

      ခန္ဓာကိုယ်မှာ ခေါင်းဖျားကနေ ခြေအဆုံး လှုပ်ရှားနိုင်အောင် အပူအအေးအထိအတွေ့တွေ ခံစားသိရှိအောင် အာရုံကြောတွေက စွမ်းဆောင်ပေးနေတာပါ။ ဒီလို အစွမ်းထက်တဲ့ သေးကွေးနုနယ်တဲ့ အာရုံကြောတွေ ထိခိုက်နေမှန်း ဘယ်လိုသိမလဲ။

 

• မျက်လုံးပိတ်မရဘူး ပါးဖောင်းလို့မရဘူး သွားရည်တွေကျမယ် ဆိုရင် မျက်နှာအာရုံကြောထိခိုက်နေပါပြီ။ နားတွင်းရောဂါတွေကစပြီး တခြား အလုံးအကျိတ်ရောဂါ ဦးနှောက် အာရုံကြောရောဂါ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်နေနိုင်ပြီး ပျောက်ဖို့ခဲယဉ်းပါတယ်။

 

• လက်တဖက် မမြှောက်နိုင်တဲ့အခါ ခြေတဖက် မလှုပ်နိုင်တဲ့အခါ လမ်းလျှောက်တဲ့အခါ တရွတ်ဆွဲတဲ့အခါ သွေးတိုးကြောင့်ဖြစ်တဲ့ လေဖြတ်တာ လေဖြန်းတာတွေဖြစ်နေနိုင်ပါတယ်။

 

• နေရင်းထိုင်ရင်း လက်တွေတုန်လာတာ အကိုင်မမြဲတာ လွတ်ကျတတ်တာတွေ ရှိမယ်ဆိုရင်တော့ သိုင်းရွိက်အကျိတ်ရောဂါကနေ တခြားအာရုံကြောရောဂါပြင်းပြင်းထန်တာတွေ ဖြစ်နေတတ်ပါတယ်။ 

 

• ခြေဖျားလက်ဖျားတွေ ထုံကျင်တာ ထိလို့ထိမှန်းမသိတာတွေ ရှိခဲ့မယ်ဆိုရင် ပူနေတာ စူးခနဲစူးခနဲ နာတတ်တာ အနာဖြစ်ရင်မနာတာ ထိခိုက်တာမသိတာတွေဟာ ဆီးချိုရောဂါကြောင့် ဖြစ်နိုင်တဲ့ အာရုံကြောထိခိုက်တာတွေ ဖြစ်နေနိုင်ပါတယ်။

 

• လက်တွေမှာ လက်မနဲ့ လက်ညှိုးကြား လက်ဖမိုးပေါ် နေရာလေးမှာ ကွက်ပြီး ထုံနေတာ ပူနေတာ ကျင်နေတာ နာနေတာ တွေရှိတဲ့အခါ အာရုံကြောညှပ်နေတာကို ရည်ညွှန်းပါတယ်။ အရိုးတွေကြားက မြောင်းလေးထဲမှာ အာရုံကြောလေးက ပိနေတတ်တာဖြစ်ပါတယ်။

 

      လက်နဲ့ ခြေတွေ ကိုယ်ခန္ဓာရဲ့ နေရာတခုခုမှာ ကွက်ပြီးထုံနေတာ စူးခနဲနာတတ်တာတွေရှိရင်တော့ အာရုံကြောတနည်းနည်းနဲ့ ထိခိုက်နေတာပါ။ ဆရာဝန်သေချာပြသပြီး အကြောင်းရင်းရှာဖို့လိုပါတယ်။

 

      အာရုံကြောထိခိုက်ပျက်စီးတယ်ဆိုတာ သူအလိုလိုပြန်ကောင်းကျန်းမာလာဖို့ မလွယ်ပါဘူး။ ပိုဆိုးမလာအောင်ပဲ တားလို့ရမှာပါ။ ဒီအတွက် မြန်မြန်ပြသကြဖို့ ရောဂါရှာကြဖို့ အဓိကကျနေပါတယ်။

 

      အာရုံကြောတွေကျန်းမာနေဖို့ အရေးပါတဲ့ ဗီတာမင်တွေက ဗီတာမင် B1, B6, E, A နဲ့ တခြား သတ္တုဓာတ်တွေ ဖြစ်ပြီး အစေ့အဆန်တွေ ငါးနဲ့ အသီးတွေမှာ ပါဝင်နေပါတယ်။ အာရုံကြောပျက်စီးမှုကိုပိုမဆိုးချင်ရင်တော့ အရက်ဖြတ် ဆေးလိပ်ဖြတ်ပြီး မြန်မြန်ရောဂါရှာ ကုသမှုယူကြဖို့ တိုက်တွန်းပါတယ်နော်။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)